မော်လမြိုင်၊ ၁၄ အောက္တိုဘာ ၂၀၂၀
၁။ ဆရာရှင့် ကျမသမီးလေး အသက်က ၃နှစ်နဲ့ ၁၀ လပါ။ ညတိုင်းသွားနာ သွားကိုက်ပါတယ်ရှင်။ ဆေးခန်းသွားလည်း ပြန်လာတာနဲ့ သွားနာလို့ငိုနေပါတယ်။ သွားပေါက်ဖာဖို့လည်း မရဘူးပြောပါတယ်ဆရာ။ သွားကိုနုတ်ပစ်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမှာလဲ သိချင်ပါတယ်ရှင်။ သွားကိုက်သက်သာတဲ့နည်းလမ်းလေးလည်းသိပါရစေရှင်။ ခုတော့ အစာစားပြီးတိုင်း သွားတိုက် ပါးလုတ်ကျင်းပါတယ်။ ဒါပေမယ့်လည်းညတိုင်းကို သွားနာပြီးငိုနေတော့ စိတ်မကောင်းဖြစ်ရပါတယ်ရှင်။ တလလောက်တော့ကြာပါပြီရှင့်။
၂။ ဆရာရှင့် သွားနာပြီး ကျင်နေရင် ဘာလုပ်ရမလဲရှင့်။ ထမင်းကို မဝါးနိုင်လို့ပါရှင့်။ (သူက ကိုယ်ဝန်ဆောင်၊ အသက်တော့ မသိ။)
၃။ ဆရာ သွားကိုက်ပျောက်ဆေးလေးညွှန်းပေးပါဦး။ သူငယ်ချင်းတယောက်သွားကိုက်နေလို့ပါဆရာ။ မိန်းကလေး ဖြစ်ပါတယ်။ အသက်၂၇ နှစ်ပါ ဆရာ။ (အသက်ကို နောက်ဆုံးမှရေးတာတိုင်းကို ၂ ခါပြန်ဖတ်ရတယ်။)
၄။ ဆရာရှင့် ကျွန်မ အသက် ၃၂ ပါ။ ကိုယ်ဝန် ၃ လရှိပါပြီရှင်။ ကျွန်မသွားကိုက်လို့ ဆေးခန်းသွားတာ သွားအပေါက်ဖြစ်လို့ ကိုက်တာဆိုပြီး ဖာပေးလိုက်ပါတယ်။ နောက်နေ့ကျပြန်ကိုက်ပါတယ် ခုထိမသက်သာပါဘူးရှင်။ ကိုယ်ဝန်နဲ့ဆိုင်ပါသလား ဆရာ။
၅။ အသက် ၃၂ ပါ။ ကိုယ်ဝန် ၆ လပြည့်ပြီးပါပြီ။ သွားကိုက်နေလို့ဘာလုပ်ရမလဲရှင့်။ သွားဖာသွားနှုတ်တာ လုပ်လို့ ရလားသိချင်လို့ပါရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။
၆။ မင်္ဂလာပါဆရာ။ သမီးအသက်က ၂၄နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ သမီး သွားပေါက်တာ အရမ်းခံစားရလို့ပါဆရာ။ သွားက ညာဘက်အပေါ်နောက်ဆုံးက ပေါက်တာပါဆရာ။ ပါးစပ်လည်း မဟနိုင် ထမင်းလည်းမစားနိူင် ဖြစ်နေပါတယ်။ ပါးလည်း ယောင်နေပါရှင့်။ အဲ့ဒါ ဘာဆေးစားရမလဲ လမ်းညွှန်ပေးပါဆရာ။ သမီးကို စာပြန်ပေးပါဆရာ။
Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွားဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းကအသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလဲ သွားကိုက်မယ်။သွားမှာ မဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။
Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့ မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာပါနေတဲ့ သကြားဓါတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီးရီးယားကနေ အက်စစ်ဓါတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓါတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။
သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပျော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပျော့လွှာတရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။
သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖါပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပျော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့ တရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေရောင်လာပြီး ဘေးကို ပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။
Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကို ထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်) ခေါ်တာ ဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။
သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေကို တခါတလေမှာသာလိုပါတယ်။(၁) Erythromycin (အရစ်သရိုမိုင်စင်) တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်) သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm တနေ့ ၃ ကြိမ်၊ သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။
ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော်ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲလုပ်နိုင်တယ်။ ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။ Listerine ခံတွင်းဆေးရည်ကောင်းပါတယ်။ သွားတိုက်တိုင်း လျှာကိုပါတိုက်ပါ။ သွားကြားဆေးကြိုးနဲ့သန့်ပေးပါ။
Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။ Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။ Eugenol (Cloves oil) လေးညှင်းဆီသုံးပါ။ ထုံစေလို့ နာတာသက်သာမယ်။ Benzocaine ထုံဆေးလည်းသုံးနိုင်တယ်။
ဆေးလိပ် မသောက်ပါနဲ့။ (နီကိုတင်း) က နာတာကို ပိုဆိုးစေတယ်။ နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။ အံဆုံးပေါက်တာ သွားအထူးကုဆရာဝန်ပြဖို့လိုတတ်တယ်။
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)