မော်လမြိုင်၊ ၂၀ အောက္တိုဘာ ၂၀၂၀
(ကန်တော့)
သားအိမ်ခြစ်ပြီး ၃ လပြည့်ရင် ကလေးယူလို့ရပါလားဆရာ။ ကျွန်မရဲ့သားဦးကိုယ်ဝန် ၂ လနဲ့ပျက်သွားပါတယ်ဆရာ။ သားအိမ်ခြစ်ထားလို့ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ရင် အရင်လို ပျက်ကျ နိုင်ပါသလား။ ဆောင်ရန်ရှောင်ရန် ပြောပြပေးပါဆရာ။
ကိုယ်ဝန် ထပ်ဆောင်လို့ရပါပြီ။ တခါပျက်ဘူးသူ နောက် ပျက်အုံးမလားဆိုတာ တဦးချင်းအတွက် ပြောရတယ်။ ပျက်တုန်းက ဘာလို့ပျက်သလဲ အပေါ်မှာလဲ မူတည်တယ်။ တခါပျက်တိုင်းတော့ ထပ်ထပ် မပျက်ကြပါ။
ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ%၊ ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာတဲ့ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲ ပြောမရဘူး။
Miscarriage ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာ မဟုတ်ဘဲ သူ့အလိုလို ပျက်စေတဲ့ အကြောင်းတွေထဲမှာ မတော်ဆဖြစ်တာနဲ့ သဘာဝ အကြောင်းတရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။ အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခု အဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်း သိသိသာသာ နည်းလာပြီ။
ထိခိုက်မှုဆိုတာ မတော်တဆ ထိခိုက်မှု (အားကစား သာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာ ထိခိုက်မှု နဲ့ စိတ်ဖိအားတွေ ဖြစ်တယ်။
ကိုယ်ဝန်ပျက်စေတဲ့အကြောင်းရင်းတွေ များတယ်။ စာရင်းချရင် ၃၂ မျိုးရှိတယ်။• အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊• ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊• ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊• ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုး နဲ့• တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။
အဲဒီရောဂါနဲ့ အခြေအနေတွေထဲက• Amniocentesis လုပ်နည်း၊• Anticardiolipin syndrome ရောဂါ၊• Carboprost tromethamine ရောဂါ၊• Cervical incompetence သားအိမ်ဝမလုံခြင်း၊• Chronic villus sampling လုပ်တာ၊• Cone biopsy of cervix လုပ်တာ၊• Endometrosis သားအိမ်ရောဂါ၊• Gemeprost သွေးဆင်းရပ်ဆေး၊• Listeria monocytogenes ရောဂါ၊• Paroxysmal nocturnal hemoglobinuria ရောဂါ၊• Paroxyvirus B19 infection ရောဂါ၊• Rubella ဂျာမန်-ဝက်သက် ရောဂါ• Sickle cell disease သွေးရောဂါ၊• Systemic lupus erythematosus ရောဂါ နဲ့• Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာ ကိုယ်ဝန် တခါမက ပျက်နိုင်ပါတယ်။
ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီး သောက်တာ၊ ရောဂါပိုးဝင်တာ၊ သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်တာ၊ ဆေးလိပ်သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက်တာနဲ့ သူ့အလိုလို ပျက်ကျတာတွေ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)