Weight gain လှယုံမက ဝချင်သေးပါလျှင်

Weight gain လှယုံမက ဝချင်သေးပါလျှင်

မော်လမြိုင်၊ ၁၂ အောက္တိုဘာ ၂၀၂၀
မင်္ဂလာပါဆရာ ကျမအသက် ၂၃ အပျိုပါရှင့်။ အရပ် ငါးပေခြောက် ပေါင်ချိန်က တရာပါ။ ကျမအရင်က ခန္ဓာကိုယ် ပြည့်ပြီးဝပါတယ်။ အရမ်းဝတာမဟုတ်ပေမဲ့ ကြည့်ကောင်းပါတယ်ရှင့်။ ဒါပေမဲ့ ကျမ့့့ အလုပ်လုပ်ထဲကနေပြီး နေ့ည duty တွေ ဆင်းတာနဲ့ အအိပ်အစားမမှန်ပဲ ပေါင် ၁၁၄ ကနေခုပေါင် ၁ဝဝ ထိ ဖြစ်သွားပါတယ်ရှင့်။ အဲတာကြောင့် ကျမလဲ့့့ အလုပ်ကထွက်လိုက်ပါတယ်။ အရင်လို ပြည့်ပြည့်ဖြိုးဖြိုး ပြန်ဝချင်လို့ အစားတွေလဲစား အားဆေးတွေလဲသောက်တာ စုံနေပါပြီရှင့်။ ဒါပေမဲ့ ကျဝိတ်မတက်တော့ပဲ ပိုပိုပြီပြန်လာပါတယ်ရှင့်။ ကျမက အရင်အလုပ်ကနေ အကျင့်ပါပြီး အအိပ်ကတော့ မမှန်သေးပါဘူး။ ဒါပေမဲ့ အားဆေးတွေ စုံနေအောင် သောက်ပါတယ်မရှင့်။ ချက်ဆေးလဲကျမ စားတာထူးမခြားလာလို့ပါ။ တချို့သူငယ်ချင်းတွေကတော့ အပျိုဖြစ်ပေမဲ့ ကိုယ်ဝန်တားဆေးထိုးရင်လဲ ဟော်မုန်းပြောင်းပြီး ဝလာတယ်ပြောပါတယ်ရှင့်။ ကျမကအဲ့ဆေးထိူးချင်ပေမဲ့ သွားထိုးရမှာရှက်တာကော အိမ်ထောင်မရှိအပျိုဖြစ်ပြီး အဲ့ဆေးကို ဝချင်ယုံသက်သက်ထိုးရင် side effect ဖြစ်ပြီး ကျန်းမာရေးထိခိုက်မှာလဲ ကြောက်ပါတယ်ရှင့်။ ခုကျမ ဝချင်နေတာကြောင့် ဆရာပြန်ဖြေပေးပါရှင့်။ အလုပ်မအားတာကိုသိပေမဲ့ chat box ကပြန်ဖြေပေးလဲရပါတယ်ရှင့်။ ဆရာတယောက် ကျန်းခန့်သာလို့ မာပါစေလို့ဆုမွန်ကောင်းတောင်းရင်း ဆရာဆီစာရေးလိုက်ပါတယ်ရှင့်။
တိုက်ဆိုင်ပြန်တာပဲ။ မနေ့က ဝချင်လို့ သုံးလခံကိုယ်ဝန်တားဆေးထိုးကြတဲ့ သူငယ်ချင်း ၂ ယောက်ကလည်း မေးသေးတယ်။ အပျိုတွေ ၃ လခံဆေးထိုးပြီး၊ ရာသီနည်းတာနဲ့ မမှန်တာဖြစ်လို့မေးတယ်။ ဝလာသလားလို့ပြန်မေးတော့ ဝမလာဘူးတဲ့။ ဟော်မုန်းကြောင့်ပိန်တာမျိုးက ဟော်မုန်းဖြည့်တာမှန်ရင် ဝမယ်။ မျိုးရိုးစတဲ့တခြားအကြောင်းတွေကနေဖြစ်တာကို ဟော်မုန်းနဲ့မရပါ။ ၃ လခံထိုးဆေးထိုးရင် ရာသီနည်းမယ်။ တချျို့ ၃ လလုံး ရာသီမလာဘူး။ ဆက်ထိုးရင် ဆက်မလာဘူး။ သူ့ဆီကို ဒီစာပို့လိုက်တယ်။
ပိန်တဲ့သူနဲ့ ဝချင်သူ၊ မေးကြသူ ဆတူလောက်ရှိတယ်။ ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ငါးကျီးခြောက်ကြပ်တင်လို့၊ ငါးဖေါင်ရိုးခြောက်လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက ခပ်ပိန်ပိန် သမားများအတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူးထင်ပါရဲ့။
ခပ်လွယ်လွယ်ပြောရရင် ဝချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါတဲ့။ ကြီးကြီးကြံဘို့ရာ တခါစားများများ၊ အကြိမ်လဲများများ၊ ထမင်းလုပ်ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချိုဇွန်းသုံးပါ။
ဝချင်ရင် အလေး (ဝိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလိုပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။၂။ စားနေတာထက် ၅ဝဝ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။၃။ (ဝိတ်) မ, ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။၄။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁ဝ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅ဝ ပိုစားပါလေ။
တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာသိဘို့ ဦးတိကျတွေအတွက် ဖေါ်မြူလာရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ပဲနေတဲ့ အချိန်မျိုးမှာလိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လည်းခေါ်တယ်။ လမ်းမလျောက်၊ မပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။
ပျင်းတော့ ပျင်းစရာကြီး။ သချင်္ာလို ထပ်ရှင်းရအုန်းမယ်။RMR = 9.99w + 6.25h – 4.92a + 166g-161w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)တနေ့တာ လိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။
ပိုပြီးစားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အဝစား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့ကသာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိချ်၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေကသာတယ်။ (ဆု-ပ်) ဆိုရင် (ခရင်) ပါတာက အကြည်ရည်ထက် သာတယ်။
ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီထည့်ရပါမယ်။ ရှောင်သင့်တာတွေကတော့ trans-fats ဆီ-အဆီ တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။
မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသား-ငါး-ဥ-ပဲ အမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်) ဆီ၊ (ခရင်မ်) ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ဝနိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။
စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာဝတ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်) ကား၊ (အက်ရှင်) ကားတွေ မကြည့်နဲ့၊ ဇာတ်မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့်ပိန်နေတာ။
စားချင်စိတ်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine ဆိုတဲ့ဆေးက Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ စာတပုဒ်ရေးထားပါတယ်။ ကလေးတွေဟာ နည်းနည်းလေးဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွား ဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။ စာတပုဒ်ရေးထားပါတယ်။
အစပ်စားတဲ့လူ၊ မဆလာကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ် အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ နှာညွန့်ကို ခြူတတ်သော ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ဝစေမယ်။
ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။
ဂျပန် (ဆူမို) နပမ်းသမားနည်းက (ကယ်လိုရီ) များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂ဝဝဝ-၃ဝဝဝ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆ဝဝဝ ကနေ ၂ဝဝဝဝ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁ဝဝ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။
ကိုယ်အလေးချိန်တိုးချင်တာနဲ့ ဟော်မုန်းဆေးကို လုံးဝမညွှန်းပါ။ မသုံးပါနဲ့။ မျက်စိအောက်မှာတင် အလွန်ဝပြီး အလှလဲပျက်၊ ရောဂါလဲဆက်ရတဲံ မိန်းကလေးတွေရှိတယ်။ အရပ်အခေါ် ဝက်ဆေးဆိုတာသောက်သတဲ့။ စော်ကားသလိုတော့ဖြစ်မယ်၊ တကယ် ဝက်နဲ့တူလာတယ်။ ပြန်ပြင်ယူလို့ မရတော့တဲ့ အခြေအနေထိ ရောက်သွားရှာကြတယ်။
(တက်စတိုစတီရုန်း) ခေါ်တဲ့ ယောက်ျားဟော်မုန်ဆေး သုံးတာတွေ ရှိပါတယ်။ အရွယ်လွန် သွေးဆုံးပြီးနောက် အမျိုးသမီးကြီးတွေသုံးတာက အတူနေချင်စိတ်ဆက်ထိန်ဘို့လိုမှသာ ဆရာဝန်ကညွှန်တယ်။ ကာယဗလအတွက် ကြွက်သားတွေ ယောက်ျားတွေလိုဖြစ်ဘို့မှာ လဲသုံးတယ်။
(အီစထိုဂျင်) ဟော်မုန်းမှာလဲ ဘေးထွက်-ဆိုးကျိုးတွေက များတယ်။ အများသုံးတာက သွေးဆုံးကာနီး အမျိုးသမီးတွေ အတွက်သာဖြစ်တယ်။ ငယ်သူတွေမှာသုံးရင် ရာသီ မမှန်တော့ဘူး။ ကြားရက်ဆင်းမယ်။ အတူနေချင်စိတ် နည်းလာမယ်။ တချို့မှာတော့ ပိုတာလဲရှိတယ်။ မတည့်သူတွေမှာ အရေပြားမှာ အနီစက်ပေါ်နိုင်တယ်။ ရင်သား ထွားလာမယ်။ ဆိုးတာက သွေးခဲတတ်တယ်။ ဒါကြောင့် ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးမျိုးကို အသက် ၃၅ နှစ်ကျော်ရင် မပေးသင့်ဘူး။
Deca Durabolin ဟော်မုန်းကို ရောဂါတွေ (သွေးအားနည်းရောဂါတွေနဲ့ ရင်သားကင်ဆာ) အပြင် ယောက်ျားရော မိန်းမတွေပါသုံးတာ ရှိတယ်။ ဒီဆေးမှာ ဘေးထွက်-ဆိုးကျိုးတွေက တကယ်ဆိုးတယ်။ ကိုယ်ရောင်မယ်၊ ဒါကြောင့်လူက အလေးချိန်တိုးလာမယ်။ ယောက်ျားတွေမှာ သုက်ပိုးနည်းမယ်။ ကျားအစေ့ထိခိုက်မယ်။ ပန်းညှိုးမယ်။ ရင်သားထွားမယ်။ (ကိုလက်စထော) ကောင်းတာကနည်းပြီး မကောင်းတာက များမယ်။ သွေးဖိအားတက်မယ်။ အသဲထိခိုက်မယ်။ ဆီးကျိတ်ကြီးမယ်။
မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ၊ အကောင်ကြီး တွေက နိုင်ချင်တာကြောင့် စိတ်ညစ်ရတဲ့ မျောက်တွေမှာ အဆီစုပြီး၊ ဝမ်းခေါင်း ကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် စိတ်ဒုက္ခရရင် ဝတယ်ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။ ဒါပေမဲ့ ဒီ သီအိုရီက လူတွေအတွက် မှားပါတယ်။ မြန်မာပြည်ဆိုရင် အမှားကြီး မှားတယ်။ စိတ်သောက များတိုင်းသာ ဝရရင်လား ဗမာပြည်မှာ (ဆူမို) သမား ချည်းသာ ဖြစ်တော့မယ်။
ချုပ်လိုက်ရင် ရောဂါကင်ရှင်း၊ ထမင်းဟင်းများများ၊ ဆေးဝါးလဲစား၊ အလေးလဲမပါခင်ဗျား။


ဒေါက်တာတင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s