မွန်ပြည်နယ်အတွင်းက ပထမအကြိမ် မဲပေးမည့် လူငယ်များ တွေ့ဆုံပွဲကျင်းပ

86734802_199219551132551_8781669061739151360_n

မော်လမြိုင်၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၀
(သတင်း)
 
မွန်ပြည်နယ်အတွင်းရှိ ပထမအကြိမ် မဲပေးမည့် လူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဓိကကတော့ အသက် (၁၈) နှစ်ပြည့်ပြီးသည့် လူငယ်များ မဲစာရင်းစစ်တတ်အောင်နှင့် မဲပေးတတ်အောင် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ “ဒီမှာလူငယ်တွေကို အဓိက (၂) ချက်ပြောခဲ့ပါတယ်၊ ပထမအချက်က မဲပေးခွင့်ရဖို့အတွက် မဲစာရင်းမှာအမည်ပါဖို့ လိုအပ်ပါမယ်၊ မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ အမည်ပါ၊ မပါကို စစ်တတ်ဖို့ လိုပါမယ်။ အဲ့ဒါပြီးရင် မဲပေးတဲ့နေ့ မှာ မဲပေးတတ်ဖို့ ။ မဲပေးခွင့်တော့ရှိပြီး။ မဲပေးတဲ့နေရာမှာ မဲမပေးတတ်ရင် ခိုင်လုံမဲမဖြစ်ဘဲ၊ ပယ်မဲတွေဖြစ်သွားတတ်ပါတယ်။ တန်ဖိုးရှိတဲ့ မဲတစ်ခုဟာ ခိုင်လုံမဲဖြစ်အောင် လူငယ်တွေကို မဲပေးတတ်အောင် သရုပ်ပြတဲ့အစီအစဉ်ကိုပါထည့်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦးဟိဏ်လင်းထက်က ပြောသည်။
 
မွန်ပြည်နယ်အတွင်း ထပ်တိုးလာသည့် မဲစာရင်းများအရ မဲပေးခွင့်ရှိသည့် လူငယ် နှစ်သိန်းခန့် တိုးလာသည်ဟုလည်း ၄င်းက ဆက်ပြောသည်။ “အဓိက ရွေးကောက်ပွဲကို လူငယ်တွေစိတ်ဝင်စားလာဖို့ အရေးကြီးတယ်။ အရင်တုန်းက လူငယ်တွေက ရွေးကောက်ပွဲဆိုတာဘာမှန်းလည်းမသိဘူး။ ဘယ်အစိုးရဘဲတက်တက် ထမင်းတစ်နပ်ထက် ပိုမစားရဘူးဆိုတဲ့ အယူအဆတွေက နှစ်အတော်ကြာခေါင်းထဲမှာ စွဲနေကြတယ်၊ အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ မဲတစ်ပြားဟာ အရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခုဖြစ်နိုင်တယ်၊ ကိုယ်လိုချင်တဲ့ အစိုးရဘဲပြောပြော၊ အုပ်ချုပ်ရေးစနစ်ဘဲပြောပြော အပြောင်းအလဲဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မွန်လူငယ်များဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက ပြောသည်။
 
မွန်ပြည်နယ်အတွင်းက လူငယ်အများစု စားဝတ်နေရေးအတွက် ပြင်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရကြောင်း ထိုပြည်ပရောက် လူငယ်များအတွက် မဲပေးခွင့်ရရှိအောင် နည်းလမ်းရှာဖွေပေးကြရန်လည်း လိုအပ်သည်ဟု မင်းဇာနည်ဦးက ပြောသည်။ နောက်ပိုင်းတွင်လည်း မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ညှိပြီး လူငယ်များ မဲပေးရေးနှင့် ပတ်သက်သည့် တွေ့ဆုံပွဲများ ဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောသည်။ “လူငယ်တွေကို အခုဆိုရင် မဲပေးကြဖို့ စည်းရုံးရေးတွေဆင်းနေပါတယ်၊ ကိုယ်ဆန္ဒရှိတဲ့ကိုယ်စားလှယ်လောင်းကို မဲပေးဖို့၊ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် သူကို မဲပေးဖို့ ကျွန်တော်တို့ စည်းရုံးရေးဆင်းပါတယ်၊ ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၅ ရွေးကောက်ပွဲထက် ကျွန်တော်တို့ လူငယ်တွေ ပိုစိတ်ဝင်စားတယ်” ဟု ရေးမြို့မှ မင်းခေတ်သစ်က ပြောသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိ နောက်ဆုံးပြုစုထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော်ရှိသည်။
 
Mawlamyine Daily
ဟံင်သာ
#Election

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s