အင်းလေးမှာ ထွက်တဲ့နေ

This slideshow requires JavaScript.

၁၆ မေ ၂၀၁၉
 
မနက်ဝေလီဝေလင်းအချိန်။
ပတ်ဝန်းကျင်ကတော့ ငြိမ်သက်တိတ်ဆိတ်လို့။
ကိုယ့်ရှေ့မှာတော့ ကန်ရေပြင်ကျယ်။
ကြာပန်း၊ ကြာရွက်တွေက ရေပြင်ပေါ်မှာ နေရာယူထားလို့ပေါ့။
 
ကန်ရေပြင်ကိုကြည့်ငေးရင်း လေကို တအားရှိုက်သွင်းလိုက်၊ ပြန်ထုတ်လိုက် ထပ်ခါထပ်ခါ လုပ်နေမိ။
 
အချိန်ကား မနက် ၅ နာရီထိုးဖို့ ၅ မိနစ်အလို။
Inle Princess Resort ကလှေဆိပ်မှာပါ။
 
ဒီနေရာမှာ၊
ဒီမနက်လာစုကြဖို့၊
မနေ့ညကတည်းကကြိုတင်ချိန်းဆိုထားကြတာပါ။
 
ဟော..
ခဏနေတော့ ….
တစ်ယောက်ပြီး တစ်ယောက် စုရပ်ကိုရောက်လာကြတာ ကြိုတင်စာရင်းပေးထားတာထက် တစ်ယောက်တောင်ပိုနေလို့။
အားလုံးပေါင်း ၁၀ ယောက်။
 
စက်လှေမောင်းပို့မယ့် ဝန်ထမ်း ၂ ယောက်ကလည်း လှေတွေကိုထုတ်၊ ထိုင်ခုံတွေ နေရာချပြီးလို့နေပြီ။
စာရင်းပေးထားတဲ့ လူတွေကလည်း စုရပ်မှာစုံနေပြီဆိုတော့။
အားလုံးဘဲ စက်လှေပေါ်တက်ထိုင်နေရာယူလိုက်ကြပါတယ်။
 
လှေသမားကတော့ တက်မ နဲ့လှေကို လှော်နေရတာပေါ့။
Inle Princess Rosort ပရဝုဏ်အတွင်းမှာ စက်လှေသံကင်းမဲ့ဇုံသတ်မှတ်ထားတာကိုး။
 
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့အသံဆိုလို့ လှော်တက်နဲ့ ရေကိုထိုးလှော်လိုက်တဲ့ လှော်ခတ်သံတွေသာ။
မနက်စောစောစီးစီး ရေသံကိုကြားရတာကလည်း စိတ်ကိုလန်းဆန်းစေပါရဲ့။
 
၅ မိနစ်လောက် လှော်ခတ်ပြီးချိန်။
ပရဝုဏ်ပြင်ပကိုရောက်လာတော့ လှေသမားတွေက လှော်တက်ကိုသိမ်း။
တပ်ဆင်ထားတဲ့ တရုတ်အင်ဂျင်ကို နှိုးလို့။
ပန်ကာကို ရေထဲချပြီး “ဒုတ် ဒုတ် ဒုတ် ဒုတ်” နဲ့ ခုတ်မောင်းနေလေရဲ့။
 
မော်တော်က ခြေတံရှည်ရှည် အိမ်တွေကြားကဖြတ်သွားလိုက်။
ကျွန်းမျှောတွေပေါ်စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေအနားက ဖြတ်သွားလိုက်။
၁၀ မိနစ်လောက် စက်လှေခုတ်မောင်းပြီးလာချိန်မှာတော့ အင်းလေးကန်မကြီးထဲကို ရောက်လာပါရဲ့။
 
အဲဒီကနေ ဆက်ပြီး ခုတ်မောင်းလာခဲ့တာ လမ်းတစ်လျှောက်မှာတော့ တစ်စီးစ၊ နှစ်စီးစ ခုတ်မောင်းသွားနေတဲ့ မော်တော်တွေ။
ငါးဖမ်းနေကြတဲ့ တံငါ လှေတချို့ ကိုလည်း တွေ့ရပါရဲ့။
 
ခပ်လှမ်းလှမ်းမှာတော့ …..
လှေနှစ်စီး၊ လူနှစ်ယောက်၊ ငါးဖမ်းပိုက်ကွန် နှစ်ခု။
အင်းလေးကန်ရဲ့ သင်္ကေတလို့ပြောလို့ရမယ့် ကန်တော့ ပုံသဏ္ဍာန် ရိုးရာငါးဖမ်းပိုက်ကွန်တွေပေါ့။
လှေထိပ်မှာရပ်၊ ခြေထောက်နဲ့ လှေကိုလှော်ခတ်နေလို့ပေါ့။
 
မှိုင်းပျပျ တောင်တန်းကို နောက်ကွယ်ပြုရင်း၊
အရောင်ဟပ်နေတဲ့ ရေပြင်မှာ ခြေထောက်နဲ့ လှော်ခတ်နေတဲ့ လှေနှစ်စီးပေါ်က လူနှစ်ယောက်။ ဒါတွေက ဘဝမှာ ဘယ်တော့မှ မေ့လို့မရမယ့် မြင်ကွင်းတွေအနေနဲ့ မှတ်ဥာဏ်မှာစွဲသွားစေပါတယ်။
 
သူတို့တွေရဲ့ လှုပ်ရှားမှုတွေကို ၁၀ မိနစ်လောက် ဓါတ်ပုံတွေရိုက် မှတ်တမ်းတင်ခဲ့ကြပါတယ်။
ပြီးတာနဲ့ အင်းလေကန်အလယ်ဘက်ကို
မော်တော်နဲ့ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။
 
ကန်ရဲ့ အလယ်နားလောက်အရောက်မှာတော့ ကိုယ်တွေထွက်လာတဲ့ လှေနှစ်စီးစလုံး စက်တွေရပ်လို့ ရေလည်မှာရပ်နားနေကြပါတယ်။
ရပ်နားနေကြတယ်ဆိုတာထက် စောင့်ဆိုင်းနေကြတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
 
ဟုတ်ပါတယ်..
တစုံတခုကို စောင့်ဆိုင်းရင် အင်းလေကန်အလယ်မှာ မော်တော်ပေါ်ထိုင်နေရင်း ဓါတ်ပုံရိုက်လို့ပေါ့။
 
ခဏနေတော့..
အရှေ့ဘက် အရပ်
တောင်တန်းတွေရဲ့ ကောင်းကင်ယံမှာ ပုစွန်ဆီရောင်လေး သန်းလာပြီ။
ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်းနဲ့ မြင်ကွင်းတွေကရှင်းလာပြီ။
 
သူ့ကိုစောင့်နေတာ အခုထိမပေါ်လာသေး။
ဟော.. သူ ကိုယ်ထင်ပြပြီ။
သူ့ကို မျက်စိနဲ့ တိုက်ရိုက်စိုက်ကြည့်ဖို့ဆိုတာ မလွယ်ကူ။
မျက်မှန်ကလည်း ပါမလာတော့ ဖုန်းကင်မရာ စခရစ်ကနေတစ်ဆင့်ဘဲ သူလာတာကို စောင့်ကြည့်ခဲ့ရတယ်။
 
အဝါရောင် ထိန်ထိန်တောက်နေတဲ့ ကြက်ဥနှစ်လို အလုံးကြီးကို ဖုန်းစခရစ်မှာမြင်ခဲ့ရတယ်။
နေ့တစ်နေ့ရဲ့ အစပြုဖို့။
ရှမ်းရိုးမ တောင်တန်းကြီးတွေကို မေးတင်လို့ ထွက်ပေါ်လာချေပြီ။
သူနဲ့အတူ ပတ်ဝန်းကျင်ကလည်း သက်ဝင်လှုပ်ရှားလို့လာနေကြပြီ။
 
“ကဲ မနက်မိုးလင်းလို့ နေထွက်ပြီ…”
 
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s