Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

မော်လမြိုင်၊ ၆ ေအာက္တိုဘာ ၂၀၂၀


၁။ မင်္ဂလာပါ ဆရာ ကျနော့် အသက် ၂၄ နှစ်ပါ။ အရင်နှစ်နှစ်လောက်ကစ ခေါင်းအုံးနှစ်လုံး ဆင့်အိပ်ပါတယ်ဆရာ။ ညဘက်ဆို ကျောက်ရွေးပါတယ်ဆရာ။ ခေါင်းငုံ့ ရပါတယ်ဗျ။ ဖုန်းတနေကုန် သုံးရပါတယ်ဆရာ။ လွန်ခဲ့တဲ့ လေးလ လောက်ကစ ဇက်တွေ အရမ်း ညောင်းကိုက်ပြီး ခေါင်းတစ်ခြမ်း ကိုက်လာပါတယ်။ မျက်လုံးလဲ တအားကိုက်ပါတယ် ဆရာ။ ခုထိ မသက်သာသေးပါဘူးဗျ။ အရင်ပြနေကြ ဆရာဝန်ကတော့ ခေါင်းကိုက်ရောဂါလို့ပြောပြီး အကိုက်အကဲ ပျောက်ဆေးပဲ ၃ လလောက် ဆက်တိုက် ပေးပါတယ်။ ဆေးသောက်ချိန် သက်သာပီး ဆေးနားရင် ပြန်ပြန် ဖြစ်ပါတယ်။ ယခု ဆရာဝန် ပြောင်းပြီး ပြတော့မှ ဂုတ်ကျီးပေါင်း အာရုံကြော လမ်းကြောင်း ကျဉ်းတာလို့ ပြောပါတယ် ဗျ။ ယခု သူ့နား ဆေးထိုးဆေးသောက်လုပ်နေတာ ၁ လလောက်တော့ ရှိပါပြီခင်ဗျ။ သက်သာလိုက် ပြန်ဖြစ်လိုက်ပဲ ဖြစ်နေလို့ပါ။ ဆောင်ရန် ရှောင်ရန်လေးတွေကို သိချင်ပါတယ်ဆရာ။ ဖုန်းသုံးရမရ သိချင်ပါတယ်ဆရာ။ စီးပွားရေးအရတော့ သုံးနေရလို့ပါဗျ။ ရောဂါအရ မသုံးရဖူးဆိုရင်တော့ မသုံးတော့ပါဘူးဗျ။ နာတာရှည်ရောဂါလားဗျ။ အရှင်း ပျောက်ကင်းနိုင်ပါသလားဗျ။ ဆရာ အားလပ်ချိန်များ ရှိရင် ဖြေးကြားပေးပါဦးဗျ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။
၂။ ဆရာရှင့် ရိုသေစွာစာရေးလိုက်ရပါသည်။ ကျွန်မအသက် ၃၅နှစ်၊ အိမ်ထောင်ရှိပါသည်။ ဗိုက်ခွဲပြီး မီးဖွားထားသူပါ။ အခု နို့စို့သမီးငယ်လေးက ၈လပါ။ ကျွန်မအခု ဂုတ်ကျီးပေါင်းဝေဒနာခံစားနေရပါတယ်ရှင့်။ တပတ်တခါ အမြဲပဲခေါင်းတခြမ်း ထိုးကိုက်၊ ခြေလက်တုန်၊ ခေါင်းမူး၊ အော့အန်၊ ဝမ်းသွားချင်သလိုဖြစ်တဲ့လက္ခဏာများဖြစ်ပြီး လူကတုန်းကနဲ ပစ်လဲသလိုပါရှင့်။ ဓာတ်မှန်ရိုက်ကြည့်တော့ ဆရာဝန် ကျီးပေါင်းလို့သတ်မှတ်ပြီး သောက်ဆေးစွဲသောက်ဖို့ပေးပါတယ်။ ဒါပေမယ့် ဆေးညွှန်းစာမှာ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်များ မသောက်သုံးရလို့ ပါပါတယ်ရှင့်။ ကလေးငယ်လေးထံကို ဆေးအာနိသင်များက မိခင်နို့မှတဆင့် ရောက်နိုင်ပါသလားရှင့်။ ကျွန်မမှာလည်း ဝေဒနာပေါ်လျှင် မခံမရပ်နိုင်အောင် ဖြစ်တတ်တာမို့ ဆေးသောက်လိုပေမယ့် ကလေးကိုလည်းစိုးရိမ်တာမို့ ဝေခွဲရခက်နေပါသည်ရှင့်။ ကူညီဖြေကြားပေးပါဦးရှင့် ကျွန်မ၏ဓာတ်မှန်အဖြေနှင့် သောက်ရန်ညွှန်ကြားထားသောဆေးများကိုလည်း ပြသအပ်ပါသည်ရှင့်။ သောက်ဆေးများမှာ Nervex ည တကြိမ် ၂လုံး ၁လသောက်ရန် Calcivita Forte မနက် ၁လုံး ၆လသောက်ရန် Nuberol ည ၁လုံး ၁လ သောက်ရန် Osteoflan မနက် ၁လုံး ၆လ သောက်ရန်တို့ဖြစ်ပါသည်ရှင့် ကျွန်မမေးမြန်းသည်များ မှားယွင်းလိုအပ်ခဲ့သည်ရှိသော် ကြိုတင်တောင်းပန်အပ်ပါသည် ဆရာရှင့်။ ဆရာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပါစေရှင့်
၃။ မင်္ဂလာပါ ဆရာကျွန်မ၏ ခင်ပွန်းမှာ ၄၈ နှစ်အရွယ် နိုင်ငံခြားသဘောင်္သားတယောက်ပါ။ ဆီးချိုနှင့် သွေးတိုး အနည်းငယ်ရှိပါတယ်။ လွန်ခဲ့သော ၂ ရက်က အိပ်ယာအထ အုံးလွဲသလိုဖြစ်နေပြီး ယခုတိုင် ဆေးလိမ်းသော်လည်း မသက်သာပါတဲ့။ neck collar လည်းတပ်ပါသည်တဲ့။ နားအနောက် လက် ၃ လုံးနေရာလောက်မှထိုးပါသည်တဲ့။ မည်သို့ လုပ်ရမည်ကို ကျေးဇူးပြု၍ ညွှန်ကြားပေးပါရှင် ကျေးဇူးတင်ပါသည်ရှင့်။
၄။ ဆရာရှင့် ကျမအသက်က ၄ဝ ရှိပါပြီ။ ဂုတ်ကျီးပေါင်းရှိပါတယ်။ လည်ပင်းဘယ်ဘက်ခြမ်းမှာ အာရုံကြောက ရောင်နေတာက အမြဲတမ်းပါပဲ။ အကြောမြောင်းလိုပါပဲဆရာ။ နောက်တစ်ခုက ခြေဆစ်လက်ဆစ်တွေ တင်းပြီး မနက်အိပ်ရာထ နေ့ခင်းအနားယူပြီးချိန်ဆို တင်းပြီးနာပါတယ်ဆရာ။ သွေးပူမှလုပ်ရတာအဆင်ပြေပါတယ်။ အဝတ်လျှော် ထမင်းချက်ကတော့ လုပ်ရတာပေါ့ဆရာ။ ASO လဲစစ်တာပဲဆရာ။ တစ်ခါတစ်လေ ၃၈ဝ၊ နောက်တစ်ခါစစ်တော့ ၂ဝဝ ဘာလုပ်ရမလဲဆရာ။ ကျေးဇူးပြု၍ ပြန်ဖြေကြားပေးပါအုံးနော်ဆရာ။
ကျီးပေါင်းတက်တာ ခဏခဏမေးကြတယ်။ လည်ပင်းလား၊ ခါးလားမပြောသူကများတယ်။ ဖြစ်တာလည်း မရှား။
အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုပ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ အုံးလွဲတယ်ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။
ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။
ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။
လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက်ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ ရှော့ခ်လို့ခေါ်နိုင်တဲ့ Paresthesia ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။
အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ လူနေမှုပုံစံ ပြောင်းဘို့လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့်ပြောင်းရမယ်။ ဘေးကနေ လုပ်ပေးနိုင်တာတွေက ဖီဇီာိုသာရာပီကုတာနဲ့ အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် ခွဲစိတ်ရတယ်။
တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။
အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။
နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ဆိုပြီး ဆေးကုတာကို အတင်းမလုပ်သင့်ဘူး။ ခါးတဲ့အစားအစာတွေ တည့်တယ်။ အေးတဲ့ရာသီဥတု၊ အေးတဲ့ရေချိုးတာ၊ အပြင်းအထန်လှုပ်ရှားတာမကောင်းပါ။ လည်ပင်းလေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကိုနားလုပ်ပါ။
အများဆုံးသုံးတဲ့ အနာသက်သာဆေး (၃) မျိုးရှိတယ်။ တမျိုးကနေ နောက်တမျိုးလည်းပြောင်းဘို့လိုရင်ပြောင်းပါ။ Diclofenac, ibuprofen နဲ့ naproxen ဆေးတွေ။ လေနာရှိသူ၊ ပန်းနာရှိသူ၊ သွေးတိုးရှိသူ၊ အသည်းမကောင်းသူ၊ နှလုံးရောဂါရှိသူတွေနဲ့ မသင့်ပါ။ သူတို့က Paracetamol သောက်နိုင်တယ်။ သိပ်ဆိုးတဲ့အချိန်မှာ Codeine ပါတဲ့ အနာသက်သာဆေး သောက်နိုင်တယ်။
Muscle relaxants ကြွက်သားပြေလျော့ဆေးလည်းတချို့မှာလိုတယ်။ ရက်တိုသာလိုမယ်။ ၁ဝ ရက်ထက်မကြာသင့်ပါ။ Diazepam ကိုလည်း တခါတလေလိုမယ်။ နားနိုင် အိပ်နိုင်စေမယ်။ Amitriptyline နာတာက တလအထိကြာနေရင် ပေးတယ်။ အမှန်က စိတ်မကျဆေးဖြစ်တယ်။ Gabapentin (pregabalin) ဆေးကိုလည်းသုံးရတယ်။ အာရုံကြောထိလို့ နာတာကို သက်သာစေတယ်။ တခါတလေ အနာသက်သာဆေးထိုးပါ။
သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ရတယ်။ အေရိုးဘစ်၊ ရေကူးတာ၊ လမ်းလျှောက်တာ။ ညအိပ်ရင်လည်ပင်းမှာ အနေတော်မာတင်းတင်းခေါင်းအုံးသုံးပါ။ ထိုင်တာမှာ အနေအထားသင့်တော်တာရွေးပါ။ neck brace or collar လည်ပင်းကော်လာကို အကြာကြီးတော့မလိုပါ။ တပါထက်မပိုသင့်ပါ။ လိုအပ်သူတွေက ခွဲစိတ်ကုသမှုလုပ်ရမယ်။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s