Skin Pressure Sore ဖိအားသက်အနာ

Skin Pressure Sore ဖိအားသက်အနာ

မော်လမြိုင်၊ ၅ ဧပြီ ၂၀၁၉
 
၁။ မင်္ဂလာပါ ဆရာ။ အဖွားက ခါးရိုးကြိုးပြီးဆေးရုံတက်နေပါတယ်။ အဖွားကို ဘယ်လိုပြုစုရမှာလဲ။ သတိထားရမဲ့ အချက်တွေ ပြောပြပေးပါဆရာ။ ကျေးဇူးပါ။
 
အိပ်ရာထဲ တာရှည်နေရသူတွေ အိပ်ရာနာ မဖြစ်အောင် အနေအထား မကြာမကြာ ပြောင်းပေး ခုခံပေးရမယ်။ ခါးရိုးဖြစ်ထားသူက ပြောင်းတိုင်း နာနိုင်တယ်။ အမျိုးသမီးတွေ အသက်ကြီးလာရင် ကယ်လ်စီယမ်နည်းလို့ အရိုးကျိုးလွယ်ကြတယ်။ ဆောရီး။
 
၂။ ယောက်ျားမိန်းမ မရွေး တခြားဘာရောဂါမှမရှိဘဲ ထိုင်ရတာများလို့ ဥပမာ ကွန်ပျူတာသမား၊ ဆေးလိပ်ခုံက မိန်းခလေးတွေတို တင်ပါးမှာဖြစ်တဲ့ အမည်းကွက်တွေ ပျောက်အောင် ဘာဆေးလိမ်းရမလဲ ပြောပြပေးပါ။ ဆေးနာမည်ပါ တခါတည်း ဖော်ပြပြပေးပါ။ ကျေးဇူးတင်ပါတယ်။
 
၃။ ကျွန်မမောင်လေးကအသက် ၂၅နှစ်ဖြစ်ပြီး အက်ဆီးဒန့်ဖြစ်ကာ အောက်ပိုင်းမလှုပ်နိုင်တာ ၅လရှိပြီ။ ဆရာဝန်တွေက ပြောတာတော့ ခါးအာရုံကြောညှပ်တယ်ပြောတယ်။ ခွဲပြီးလည်းလမ်းလျှောက်နိုင်ဖို့ကိုတာဝန်မယူလို့ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောကပြောပါတယ်။ ခုသူ့မှာအိပ်ယာပူနာလို့ခေါ်တဲ့ ခါးနဲ့တင်ပါးတွေမှာအနာတွေပေါက်နေတယ်။ ခါးလည်းကိုက်တယ်။ ဆေးလည်းမကုသနိုင်တော့ အိမ်မှာဒီတိုင်းပဲနေရတယ်။ ဆေးရုံကလည်းပြန်လွှတ်လိုက်တယ်။ ရက်ချိန်းတော့ပေးလိုက်ပြီး ပြန်လည်မပြနိုင်ဖြစ်ခဲ့ရပါတယ်။ အရေပြားလောင်နာတွေကလည်း ပိုဆိုးလာတယ်။ ဘယ်လိုလုပ်ရမလဲ။ ပထမဦးဆုံး အနာတွေအမြန်ပျောက်စေချင်တယ်။
 
ကြာကြာဖိထိုင်ရလို့ အဖိခံရတဲ့ နေရာမှာ နဂိုအနေလို့ မဟုတ်တော့ဘဲ၊ ညို-မည်း-ထူလာတာကို မေးတယ် ထင်ပါတယ်။ Skin Pressure Sore ခေါ်တယ်။ ဆေးစာမှာတော့ အနာဖြစ်မှသာ ဘာလုပ်ရမယ်ဆိုပြီး ရေးတယ်။ အဲလိုဖြစ်ကြသူတွေကို အထူးပြုစုမှု မလုပ်ရင် အတော်ကိုဆိုးတာ ဖြစ်နိုင်လို့ပါ။ Bed sore အိပ်ယာထဲ အကြာကြီးလှဲနေရတဲ့ နာတာရှည်လူနာတွေ အတွက် စပါရှယ်နာ့စ်ငှားပြီး ပြုစုကြရတာမျိုးပါ။ ဒီလိုဖြစ်တာ ကာကွယ်လို့ ရပါတယ်။ ကာကွယ်ချင်စိတ်၊ ကာကွယ်ဘို့ အသိစိတ်နဲ့ တကယ်လည်းလုပ်မှရမယ်။
 
ဘာလို့ ဖြစ်ရတာလဲ။ အဖိခံရတဲ့နေရာမှာ ရုပ်ပိုင်းဖိအားခံရလို့ သွေးကောင်းကောင်း မလျှောက်၊ သွေးလွှတ်ကြော၊ သွေးပြန်ကြောထဲက သွေးတွေ အထက်ဆန်-အောက်စုံ ကောင်းကောင်း မလုပ်နိုင်၊ အာရုံကြောတွေကလဲ သူ့အလုပ်သူ မလုပ်နိုင်၊ သွေးပြန်ရည်ကြောတွေလဲ ဒဏ်ခံကြရတယ်။ ခံနိုင်သလောက်တော့ ခံသေးတယ်။ မခံနိုင်ရင် ရောဂါ အဆင့် ရောက်တော့တယ်။
 
အကြာကြီး အဖိခံရတာအပြင် ကုတ်မိလို့ သွေးခြည်ဥလို့၊ အစိုထဲမှာနေရတာ ကြာလို့၊ အပူလောင်လို့၊ မာတဲ့အရာပေါ်မှာ နေရ-အိပ်ရလို့၊ နှင်းခဲကိုက်လို့ ဆိုတာတွေကနေ ဖြစ်တာလဲ သဘောချင်း အတူဘဲ။
 
အကြာကြီး အဖိခံရရင် အရိုးအဖုလို နေရာက စဖြစ်တယ်။ အဲလိုနေရာကလဲ အရေပြားနဲ့ ပိုနီးကပ်နေတယ်။ အထက်ကဖိ၊ အောက်ကဖိ။ သွေးအလျှောက် နည်းတော့ အောက်စီဂျင်မဝ၊ ခံနိုင်ရည် ကျစေတယ်။ ခန္ဓာကိုယ်စနစ်ကနေ သွေးတွေ ပိုပို့ပေးလာတော့ ရောင်လာစေမယ်။ ရောင်တော့ ဖိအားထပ်ဖြစ်ရော။ ဖိအားက သွေးအလျှောက် နည်းစေပြန်တယ်။ မီးခိုး ကြွက်လျှောက်။ ပေါက်ပင်ဘာလို့ကိုင်းရတယ်ဆိုတာနဲ့ အတူဘဲ။
 
ဆက်ဖြစ်လာမှာက နာမယ်။ မာလာ-ပူလာမယ်။ အရေပြား အရောင် ပြောင်းလာမယ်။ နောက် အပူဖူးပေါက်တာ ဖြစ်လာမယ်။ အရေပြား မာ-နီနေတယ်ဆိုတာ သေတာလို့ပြောရင် မမှားဘူး။ ဆက်ဖြစ်ရင် အပေါက်-အနာဖြစ်တော့မယ်။ အပေါ်က မြင်ရတာ သေးပေမဲ့ အောက်မှာ ကျယ်နေတတ်တယ်။ အရိုးထိရောက်နိုင်တယ်။ အရိုးကိုပါ ပိုးဝင်-ဖျက်ဆီး ခံနေရတာ ဖြစ်နိုင်တယ်။ ဖိနပ်ပေါက်တာလဲ ဒါဘဲ။
 
မဖြစ်အောင်လုပ်ရာမှာ ခပ်ပေါ့ပေါ့နဲ့ မရပါ။ မဖြစ်အောင်လုပ်ဘို့ဆိုတာ တယောက်ချင်းကနေ ကိုယ့်ပြဿနာကိုယ် သိဘို့ လိုတယ်။ အလုပ်လုပ်ကြရတာ မတူကြဘူးမဟုတ်လား။ ပဌမမေးခွန်းမှာပါသလို ဆေးလိပ်သမ၊ ကွန်ပြုတာထိုင်ရသူ၊ နာတာရှည်လူမမာ၊ ဒဏ်ခံကြတာတွေမှာ မတူကြပါ။
 
ဖြစ်စေတတ်တဲ့ အကြောင်းတရာတွေ အမျိုးမျိုး ရှိနိုင်တယ်။
1. Pressure ဖိအားဖြစ်နေတာ၊
2. Traction ဆွဲအားဖြစ်နေတာ၊
3. Friction ပွတ်တိုက်အားဖြစ်နေတာ၊
4. Moisture စိုထိုင်းမှုဖြစ်နေတာ၊
5. Inadequate nutrition အာဟာရချို့တဲ့နေတာ။
 
ဖြစ်လာတဲ့လက္ခဏာတွေ
1. နီ-ရောင်လာမယ်၊
2. အရေပြားပါးပြီး၊ ပွန်းပဲ့လာမယ်၊ အပူဖူးပေါက်မယ်၊
3. အရေပြားတလွှာလုံးပါးကုန်မယ်၊
4. အရေပြားအောက်က အဆီ၊ ကြွက်သား၊ အရိုး၊ အရွတ်အထိသက်ရောက်မယ်။
 
ကုသရမှာ ၅ မျိုး ရှိတယ်။
1. ဖိအားဖြစ်နေတာကို ဖယ်ရှားပါ။
2. သန့်ရှင်းရေး လုပ်ပါ၊
3. စပါယ်ရှယ်-အသုံးအဆောင် (ပေါင်ဒါ၊ အခုအခံ) သုံးပါ။
4. လျှပ်စစ်သုံးနည်း၊ အပူပေးနည်း၊ နှိပ်နယ်နည်း နဲ့ Hyperbaric O2 therapy အောက်စီဂျင်ပေးနည်းတွေ သုံးကြတယ်။
5. လိုအပ်ရင် ခွဲစိတ်ကုသပါ။
 
ဖြစ်လာမှတော့ ကုရတာက ကာကွယ်ရတာထက် ခက်တယ်။ အနာဖြစ်မလာအောင်၊ ဖြစ်တဲ့နေရာ သန့်ရှင်းနေအောင်၊ ပိုးဝင်မလာအောင် ရည်ရွယ်ရမယ်။ အာဟာရ Vitamin C နဲ့ Zinc ပြည့်ဝနေအောင် စားသောက်ပါ။ အလုပ်ကနေ ပြောင်းသင့်ရင် ပြောင်းပါ။ အနေအထားတော့ ပြောင်းရမှာ သေချာတယ်။ ပျက်အစဉ်-ပြင်ခဏ ဆိုပေမဲ့ ပျက်သွားတာဟာ အပြင်ရ ခက်လှတယ်။ ကံ၊ ဥာဏ်၊ ဝီရိယ၊ ဇွဲလုံ့လ ရှိရင်တော့ မရနိုင်တာ မရှိပါ။
 
ဒုတိယမေးခွန်းပါ အိပ်ရာနာကို ဆေးထည့်ရမယ်။ အနေအထား မကြာခဏပြောင်းပေးရမယ်။ ခါးရိုးမှာဖြစ်တာတော့ ခက်တယ်။ အာရုံကြောဆိုတာ အသစ်ပြန်မဖြစ်။ အမာရွတ်မဖြစ်ပါ။ သက်သာလာတာသာ မျှော်လင့်လို့ရတယ်။ ဆီးပိုက် ထည့်ထားရသူတိုင်း ဆီးပိုးဝင်တတ်တယ်။ ဆေး ၄-၅ ရက်သောက်ပျောက်တယ်။ ပြန်ဖြစ် ပြန်သောက်ရတယ်။
 
အရေပြားကို သန့်နေ ခြောက်သွေ့နေအောင် လုပ်ပါ။ ခြောက်သွေ့တယ်ဆိုတာ အစိုမှာအကြာကြီး မနေရတာ၊ အမြဲ စိုရွှဲနေတာ မဖြစ်ဘို့ ပြောတာပါ။ ရေငွေ့ဓါတ် ကင်းနေတာတော့ မကောင်းပါ။ အရေပြားခြောက်သွေ့နေတဲ့နေရာကို အရက်နဲ့လဲ လိမ်းနိုင်တယ်။ မွေ့ယာသုံးတာလဲ သိပ်မမာစေနဲ့။ မွေ့ယာ ဆိုတာ ခါးနာတတ်သူတွေ အတွက်တော့ ရန်သူဘဲ။ လိုအပ်ရင် Lubricating cream သုံးပါ။ ရာဘာ-လေအိတ်-ကွင်းမျိုး သုံးနိုင်တယ်။
 
အနာကိုဂရုစိုက်နည်း
၁။ Dettol က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံး Antiseptic ဖြစ်တယ်။
၂။ Isopropanol (70% Ethanol) ကို ဆေးရုံဆေးခန်းသုံး Surgical alcohol လို့ ခေါ်တယ်။
၃။ အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။
၎။ Hydrogen peroxide 3-6% အနာသန့်ရှင်းဘို့ သုံးရတယ်။ နားပြည်ယိုတာ၊ ညစ်ပတ်ပေရေနေတာမှာ ဒီဆေးထည့်ရင် အမြှုတ်ထပြီး သန့်ရှင်းလာမယ်။
 
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s