မော်လမြိုင်၊ ၂၂ စက္တင္ဘာ ၂၀၂၀
မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက် ၃၂ နှစ်ပါရှင့်။ ကျွန်မလက်ကောက်ဝတ်ကို ကွေးလိုက်ရင် အရိုး ငေါထွက်နေသလို ဖြစ်နေပါတယ်။ တခုခုကိုတွန်းတာတို့ ဖိတာတို့ဆို အဲဒီလက်ဆစ်နေရာက နာပါတယ်။ သူများတွေပြောတာ အကြောထုံးတယ်ပြောလို့ပါ။ ခွဲစိတ်လဲ မပျောက်ဘူးဆိုလို့ ဆေးခန်းမပြဖြစ်ပါ။ ဖြစ်တာ ၄ နှစ်လောက်ရှိပါပြီ။ ဖြစ်ကာစက လက်နဲ့မေးထောက်ရင် အဆစ်နေရာက နာတာကနေ စတာပါ။ ဘယ်လိုလုပ်ရင် သက်သာမလဲ သိချင်ပါတယ်။ ကျွန်မလက်ကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်။ ဆရာအဆင်ပြေမယ့်အချိန်လေး ဖြေပေးပါလားရှင့်။ စာရှည်သွားရင် ခွင့်လွှတ်ပါရှင့်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ပုံကိုကြည့် ရေးတာဖတ်ပြီး အတတ်ပြောပါမယ်။ အဲတာ Ganglion (ဂင်ဂလီယွန်) လို့ခေါ်တယ်။ လက်ကောက်ဝတ်နေရာမှာ အဖြစ်များတယ်။ အရွတ်အိတ်က ဖြစ်ရတာပါ။ အဆစ်နေရာအထက်မှာ အရွတ်ကြောကို ဖုံးထားတဲ့အလွှာနဲ့ ဆက်ဖြစ်တယ်။ အထဲမှာ အရည်ကြည် ချွဲပြစ်ပြစ်ရှိတယ်။ ဂျယ်လီလိုဘဲ။
အသက် ၂ဝ-၄ဝ ကြားမှာ ၇ဝ% ဖြစ်တယ်။ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ၁ဝ နှစ်အောက်ဖြစ်တာ ရှားတယ်။ လက်ကောက်ဝတ်မှာ ၆ဝ-၇ဝ% ဖြစ်တယ်။ ၁-၃ စင်တီမီတာ ရှိမယ်၊ ရွေ့လို့မရဘူး၊ ကြီးလာလိုက် သေးသွားလိုက်လဲ ဖြစ်နိုင်တယ်။ တချို့မှာ နာမယ်။ ၃၈-၅၈% က အလိုလို သေးသွား တတ်တယ်။
စာအုပ်ထူထူ ကိုင်တာမျိုးကနေ ပျောက်တတ်လို့ Bible cysts လို့လဲ ခေါ်တယ်။ ခရစ်ယန်မဟုတ်သူတွေ အဘိဓာန်ထူထူ ကိုင်ပေတော့။
Aspiration စုပ်ထုတ်တာလဲ လုပ်တယ်။ စုပ်ပြီး (စတီရွိုက်) ဆေး ထိုးပေးတာလဲ လုပ်တယ်။ ၇၅-၈၅% ပြန်ဖြစ်တယ်။ ခွဲတာကောင်းတယ်။ အေးအေးဆေးဆေး ရက်ရွေး ခွဲစိတ်ထုတ်ပြစ်ပါ။ ခွဲစိတ်ရတာ လွယ်မလိုလိုနဲ့ ပြန်ဖြစ်တတ်လို့ ဆရာဝန် နာမည်ကောင်းမရတတ်ဘူး။ ခုခေတ်မှာ Arthroscopic surgery ကင်မရာပါတဲ့ကိရိယာ သေးသေးလေးသုံး ခွဲတာမျိုး ပေါ်နေပြီ။
ကျွန်တော် အဲတာမျိုး ၄-၅ဝ လောက်ခွဲပေးဘူးတယ်။ ပြန်ဖြစ်တာလည်းရှိတယ်။ ခွဲစိတ်တဲ့အခါမှာ စိတ်ရှည်ရတယ်။ ခွဲစိတ်ကိရိယာ ကောင်းကောင်းသုံးရတယ်။ လူနာ့ကံ ဆရာဝန့်ကံ ကောင်းဘို့လိုတယ်။
မေးတဲ့သူဆီ အဖြေစာရေးပြီး အခုပဲပို့လိုက်တယ်။ ပုံကို ပို့စ်မှာသုံးလို့ရမလား။ လူနာမည် မပါစေရပါ။
ရပါတယ်ဆရာ။ ဖြစ်နေတဲ့သူတွေလဲ ဗဟုသုတရကြတာပေါ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ ကျန်းမာစွာဖြင့် လူသားအကျိုး ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ အမြဲဆုတောင်းပေးပါတယ် ဆရာ။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)