https://web.facebook.com/mawlamyinedaily/photos/a.522678887902032/1828622540640987/
မော်လမြိုင်၊ ၂၆ အောက္တိုဘာ ၂၀၂၀
၁။ ဆရာရှင့် မေးချင်တာလေးရှိလို့ပါ အသက်က 28 ပါ ကိုယ်ဝန်က 38 ပတ်ပါ ဒီနေ့ Ultrasound ရိုက်တာ ကလေးက လည်ပင်းအချင်းပတ်နေတယ်လို့ ပြောပါတယ်ဆရာ ခွဲမွေးမှ ရမယ်လို့ပြောပါတယ်ဆရာ ဘာ့ကြောင့် အဲ့လိုဖြစ်ရတာလဲနဲ့ ကလေးတွက် ဘယ်လောက်ထိ စိုးရိမ်ရလဲဆိုတာလေး သိချင်လို့ပါ ဆရာ Ultrasound အဖြေပါ ပို့ပေးလိုက်ပါတယ်ဆရာ ကလေး ဗိုက်ထဲမှာ အသက်ရှုကြပ်နေမှာ အရမ်းစိတ်ပူနေလို့ပါ ဆရာ ဖြစ်နိုင်ရင် အများလည်း သိရအောင် ဆရာ့ page မှာပါ စာလေးတင်ပေးပါနော် ဆရာ ကျေးဇူးတင်ပါတယ် ဆရာ
၂။ အသက် 31 ပါ၊ ကိုယ်ဝန်ပတ် 24 ပတ်ကျော်ပါပြီ မိန်းကလေးလို့သိရပါတယ် အချင်းပတ်နေတယ် မကွာသေးလို့ ပြောလို့ပါဆရာ စိုးရိမ်ရလားလို့
၃။ ဆရာရှင့် ကျွန်မကိုယ်ဝန် ၃၈ ပတ်ထဲမှာပါ။ အသက် ၂၉ နှစ်ပါ။ ကလေးမွေးတဲ့ တချို့မေမေတွေက ကလေးအချင်းပတ်လို့ ခွဲမွေးရတယ်ဆိုပြီး facebook မှာ တင်ကြလို့ပါ။ ကလေး အချင်းပတ်တာ ဘယ်လိုသိရတာလဲရှင့်။ ကျွန်မက ရိုးရိုးမွေးမှာမို့ စိုးရိမ်လို့ပါ။ မွေးခါနီး ultrasound ထပ်ရိုက်ရမှာလား og က ultrasound ထပ်ရိုက်ဖို့ ဘာမှမပြောပါဘူး။ ပြီးတော့ ကျွန်မ ကိုယ်ဝန် ၅ လမှာ ultrasound ရိုက်တော့ အချင်းက posterior low လို့ပြောပါတယ်။ ၇ လမှာ ထပ်ရိုက်တော့ အချင်းက posterior os လို့ပြောပါတယ်။ နောက် ၈ လမှာထပ်ရိုက်တော့ posterior high လို့ရေးထားပါတယ်ဆရာ။ အချင်းက ultrasound တခါရိုက်တိုင်းတခါပြောင်းနေပါတယ်။ ခုမွေးခါနီးတော့ အချင်းပတ်မှာစိုးရိမ်ပါတယ်။ ကျွန်မ ရိုးရိုးမွေးလို့ ရပါသလားသိချင်ပါတယ်။ ultrasound ကရော ထပ်ရိုက်ရမလားသိချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။
ကိုယ်ဝန်မှာ ချက်ကြိုးက ကလေးကိုပတ်နေတာကို Nuchal cord နဲ့ cord around the neck လို့ခေါ်တယ်။ စိုးရိမ်တာတော့ မဆန်းပါ။ လူမှုရေးကွန်ယက်နဲ့ မီဒီယာကနေ ကိုယ်ဝန်ဆောင်တွေကို အထိန့်တလန့်ဖြစ်အောင် ခြောက်သလို ရေးသားကြတာတော့ မကောင်းပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်နေစိတ်ထားအရးကြီးတယ်။ မေးသူတိုင်းကို စိတ်ကိုအပြုသဘောဆောင်ဘို့ တတ်နိုင်သလောက်ရေးပါတယ်။ ကိုယ်ဝန်ဆောင်နေသူတွေ မူမှန်ကိုယ်ဝန်တွေအကြောင်း မဖတ်သင့်ကြပါ။ နားမထောင်သင့်ကြပါ။ သွားမပြောသင့်ကြပါ။
ကလေး ၃ ယောက်မွေးရင် ၁ ယောက်ကအဲလို အချင်းက ကလေးကိုပတ်နေတယ်။ ယူအက်စ်အေနဲ့ သြစတေးလျမှာ ဗိုက်ခွဲမွေးတဲ့ကိုယ်ဝန်တွေမှာ အဲလိုကိန်းဂဏန်းရှိပါတယ်။ တွေ့တာများလို့ ဆရာဝန်ဆရာမတွေက ထူးပြောမနေတော့ပါ။ ကလေးကိုလည်း ရိုးရိုးမွေးလမ်းကနေ ရိုးရိုးမွေးနိုင်ပါတယ်။ အရေးပေါ်လုပ်ပေးရတယ်ဆိုတာ ရှားပါတယ်။
ချက်ကြိုးဟာ ၁၉ ကနေ ၁၃၃ စင်တီမီတာရှည်တယ်။ မတူကြပါ။ ပျမ်းမျှ ၅ဝ-၆ဝ စင်တီမီတာ။ ချက်ကြိုးရှည်ရင် ကလေးကိုပတ်နေတာအဖြစ်များတယ်။ တချို့မှာ တထုံးမကထုံးပတ်နေတယ်။ ချက်ကြိုးရှည်တာနဲ့ ကလေး လှှုပ်ရှားမှုများတာကနေ ဖြစ်စေနိုင်တယ်။ ချက်ကြိုးကိုကိုင်ကြည့်ရင် ချောနေတယ်။ Wharton’s jelly ဂျယ်လီလို့ ခေါ်တယ်။ အဲဒီသဘောကြောင့် တော်တော့ ပတ်မိနေတာကနေ အထုံးမဖြစ်စေပါ။
ချက်ကြိုးကလေးကိုပတ်နေလို့ သွေးမလျှောက်နိုင်မှသာ ဒုက္ခပေးတယ်။ ကလေးလည်ပင်းကို တင်းကြပ်နေရုံနဲ့တော့ မစိုးရိမ်ရပါ။ ကလေးက မမွေးမချင်းအသက်မရှူသေးပါ။ ကလေးခေါင်းထွက်တာနဲ့ ကလေးလည်ပင်းကို လက်ချောင်းနဲ့ စမ်းရတယ်။ လည်ပင်းကိုပတ်နေတာတွေရင် ဖြစ်နိုင်သလို ဖြေပေးရမယ်။ ရတာများတယ်။ မရလွန်းရင်တော့ ကပ်ကြေးသုံးရမယ်။
ဒေလီမြို့မှာနေစဉ်က ယမုန်နာဆေးခန်းလေးမှာ ရှိတဲ့ပစ္စည်းကိရိယာ၊ ရတဲ့လူအင်အားနဲ့ ကလေးပေါင်း ၃၄၉ ယောက်ကို ရိုးရိုးလမ်းကနေမွေးပေးခဲ့တယ်။ ချက်ကြိုးလည်ပင်းပတ်နေတဲ့ကိုယ်ဝန်စာရင်းမထားနိုင်ပါ။ တွေ့ရတာမနည်းလို့နဲ့ ကလေးလည်း အကောင်းမွေးနိုင်လို့ပါ။ ကျွန်တော့်ဒုက္ခသည်ဆရာမလေးတွေက ကောင်းကောင်းမွေးပေးနိုင်ကြတယ်။ မွေးမွေးချင်း ပြာနှမ်းနေတဲ့ကလေးဆိုတာ ချက်ကြိုးပတ်နေလို့ဖြစ်ရတာမဟုတ်ပါ။ တခြားအကြောင်းတွေကြောင့်သာ ဖြစ်ပါတယ်။
ကျန်းမာရေးပညာပေးကို လူမှုရေးတွေ နိုင်ငံရေးတွေမှာလို ဖတ်တဲ့သူ မျက်လုံးပြူးသွားအောင်ရေးသားတာ၊ ပူစရာမလိုတော့ပါ၊ တခါတည်း ယူပြစ်လိုက်သလို ပျောက်စေမယ်ဆိုတာတွေ မရေးသင့်ကြပါ။ အဲတာတွေအားလုံးက မမှန်ကြပါ။ ချက်ကြိုးလိမ်နေပါစေ ပါးစပ်က လိမ်မပြောသင့်ကြပါ။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)