ရာမညဆိပ်ခံတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် စာချုပ်ပါ အချက်အလက်များနှင့် ကွဲလွဲနေ

မော်လမြိုင်၊ ၂၁ ဖေဖော်ဝါရီ ၂၀၂၀
(သတင်း)
 
မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရာမညဆိပ်ခံတံတား အကြီးစားအဆင့်မြှင့်တင် ပြင်ဆင်မွမ်းမံခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး စာချုပ်ပါ အချက်အလက်များနှင့် ကွဲလွဲမှုရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌက ပြောသည်။
ရာမညဆိပ်ခံတံတားအဆင့်မြှင့်တင်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် Golden Mawlamyine ကုမ္ပဏီတို့ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုပြီး လုပ်ငန်းအကောင်အထည်ဖော်ခဲ့သည်။
 
လုပ်ငန်းသဘောတူစာချုပ်ထဲတွင် ပေ ၁၀၀x၁၂၀ အဆောက်အဦးတစ်ခုသာ တည်ဆောက်ရန် ပါရှိသော်လည်း လက်ရှိတွင် စာချုပ်တွင် မပါသည့် နှစ်ထပ်အဆောက်အဦးတစ်ခုကိုလည်း တိုးချဲ့တည်ဆောက်ထားပြီး Cargo Bar ဆိုပြီး ဖွင့်လှစ်ထားသည်ဟု လွှတ်တော်ဒုဥက္ကဌက ပြောသည်။
“စလုပ်စဉ်ကတော့ ကွန်တိန်နာတွေချပြီးတော့ အလုပ်သမားတွေ တည်းခိုနေဖို့ ယာယီတည်းခိုစခန်းပုံစံနဲ့ တည်ဆောက်ထားတယ် အခုကျတော့ Cargo ဆိုတဲ့ စည်ဘီယာဆိုင် ဖြစ်နေတယ် ဒါဟာ စာချုပ်မှာ လုံးဝမပါတဲ့ အဆောက်အဦးတစ်ခုဖြစ်နေတယ် ဒီ Cargo ဆိုတဲ့ စည်ဘီယာဆိုင်ဟာလည်း အခုလက်ရှိ နှစ်ထပ်စလုံး အပေါ်ရော အောင်ရော ရှိနေတဲ့ကိစ္စကို ဒါကို ဘယ်သူက ခွင့်ပြုတာလဲ” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
 
စာချုပ်တွင် မပါသည့် အဆိုပါ Cargo Bar နှစ်ထပ်အဆောက်အဦးနှင့် ပတ်သက်ပြီး မည်သူက တာဝန်ယူပြီး ဖြေရှင်းမလဲဆိုတာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မေးခွန်းမေးခဲ့သည်။
လွှတ်တော်ဒုဥက္ကဌ၏ မေးခွန်းနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က အဖြေမပေးနိုင်ပဲ အသေးစိတ်စိစစ်ပြီးမှ ပြန်လည်ဖြေကြားမည်ဟု ပြောဆိုခဲ့သည်။
 
“Cargo စည်ဘီယာဆိုင်နဲ့ ပတ်သက်ပြီး မိမိတို့အသေးစိတ်ပြန်လည်စိစစ်ပြီးတော့ လွှတ်တော်ကို ၁၀ ရက်အတွင်း ပြန်လည်ဖြေကြားပေးသွားမယ်လို့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
 
ရာမညဆိပ်ခံတံတား အကြီးစားအဆင့်မြှင့်တင် ပြင်ဆင်မွမ်းမံခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းတွင် စာချုပ်ပါသဘောတူညီချက်အရ အပန်းဖြေဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်းတစ်ခုလည်း ပါဝင်ကြောင်း သို့သော်လည်း လက်ရှိအချိန်ထိ အဆိုပါ အပန်းဖြေဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်မဖော်နိုင်သေးပဲ ထိုနေရာတွင် ကားရေဆေးခုံဖွင့်လှစ်ထားသည်လည်း စာချုပ်နှင့် ကိုက်ညီမှုမရှိဘူးလို့လည်း လွှတ်တော် ဒုဥက္ကဌက ပြောသည်။
မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရာမညဆိပ်ခံတံတား အကြီးစားအဆင့်မြှင်တင် ပြင်ဆင်မွမ်းမံခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းတို့ကို ၂၀၁၅ ခုနှစ်က လုပ်ငန်းစတင်ခဲ့သည်။
အဆိုပါ ရာမညဆိပ်ခံတံတားသည် ယခင်က ကျားတံတားဟုခေါ်ပြီး မော်လမြိုင်ဘက်ကမ်းနှင့် ချောင်းဆုံဘက်ကမ်း ကော့မုပွန်ဆိပ်ကမ်းသို့ သွားလာအသုံးပြုခဲ့သည်။
 
Mawlamyine Daily
ဟံင်သာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s