မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၂၀
အချက်အလက်စစ်ဆေးသူတွေဟာ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ ပျံ့နှံ့နေတဲ့ သတင်းအမှားတစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ ဒီသတင်းအမှားကတော့ စစ်ပွဲကြောင့် ရခိုင်ပြည်နယ်မှာ မိခင် တစ်ဦးဟာ ကလေးငယ်ကို နို့တိုက်နေရင်း သေဆုံးခဲ့ရတယ်ဆိုပြီး ရေးထားတာပဲဖြစ်ပါတယ်။စာသားနဲ့အတူ မိခင်တစ်ဦးက ထိခိုက်အနာတရ ဖြစ်လို့ လဲလျောင်းနေချိန်မှာ သူ့ကလေးကို နို့တိုက်နေတဲ့ ဓာတ်ပုံတစ်ပုံကိုပါ တွဲလျက် တင်ထားပါသေးတယ်။
ဒီသတင်းအမှားကို “Rakhine People” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျမှာ စက်တင်ဘာ ၆ရက်နေ့က တင်ထားတာပဲဖြစ်ပါတယ်။ ဒီပို့စ်ကို ယုံကြည်မိပြီး ပြန်လည်မျှဝေသူ ၁၂၀၀ ကျော်အထိရှိပါတယ်။
ဘာကြောင့် သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
စက်တင်ဘာ ၈ရက်အထိ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့မှာ တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပေမဲ့ နို့တိုက်နေရင်း မိခင်တစ်ဦးသေဆုံးးခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ သတင်းရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။
ပျံ့နှံ့နေတဲ့ ဓာတ်ပုံကို အချက်အလက်စစ်ဆေးကြည့်လိုက်တော့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရတာ မဟုတ်ပါဘူး။ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာမှာ ၂၀၂၀ မေ ၃၁ရက်တုန်းက ဖောကားတစ်စီးနဲ့ ဒိုင်နာကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ကလေးမိခင်က ငိုယိုနေတဲ့ သူမ ကလေးကို နို့တိုက်နေတဲ့အချိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။
“ဒီဓာတ်ပုံက တော်တော်ကြာပါပြီ။ ဖောကားနဲ့ ဒိုင်နာကားတိုက်မိတာ။ ကလေးအမေက ခြေထောက်နည်းနည်းထိမိသွားတယ်။ ကလေးက ငိုနေလို့ ကလေးအမေက နို့အရင်တိုက်ပါရစေလို့ ပြောလို့ နို့ခဏပေးတိုက်နေတာ။ ပြီးတော့ သားအမိ နှစ်ယောက်လုံးကို လူနာတင်ယာဉ်နဲ့ ဆေးရုံခေါ်သွားလိုက်တယ်။ ပြန်သက်သာသွားပါပြီ”လို့ ယာဉ်တိုက်မှုမှာ ကူညီပေးခဲ့တဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဒုတိယဥက္ကဌ ကိုထွန်းထွန်းက ပြောပါတယ်။
ဖော်ပြပါ အချက်အလက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးကြည့်မယ်ဆိုရင် “Rakhine People” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ခ်ျမှာ စက်တင်ဘာ ၆ရက်နေ့က ရေးတင်ထားတဲ့ ပို့စ်ဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ် လို့ ခွဲခြားလို့ရပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီး ဂရုစိုက် ဖတ်ရှုနားထောင်သင့်တဲ့ အကြောင်းလည်း အကြံပြုလိုက်ပါတယ်။
အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။
သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။
မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။
(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်
#Mawlamyine Daily
#Fact Check