Age Spots အသက် နဲ့ အစက်

Age Spots အသက် နဲ့ အစက်

မော်လမြိုင်၊ ၁၅ စက္တင္ဘာ ၂၀၂၀
၁။ မင်္ဂလာပါဆရာ ကျွန်မအသက် ၃၀၊ အပျိုပါ။ ရန်ကုန်ကပါ။ ရာသီက ၂၇ရက်ဝန်းကျင် တကြိမ်ပုံမှန်လာပါတယ်။ တကြိမ်ကို ၂ရက်ဝန်းကျင်ကြာပါတယ်။ လွန်ခဲ့တဲ့၃နှစ်ကျော်လောက်က ကျွန်မဂုတ်နားမှာ မန်ကျည်းစေ့သာသာလောက်ရှိတဲ့ အညိုကွက်၂ကွက်ရှိနေတာ သတိထားမိပါတယ်။ မနှစ်ကအထိ ပျောက်လဲမပျောက် ကြီးလဲကြီးမလာပါဘူး။ ယားလဲမယား စပ်လဲမစပ် အထိအတွေ့ခံစားမှုကအစ ပုံမှန်အသားအရည်အတိုင်းပါပဲ။ ဒီနှစ်ပိုင်းမှ အနည်းငယ်ကြီးလာသလို အနားတဝိုက်မှာလဲ အနည်းငယ်ပွားလာပါတယ်ဆရာ။ ရာသီဥတုပူလွန်းတာကြောင့်လား မသိဘူး။ ဒီလထဲ ပိုသိသိသာသာ ကြီးလာပြီး ပွားလာပါတယ်ဆရာ။ ဆရာဝန်နဲ့တော့ မပြဖူးသေးပါဘူး။ ပုံတွေပါ ပို့လိုက်ပါတယ်။ အလုပ်က အထိုင်တော့ များပါတယ်။ ဝမ်းချုပ်လေ့တော့ သိပ်မရှိပါဘူး။ အသားအရေမွဲခြောက်ခြင်း မရှိပါဘူး။ ပင်လယ်စာ allergy မရှိပါဘူး။ ဖုန်၊ အမှုန်နဲ့အနံ့စူးစူးပြင်းပြင်းတွေ ရှူမိရင်တော့ နှာချေ နှာရည်ကျပြီး နာရီပိုင်း(သို့)ရက်ပိုင်းလောက် နှာခေါင်းပိတ်တတ်ပါတယ်။ ဘယ်လိုကုသသင့်ပါသလဲ ညွှန်ကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
ဒီစာကိုဖတ်ပါ။ သည်အတိုင်းထပ်တူဖြစ်နေတယ်လို့ မဆိုလိုပါ။ အသုံးတည့်တာတချို့ တွေ့ပါမယ်။ အရပ်နည်းတွေ သတိထားသင့်။
၂။ ဆရာခင်ဗျား လက်တို့ပေါင်တို့မှာ အဖြူစက်ကလေးများပေါ်လာတာဘာဖြစ်လို့ပါလဲခင်ဗျ။ ညှင်းတော့ မဟုတ်လောက်ဖူးလို့ ထင်မိပါတယ်။ စပါးလောက်တော့ရှိပါတယ်။ အသက်ကတော့ ၃၉ နှစ်ပါခင်ဗျ။ ယောက်ကျားလေးပါ။ ဘာဆေးများသောက်လို့ရပါသလဲ၊ အဖြူစက်ကလေးများ ၇ ခုလောက်ရှိပါသည်။ ယားလည်းမယားပါ။ ကုတ်လိုက်ရင် တခါတလေနီသွားပါတယ်ဗျ။
လူတိုင်း အိုလာရင် ဇာတာသက်သာမက အပိုတွေ တိုးလာတာတွေက များလှတယ်။ ဒါတွေထဲမှာ လူမြင်ရာ ကိုယ်ပေါ်မှာ အညိုစက်၊ အနက်ပျောက်တွေလဲ ပါတယ်။ ဒါ့ကြောင့် Age Spot လို့ခေါ်ကြပါတယ်။ Liver spots လို့ပါ ခေါ်သေးတယ်။ အသည်းအသက်အစက်တွေပေါ့။ အသည်းရောဂါနဲ့တော့ ဘာမှမဆိုင်ပါ။ အရောင်ဆင်တာတော့ ရှိတာပေါ့။
ဘယ်အရာမဆို စက္ကန့်မလတ် ပြောင်းလဲနေတယ်။ အသစ်တိုးလာမယ်။ အိုမင်းလာမယ်။ ပျက်စီးလာမယ်။ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကိုပါ တရားခံရှာနိုင်ပါတယ်။ အသက် ၄ဝ ဆိုတာ အသန်ဆုံးအရွယ်လို့ သတ်မှတ်သူတွေ ရှိတယ်။ ဒီအသက်က ကျော်လာရင်တော့ အရေပြား ဆဲလ်တွေ အသစ်ပြန်ဖြစ်တာက နှေးလာတယ်။ ဒီအစက်တွေက ဘာမှ ဝတ်ဆင်-ဖုံးအုပ်မထားရာ နေရာတွေမှာသာ များတယ်။ ပြားချပ်နေတယ်။ အနား သတ်သတ် မှတ်မှတ် ရှိတယ်။ တလက္မရဲ့ ရှစ်ပုံတပုံ ကနေ တလက္မလောက်အထိ ရှိတယ်။ ပုံသဏ္ဌာန်က အမျိုးမျိုး။ အရပ်သုံး ပြောရမလား၊ ကြော်ညာတွေ ပြောရမလား ဆေးနည်းတွေ ရှိတယ်။
• မုံလာထုပ်ကိုအရည်လုပ်ပြီးလိမ်းပါ။ Raw carrot မုံလာဥနီ အစိမ်း စားပါတဲ့။
• အာလူးကို ပြစ်ချွဲအောင်လုပ်ပြီး လိမ်းပါတဲ့။
• ခရမ်းချဉ်သီးကို ချေပြီး လိမ်းပါတဲ့။
• နနွင်းမှုံ့နဲ့ သုံပုရာရည်ရော လိမ်းပါတဲ့။
• လတ်ဆတ်တဲ့ နနွင်းနဲ့ တမာရွက်ကို ရောချေပြီး လိမ်းပါတဲ့။
• နွားနို့အစိမ်းနဲ့ ဆားနဲနဲရောလိမ်းပါတဲ့။
• နံ့သာဆီနဲ့ သံလွင်ဆီ ရောလိမ်းပါတဲ့။
• Olay Total Effects 7 in 1 Anti-Aging Moisturizer ကြော်ညာတာ ရှိပါတယ်။
ဒီလို အစက်အပျောက်တွေက ဘာအန္တရာယ်မှ မပေးပါ။ ကင်ဆာကို မဖြစ်စေပါ။ ကင်ဆာမဟုတ်သော အသစ်ဖြစ်ပွါးခြင်း အုပ်စုထဲမှာ ထည့်ထားတယ်။ ဆရာဝန်တွေကိုလာ ပူဆာရင်တော့ Electrosurgery, Laser, Cryotherapy နည်း တမျိုးမျိုးနဲ့ လုပ်ပေးပါမယ်။ ပြန်ဖြစ်သူတွေကို High-protection sunscreen lotion (SPF 15 or greater) နဲ့ကုရတယ်။ ကော်တီဇုန်းပါတဲ့လိမ်းဆေးတွေက ဖြစ်နေတာတွေကို အမြင်အရ ပျောက်သလို ပြောင်းလဲပေးမယ်။ အရောင်ရင့်တာ သက်သာလာမယ်။ ယားတာသက်သာမယ်။ တပတ်ဆက်တိုက်ထက် ပိုမလိမ်းသင့်။ ရေရှည်သုံးရင် အရေပြားပါးစေမယ်။ ဖြစ်စေတဲ့အကြောင်းခံကိုတော့ ပျောက်စေအောင်လုပ်မပေးနိုင်ပါ။
အသက်ရလာချိန် အသက်ကြောင့် ဖြစ်တာကို သက်သာပျောက်ကင်းချင်စိတ်ဟာ တဖက်ကကြည့်ရင် ကောင်းပါတယ်။ နုပျိုသစ်လွင်ချင်စိတ်ဟာ တက်ကြွလန်းဆန်းတာပါ။ စိတ်ပျိုရင် ကိုယ်လဲ နုတယ်မဟုတ်ပါလား။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s