Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ

Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ

မော်လမြိုင်၊ ၉ စက္တင္ဘာ ၂၀၂၀
၁။ အသက်က ၃၄၊ မိန်းကလေးပါ။ အိမ်ထောင်ရှိ။ ကလေးတယောက်အမေပါ။ စစခြင်းနာထင်နေရာကကိုက်ပါတယ်။ ခုနောက်ပိုင်းခေါင်းတခြမ်းလုံးကိုက်လာလို့ပါ။ ရာသီလဲမှန်ပါတယ်။ သူကဦးနှောက်အမြှေးပါရောင်မှာ ကြောက်နေလို့ပါ။ စိတ်ဖိစီးမှုတွေလည်း အနည်းငယ်ရှိပါတယ်။ ဆရာဝန်ပြတာမသက်သာလို့ ဆရာဝန်ကဓာန်မှန်ရိုက်ခိုင်းနေလို့ပါ။ ဖြစ်တဲ့သူက အခုလက်ရှိထိုင်းမှာနေပါတယ်ဆရာ။
၂။ ဆရာရှင့် ကျွန်မအသက် ၃၃ ပါ။ ခေါင်းကိုက်တတ်တဲ့ရောဂါ ကျွန်မမှာရှိပါတယ်။ နေပြင်းရင် ထိုင်တာပုံစံမကျရင် အိပ်တာပုံစံမကျရင် ကျွန်မခေါင်းကိုက်တတ်ပါတယ်ဆရာ။ ခုနောက်ပိုင်း ကိုက်တာပိုပိုစိတ်လာလို့ စိုးရိမ်မိတယ်ဆရာ။ တခါတရံ ခေါင်းနောက်ပိုင်းမှာလဲ ကျင်သလိုလိုခံစားမိတယ်။ အမြဲတမ်းတော့မဟုတ်ပါဘူးရှင့်။ အိမ်ထောင်လဲရှိပါတယ်။ အကိုက်ခဲပျောက်ဆေး အာရုံကြောအားတိုးဆေးတွေလဲသောက်တော့ ကလေးယူတဲ့နေရာမှာ အနှောက်ယှက်ဖြစ်မလားလဲ စိုးရိမ်မိတယ်ဆရာ။ ကျွန်မဘာဆေးတွေသောက်သုံးသင့်ပါလဲရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။
၃။ ဆရာရှင့် ကျွန်မအသက် ၃၂ နှစ်၊ အိမ်ထောင်မရှိပါ။ ခေါင်းကိုက်နေသည်မှာ ၂ နှစ်ခန့်ရှိနေပါသည်။ ညာဘက်ပိုင်းက ပို၍ကိုက်ပါသည်။ နားထဲမှထိုး၍ခေါင်းထဲသို့ကိုက်ပါသည်။ နားဆရာဝန်နှင့်ပြသော်လည်း နားကြောင့်မဟုတ်ဟု ပြောပါသည်။ မျက်စိဆရာဝန်နှင့်ပြသ၍လိုအပ်သောမျက်မှန်တပ်ပါသည်။ မသက်သာ၍ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးနှင့်ပြသရာ၊ ခေါင်းကို CT ရိုက်ခိုင်း၍ရိုက်ခဲ့ပါသည်ရှင့်။ ဆရာကြီးက အကျိတ်အခဲတော့မရှိပါ။ လေဖြတ်ချင်သလိုဖြစ်နေတယ်ဟုပြော၍ ဆေး၂ပတ်စာပေးလိုက်ပါသည်ရှင့်။ Promet, Encorate 200, Myospaz, Inpanol, Nevramin, Esoz 20 mg ပေးလိုက်ပါသည်ရှင့်။ လေဖြတ်နိုင်တယ်ဟူသောစကားကြောင့် အရမ်း ထိတ်လန့်မိပါတယ်ရှင့်။ ခေါင်းကိုက်ရာမှ လေဖြတ်ရောဂါဖြစ်နိုင်ပါသလားရှင့်။
၃။ အသက် ၃၉ နှစ် ယောက်ျားလေးပါ။ အလုပ်က တက်ဆီမောင်းပါတယ်။ ယခင်က ရံဖန်ရံခါ အိပ်ရေးပျက်ရင် ခေါင်းကိုက်တတ်ပါတယ်။ အိပ်လိုက်ရင်သက်သာသွားပါတယ်။ အခုတလော ၂ လ ၃ လလောက်ရှိနေပါပြီ ခေါင်းကိုက်တယ် ဇက်ကြောအရမ်းတက်ပါတယ်။ အိပ်လဲ မသက်သာပါ။ ဆေးခန်းပြဖို့ပြောပေမဲ့ မလိုအပ်တာတွေ စစ်ရင် ငွေရေးကြေးရေး အဆင်မပြေလို့ ခုထိဘာမှဘယ်မှ မပြရသေးပါ။ အရမ်းစိတ်ပူမိပါတယ်ဆရာ။ အလုပ်အကိုင်ကလဲ မကောင်းတော့ အမြဲလဲ ဗျာများရတယ်။ မိသားစုအတွက်လဲ အဆင်မပြေမှ စိုးလို့ အလုပ်အကိုင် မကောင်းတာ ပြောမပြဖူးဆရာ။ ကားမောင်းနေတာမို့ ကျီးပေါင်းတက်တာ များလားလို့ ထင်မိတာဆရာ ခုထိမသက်သာ မပျောက်ဖူးဆရာ။
၄။ ကျွန်မ နာမည် (့့့) ပါ။ အသက်က ၃ဝ ပြည့်ပါပြီ။ (့့့) တက္ကသိုလ်က ဆရာမတစ်ယောက်ပါရှင့်။ အခုကျွန်မ ဖြစ်နေတာ ခေါင်း အရမ်းကိုက်ခြင်းပါ။ နားရွက်အကြောတွေလည်း ကိုက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရင် ညာဘက် မျက်လုံးထဲက အကြောတွေပါ လိုက်ကိုက်နေပါတယ်။ မျက်ခုံးရိုးလည်း တင်းနေပါတယ်ရှင့်။ ဇက်ကြောလည်း အရမ်း တက်တယ်။ ရန်ကုန်ခဏသွားတုန်းက မျက်မှန်လုပ်ခဲ့လိုက်ပါတယ်။ ပါဝါက ၂၅ ပဲ ရှိပါတယ်။ ကွန်ပျူတာကို အရမ်း အာရုံစိုက်အလုပ်လုပ်ရင်းနဲ့က ခေါင်းမနေနိုင်အောင်အထိ မူးပါတယ်။ အရင်က မျက်မှန်မတပ်ပါဘူး။ အခု မျက်မှန်တပ်ထားလည်း မသက်သာပါဘူးရှင်။ အာရုံကြောဆေး Btex သောက်ပါတယ်။ ခေါင်းလျှော်ပြီးရင် နေလို့မရအောင် ခေါင်းကိုက်ပြီး ဇက်ကြောတွေပါတက်၊ ဖျားချင်သလိုလို ဖြစ်တတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါအုန်းရှင်။ ခေါင်းကိုက်နေတာတော့ ၂ လနီးပါးလောက်ရှိပါပြီ။ စာတွေနဲ့ စိတ်ဖိစီးမှုလည်း အရမ်းများနေရတာပါ။ ပါရဂူသင်တန်းပြီးဖို့ ၂ လပဲလိုတော့လို့ပါ။
Headache ခေါင်းကိုက်တဲ့ရောဂါက အမျိုးမျိုးရှိတယ်။ Cephalalgia လို့လဲ ဆေးစာနဲ့ ခေါ်တယ်။(က) မူလခေါင်းကိုက်ခြင်း၊- Tension headache တင်းအားများ-ခေါင်းကိုက်ခြင်း၊- Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း၊- Migraine headache (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ခြင်း၊ (ရေးထားပါတယ်။)
(ခ) တနေရာမှာ အကြောင်းခံတခုခုရှိနေလို့ ခေါင်းကိုက်ခြင်း၊မျက်စိ ရေတိမ်၊ သူငယ်အိမ်ကြွက်သား ရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း၊ Nitrates and Nitrites နှလုံးဆေးတွေ၊ Analgesics အနာ-အကိုက်ပျောက်ဆေး တာရှည်သုံးခြင်း၊ အမြင့်ထက်ရခြင်း၊ ဦးနှောက်-ဦးခေါင်းထဲ သွေးယိုခြင်းများ၊ ဦးနှောက်၊ ဦးနှောက်မှေး ရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးတိုးရောဂါ၊ အရက်၊ (ကေဖင်း) များတဲ့ကော်ဖီသောက်တာနဲ့ ဖြတ်တာ၊ အအေးမိတာ၊ သွားကြိတ်တာ၊ မျက်မှန်တပ်ဘို့လိုတာ၊ ဆေးလိပ်အသောက်များတာ၊ အားကုန်နေချိန်၊ အားစိုက်ထုတ်တာများသွားတာ၊ (ဆိုင်းနပ်စ်) ရောဂါ။
Tension headache တင်းအားများ-ခေါင်းကိုက်ခြင်းအကြောင်းလေး ရေးပါမယ်။ အရွယ်မရွေးဘူး။ အများဆုံးဖြစ်တယ်။ ၉ဝ% ရှိမယ်။ လူဦးရေရဲ့ ၃% မှာ ခံစားနေကြရတယ်။ (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိနေသူတွေမှာလဲ ဒီကိုက်နည်းဖြစ်နိုင်တယ်။ ခေါင်း၊ ဦးရေခွံက ကြွက်သားတွေ တင်းအားများရာကနေ ဖြစ်တယ်။ ညှစ်နေတာကို ဆိုလိုတယ်။ စိတ်ဖိအားများချိန်၊ စိတ်ဓါတ်ကျနေချိန်၊ ခေါင်းခိုက်မိတာနဲ့ စိုးရိမ်စိတ်ကဲနေချိန်မျိုးမှာ ဖြစ်တယ်။ အနေအထားတခုမှာ အကြာကြီး မပြင်-မပြောင်းဘဲနေရင်လဲဖြစ်မယ်။ ဥပမာ ကွန်ပြူတာ၊ လက်နှိပ်စက် ရိုက်သူတွေ၊ ဇာထိုး-ပန်းထိုး၊ အနုစိတ်အလုပ် လုပ်သူတွေ။ သိပ်အေးတဲ့အခန်း-နေရာမှာအိပ်တဲ့အခါ၊ ခေါင်းအနေအထားက အဆင်မသင့်ဘဲ အိပ်တဲ့အခါမျိုးတွေမှာလဲ ဖြစ်နိုင်တယ်။
ထုံပြင်းပြင်းကိုက်တယ်၊ ဖိထားခံရသလိုနေမယ်။ ထိုးကိုက်တာမျိုး မဟုတ်ဘူး။ ခေါင်းကို တခုခုနဲ့အညှပ်ခံရသလို ခံစားရမယ်။ ခေါင်းတခုလုံးမှာကိုက်တယ်။ တနေရာရာမှာသာ ကိုက်တာမဟုတ်ဘူး။ ဦးရေခွံ၊ နားထင်၊ လည်ပင်း နောက်ဖက်၊ တခါတလေ ပခုံးအထိကိုက်မယ်။ ဒီရောဂါခံစားနေသူဟာ သူ့ဖါသူ ခေါင်းကိုနှိပ်ဖိနေလိမ့်မယ်။ တင်းအားများ ခေါင်းကိုက်ခြင်းခံစားရတာတော့ မကောင်းပေမဲ့ ဦးနှောက်ထဲမှာ ပြဿနာမရှိတာသိပြီး စိတ်သက်သာရာရသင့်တယ်။
တစုံတရာကိုလုပ်ရင်း၊ ကြုံကြိုက်ရင်းကနေ စတတ်တယ်။ ဖြစ်နေကျအချိန်လဲ ရှိနိုင်တယ်။ မိနစ် ၃ဝ လောက်ကိုက်နေပြီး ၇ ရက် ကြာတတ်တယ်။ အသံကြားတာ၊ အမြင်အာရုံတခုခုကနေ စေ့ဆော်နိုင်တယ်။ အားစိုက် အလုပ်လုပ်ပြီးချိန်မှာလဲ ဖြစ်တတ်သေးတယ်။ စိတ်ဖိအားများတာကနေ ပိုဖြစ်တယ်။ အအိပ်ပျက်နှိုင်တယ်။ ပျို့ချင်-အန်ချင် မဖြစ်ဘူး။ အအိပ်ပျက်တာ၊ စားချိန်နောက်ကျတာ၊ ရေဓါတ်နည်းတာတွေကနေလဲ ဖြစ်နိုင်တယ်။
ဦးနှောက်သက်သက်က နာတာကိုမသိပါ။ သူ့ဘေးနားကဟာတွေကသာ နာတာကိုခံစားနိုင်တယ်။ ဦးခေါင်းခွံ၊ ဦးရေခွံ၊ လည်ပင်းတွေမှာ ရှိနေကြတဲ့ ကြွက်သား၊ အာရုံကြော၊ သွေးကြော၊ အရွတ်၊ မျက်စိ၊ နား စတာတွေကသာ နာတာသိတယ်။
ဆေးစစ်ရင် မူမမှန်တာမတွေ့ဘူး။ ဘာလို့ကိုက်သလဲအပေါ် ကြည့်ကုသရတယ်။ ခေါင်းကိုက်-ဒိုင်ယာရီ ရေးမှတ်ထားသင့်တယ်။ ရေအေး၊ ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးတာ တချို့မှာ သက်သာစေမယ်။ နာတာရှည်ဖြစ်နေသူတွေ လူနေမှုပုံစံ ပြောင်းသင့်ရင်၊ ပြောင်းနိုင်ရင် ပြောင်းပါ။ အလုပ်အကိုင်၊ အမူအကျင့်၊ အစားအသောက်၊ အနေအထိုင်၊ ရေချိုးပုံစံ၊ အိပ်ယာ ခေါင်အုံး၊ ပတ်ဝန်းကျင် စတာတွေ။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်စိတ်ဖြေလျှော့နည်းလုပ်ပါ။
ဆေးတွေအနေနဲ့ Aspirin, Ibuprofen, Acetaminophen (Paracetamol) တခုခုသုံးပါ။ သိပ်ဆိုးသူတွေက Narcotic pain relievers မူးယစ်သတိပါဆေးသုံးရတယ်။ သတိထားဘို့က ဆေးမှန်သမျှ ရောဂါလက္ခဏာကို သက်သာစေဘို့သာ ဖြစ်တယ်။ ဒါကလဲ ဆေးအရှိုန်ရှိတဲ့အထိသာ အကျိုးသက်ရောက်တယ်။ ဖြစ်စေတတ်တာမျိုး ရှောင်ကြဉ်၊ ဆင်ခြင်တာက ပိုအရေးကြီးတယ်။ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလဲ သိထားပါ။- Tizanidine ဆေးကတော့ Muscle relaxant ကြွက်သားတင်းအားကို လျှော့ပေးတဲ့ဆေးမျိုး ဖြစ်တယ်။- Paroxetine (Paxil) နဲ့ Citalopram (Celexa) ဆေးတွေကတော့ (SSRIs) အမျိုးအစား စိတ်ဖိအားကို သက်သာစေမယ်။- Amitriptyline, Nortriptyline နဲ့ Doxepin ဆေးတွေကတော့ စိတ်ကျဆေးတမျိုးတွေ ဖြစ်တယ်။- Relaxation, Stress-management training ကိုယ်-စိတ် တင်းအားလျှော့နည်းသင်တန်း၊- Biofeedback (ဘိုအို-ဖိဘက်ခ်) နည်း ခေါ်တဲ့ စက်ကရိယာလေးတွေတပ်ဆင်ပြီး ကိုယ်မှာ ဖြစ်ပျက်နေတာကို စောင့်ကြည့်နိုင်တာမျိုး၊ – Cognitive behavioral therapy စိတ်ကုသနည်း၊- Botox (Botulinum toxin) ထိုးဆေးနည်းလဲ ခေတ်စားတယ်။ တရားဝင်ခွင့်ပြုချက်မရသေးဘူး။
ကာကွယ်နည်းအေးလို့ဖြစ်တာဆိုရင် ခေါင်းကိုနွေးအောင်လုပ်ပါ။ အိပ်တဲ့ပုံစံပြောင်းပါ။ အလုပ်လုပ်ရာမှာ အနေအထားပြောင်းပါ။ လည်ပင်း-ခေါင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ နားနိုင်သလောက် နား၊ အိပ်နိုင်သလောက် အိပ်ပေးပါ။ တိုင်းရင်းဆေးနည်းတွေထဲမှာ ချင်း-လက်ဖက်ရည် သောက်ပါ။ ပန်း-လက်ဖက်ရည် သောက်ပါ။
– Tricyclics ဆေးက SSRIs ဆေးထက် ပိုထိရောက်တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ပိုများတယ်။- Propranolol နဲ့ Muscle relaxants တွေပေးတာကို လက်တွေ့သက်သေမပြနိုင်ဘူးလို့ဆိုတယ်။- Syndol, Mersyndol and Percogesic = Analgesic + Antihistamine- Fiorinal = Analgesic + Barbiturate- Amitriptyline, mirtazapine, topiramate, sodium valproate တွေကိုလဲ သုံးတယ်။- Manual therapy နှိပ်နယ်နည်းဆိုတဲ့ Spinal manipulation, Soft tissue therapy နဲ့ Myofascial trigger point treatment နည်းတွေ ရှိပေမဲ့ ၂ဝဝ၅ လေ့လာမှုအရ သိပ်ထောက်ခံချက် မပေးဘူး။
မိုင်ဂရင်းခေါင်းကိုက်ခြင်း = အရွယ်ငယ်တယ်၊ တခါဖြစ်ရင် တနာရီကြာနိုင်တယ်။ တဖက်သတ်ဖြစ်တယ်။ ထိုးပြီး-လှုပ်ပြီး ကိုက်တယ်။ ပျို့-အန်နိုင်တယ်။ အကြောင်းခံတခုခုကနေ ဥပမာ အစားအသောက် ကနေဖြစ်လာတတ်တယ်။ မျိုးရိုးလိုက်နိုင်တယ်။ အရေးပေါ်ဆေးတွေကတော့ — Ergotamine inhalation or rectal- Chlorpromazine 0.1 mg/kg IV- Prochlorperazine 10 mg IV- Metoclopramide 10-20 mg IV- DHE 0.75-1.0 mg IV over 2 minutes- Sumatriptan 6 mg S/C- Ketorolac 60 mg IM
ခါးဆစ်ထဲထိုးပေးတဲ့ ထုံဆေးကြောင့် ခေါင်းကိုက်တာဆိုရင် ရိုးရိုး အကိုက်ပျောက်ဆေးတွေရယ်၊ Ergots, Barbiturates, Caffeine ဆေးတွေကို ပေးတယ်။
ရေတိမ်ကြောင့်ဆိုရင် ပျို့-အန်မယ်၊ မျက်လုံးနေရာ ကိုက်မယ်၊ မျက်စိနီနေမယ်၊ မျက်ကြည်လွှာရောင်နေမယ်။ မျက်စိဖိအားတက်နေမယ်။ မျက်စိမှုံလာမယ်။ သွေးတိုးကြောင့်ကိုက်ရင် ထိုးကိုက်မယ်။ နောက်စေ့နေရာ ကိုက်မယ်။
Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း = အသက်ငယ်ငယ်မှာဖြစ်တယ်။ ယောက်ျားတွေမှာ သိသိသာသာ ပိုအဖြစ်များတယ်။ တခါဖြစ်ရင် ၄ဝ-၆ဝ မိနစ်ကြာတတ်တယ်။ မျက်လုံးနဲ့ မျက်လုံးနောက်နေရာက ကိုက်မယ်။ ရာသီဥတုလိုက်တယ်။ နှာရည်-မျက်ရည် ယိုတတ်တယ်။ မျိုးရိုးမလိုက်ဘူး။ ဆိုးလွန်လွန်းလို့ Suicide headache လို့တောင်နာမည်ပေးထားတယ်။ သတ်သေချင်လောက်အောက်ကို နာတယ်။


Dr. တင့်ဆွေ

(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s