လူမိုက်ကကျွန်တော် အဖော်ကခြေဥ

မော်လမြိုင်၊ ၈ မတ် ၂၀၁၉
(့သရော်စာ)
ဟေ့ မောင်ကျော်စွာ။
 
ခင်ဗျာ။
 
ပြည်သူလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြဖို့ အခုတလော အင်တိုက်အားတိုက်ကို ဆန္ဒပြနေကြတယ်ကွယ့် အဲတာ ပြည်သူလူထုအများအပြားက ဘာကြောင့် ၂၀၀၈ ခြေ/ဥကို ပြင်ဆင် ရေးဆွဲချင်နေကြတာတုန်း လင်းစမ်းပါဦး။
 
ဟာ အဘကလည်း ဒါကတော့ ရှင်းရှင်းလေးဟာကို “အဟမ်း အဟမ်း” ပြည်သူလူထု ထောက်ခံအား ၉၂ ရာခိုင်နှုန်းကျော်ကျော်နဲ့ ရေးဆွဲတည်ဆောက်ခဲ့ရတဲ့ ကျွန်တော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာ ၎င်းက ၎င်းကို ၎င်းတွင် ၎င်းအတိုင်း ၎င်းကြောင့် ၎င်းကဲ့သို့ ၎င်းအတိုင်းပင် ပြုလုပ်ဆောင်ရွက်ရပါသောကြောင့် ဘာညာ သာရကာ စသည့်ဖြင့် တရားဥပဒေစိုးမိုးမှုရှိစေရန် အလို့ငှာ လုပ်ထုံး လုပ်နည်းနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနဲ့ လျော်ညီစွာ ပညာရှင်ဆန်ဆန် ရေးထားတော့ ဒါဟာ ဥပဒေ ပညာရှင်တွေလောက်ပဲ နားလည်သဘောပေါက်နိုင်တာမို့ ဒါကို နားမလည်ကြတဲ့ မဖတ်တတ်ကြတဲ့ လူပြိန်းတွေ အများစုက ပြင်ဆင်တာတွေ ပယ်ဖျက်တာတွေ လုပ်ချင်နေကြတာပါ အဘရ အဟဲဟဲ ဟဲဟဲ။
 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ပြည်သူလူတွေက လက်ခံကြတယ် နားလည်ကြတယ် ဖတ်ကြတယ်လို့ ယူဆလို့ရော ရနိုင်မလား ငါ့တူ။
 
အဲဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးခင်ဗျ။ဘာကြောင့်လည်း ဆိုတော့ကာ ကျွန်တော်တို့ ၂၀၀၈ ခြေ/ဥ စာအုပ်ဟာ ဘတ်ဆယ်လာစာရင်းဝင်တယ်တို့ အရောင်းရဆုံးစာရင်းဝယ်တယ်တို့ ဘယ်နှကြိမ်မြောက် အကြိမ်ကြိမ် အခါခါ ပြန်ထုတ်ရတယ်တို့ မကြားဘူးပါဘူး။တကယ်လို့ ပြည်သူလူထုတွေအားလုံးက ဖတ်ကြမယ်ဆိုရင် အုပ်ရေ သန်း ငါးဆယ်ကျော်ရောင်းရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူးခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကို မြန်မာနိုင်ငံသားတိုင်း ဖတ်ဖူးတယ်ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျ မဖြစ်နိုင်ပါဘူး အဟဲဟဲ ဟဲဟဲ။
 
ကဲ ထားပါတော့ကွယ် ဒါဆိုရင်လည်း ကိုယ်ပြည်သူတွေက ပြင်ဆင်ချင်နေကြတာပဲဟာ ပြင်ဆင်ခွင့်ပေးလိုက်ရင် ပြီးရောမဟုတ်ဘူးလား ငါ့တူရ။ ပြင်ဆင်ချင်ရင်လည်း ပြင်ဆင်ခွင့်ပေးမယ်လို့ ပြောထားတာပဲ မဟုတ်ဘူးလား။
 
မှန်ပါတယ်ခင်ဗျ မှန်ပါတယ် အဘပြောတာကို ကျွန်တော် သဘောပေါက်ပါတယ် ဒါကြောင့်လည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုပြီး စာအုပ်အဖုံးမှာ ၂၀၀၈ အစား ၂၀၁၈ လို့ ပြောင်းလဲပေးဖို့ကို တတပ်တအားကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေရတာပါ ခင်ဗျ။ဒါကြောင့် ၂၀၁၈ မှာမအောင်မြင်ခဲ့တဲ့ ပြင်ဆင်ရေးစီမံချက်ကြီးကို ဖြေလျော့ပေးတဲ့ အနေနဲ့ ၂၀၂၈ ရောက်ရင် ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နေရာမှာ ၂၀၂၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို ပြင်ဆင်ခွင့် ပေးမယ့်အပြင် စာအုပ်ဒီဇိုင်း စာအုပ်အဖုံးအရောင် နဲ့ စာသားအရောင်တွေကိုပါ ပြောင်းလဲပြုပြင်ပြီး ပြန်လည် ထုတ်ဝေခွင့် ပေးဖို့ ဆုံးဖြတ်ထားပါတယ် ခင်ဗျ။ အထဲက စာတွေကတော့ ထုံးစံအတိုင်းပဲပေါ့ခင်ဗျ လုပ်ထုံးလုပ်နည်းနဲ့အညီ ၇၅ရာခိုင်နှုန်း ကျော်က ထောက်ခံမှ တစ်လုံးစ နှစ်လုံးစ ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မူလ ပထမ အဓိပ္ပါယ် အနှစ်သာရ မပျောက် မပျက်ရလေအောင် ပုဒ်ထီး ပုဒ်မ ပုဒ်ချောင်းတွေ စာလုံးပေါင်းသတ်ပုံတွေလောက်ပဲ ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်ထားပါတယ်ခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကမ္ဘာပေါ်မှာ ပြင်ဆင်ရအခက်ခဲဆုံး အခြေခံဥပဒေ ဖြစ်နေပြီး ပွတ်တိုက်မှုများတဲ့ အခြေအနေတွေများတယ် ဆိုတာရော ဟုတ်သလား ငါ့တူရေ။
 
ဟုတ်ပါတယ် ခင်ဗျ ဟုတ်ပါတယ် ဒါက ဒီလိုရှိပါတယ် ကျွန်တော်တို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအတော်များတဲ့ တရုတ်နိုင်ငံ အန္ဒိယနိုင်ငံ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွေကြားထဲမှာရောက်နေတာ ဆိုတော့ ဒီနိုင်ငံကြီး ကမ္ဘာတည်သရွေ့ တည်ရှိနေနိုင်ဖို့အတွက် အခုလို ပြင်ရဆင်ရတာ ခက်ခဲအောင် တကူးတက ရေးဆွဲပြဌာန်းထားရတာပါခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုရဲ့ အခွင့်အရေးတွေ တာဝန်ဝတ္တရားတွေ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားတွေ စောင့်ထိန်းရမယ် ကျင့်ဝတ်သိက္ခာတွေ တရားဥပဒေ စိုးမိုးရေး တန်းတူညီမျှရေး စတာတွေကို ကာကွယ်ပေးဖို့ စီမံခန့်ခွဲပေးဖို့ ရေးထားတာ မဟုတ်ဘူးလားကွဲ့။
 
ဟုတ်ပါတယ် ခင်ဗျာ ဒါကြောင့်မို့လို့လည်း ပြည်သူလူထုကို ကိုယ်စားပြုပြီး နိုင်ငံတော်ရဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့ ကျွန်တော်တို့က ပြည်သူတွေကိုယ်စား အရင်ဦးဆုံး အနစ်နာ စေတနာ ဝါသနာတွေ အရင်းခံပြီး စမ်းသပ်ကြည့်ပေးနေတာပါခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
မောင်ရင်က နိုင်ငံရေးလောကထဲက ဘယ်တော့များမှ ထွက်ခွာပြီး အနားယူဖို့ တွေးထားသလဲ ဆိုတာလေးရော အဘသိအောင် ပြောပြပါဦးကွယ်။
 
ဟုတ်ကဲ့ပါ ထွက်ခွာမှာပါခင်ဗျာ နိုင်ငံရေးလောကထဲက အမြန်ဆုံးထွက်ခွာချင်နေပါပြီ နိုင်ငံရေးမျိုးဆက်သစ်တွေ မရှိသေးတာရော နိုင်ငံတော်နဲ့ ပြည်သူလူထုတွေကို စိတ်မချရသေးတာရော လက်နက်ကိုက်တပ်ဖွဲ့တွေများစွာ ရှိနေသေးတာရော ဆိုတော့ ကျွန်တော်ထင်တယ် စိတ်ချရတဲ့အခြေအနေ မရောက်မချင်း နိုင်ငံရေးကို မလုပ်ချင်ပေမယ့် လုပ်နေရဦးမယ် ထင်ပါတယ်ခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
မောင်မင်းက ဘယ်တော့မှ ဘယ်သူ့ကိုမှ စိတ်ချလက်ချနဲ့ ယုံကြည်စွာနဲ့ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ တာဝန်ဝတ္တရားတွေ အခွင့်အရေးတွေကို အပ်နှံမယ်လို့ တွေးထားတာလဲ။
 
ကျွန်တော့်ကို ဆန့်ကျင်တဲ့သူတွေ မရှိတော့တဲ့အထိ ပြည်သူလူထုနဲ့ တိုင်းပြည်ကိုကာကွယ်ပေးနေရပါဦးမယ် ခင်ဗျ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပြည်သူလူထုကို ကာကွယ်နေရတဲ့သူဆိုတော့လေ ကျွန်တော့်ကို တိုက်ခိုက်တာ ကန့်လန့်တိုက်တာ ဆန့်ကျင့်တာ အမိန့်မနာခံတာ ကလန်ကဆန်လုပ်တာတွေဟာ ပြည်သူလူထုကို ဆန့်ကျင့်တာပါပဲ ခင်ဗျာ။ ဒါကြောင့်မိုလို့ ကျွန်တော် စိတ်တိုင်းကျ စီမံခန့်ခွဲခွင့်တွေ လုပ်ပိုင်ခွင့်တွေရပြီး ဘယ်သူတစ်ဦး တစ်ယောက်ကမှ အတိုက်အခံ မလုပ်တော့တဲ့အချိန်အထိတော့ နိုင်ငံရေးလောကကို စိတ်မပါပေမယ့် စိတ်မဝင်စားပေမယ့် ပြည်သူလူထု မျက်နှာကိုထောက်ပြီး လုပ်ကိုင်နေရဦးမှာပါ ခင်ဗျ အဟဲဟဲ ဟဲဟဲ။
 
ကဲ ရှင်းရှင်းပဲမေးမယ် ငါ့တူရာ အခုလက်ရှိ ပြည်သူလူထုတွေက ပြင်ဆင်ဖို့ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့ရနိုင်သလား မရနိုင်ဘူးလားဆိုတာ အတိအကျ သိချင်တယ်ကွယ်။
 
ဟာ ရပါတယ်ချင်ဗျ ရပါတယ် ပြင်လို့ရပါတယ် ပြင်ရမှာပါ ပြင်ကိုပြင်ဆင်ရမှာပါ ကျွန်တော်ကိုယ်တိုင်လည်း ပြင်ဆင်ချင်ပါတယ်။ဒါပေမယ့် ကျွန်တော် သဘောထားကိုက်ညီတဲ့ ပုဒ်မတွေ ကျွန်တော်ပြင်ချင်တဲ့ ပုဒ်မတွေ ကျွန်တော်နစ်နာနိုင်တဲ့ ပုဒ်မတွေ ကျွန်တော် လုပ်ရကိုင်ရခက်နေတဲ့ ပုဒ်မတွေကို ကျွန်တော်နဲ့ညှိနှိုင်းပြီး ပြင်ကြ ဆင်ကြ ရမှာပါ။ဘာလို့လည်းဆိုတော့ ကျွန်တော်က ပြည်သူလူထုကို ကိုယ်စားပြုထားရတဲ့သူဆိုတော့လေ ကျွန်တော် ကိုယ်တိုင်က ပြည်သူလူထုပါပဲ ကျွန်တော်ကိုယ်တိုင်က နိုင်ငံတော်ပါပဲ ကျွန်တော်နစ်နာရင် ပြည်သူလူထုနဲ့ နိုင်ငံတော် နစ်နာသလိုပဲဆိုတော့ ကျွန်တော် ပြင်ကိုပြင်မှာပါ။ကျွန်တော်ပြင်ချင်တဲ့ပုဒ်မတွေ အကုန်ပြင်မှာပါ အဟဲဟဲ ဟဲဟဲ။
 
ဟ ငါ့တူရ ငါတို့ပြင်ချင်တာ ပြင်ရမှာလား မင်းပြင်ချင်တာကိုပဲ ပြင်ရတော့မှာလား သေသေချာချာ ရှင်းအောင် ပြောဦးလေကွာ။
 
ရှင်းပါတယ် အဘ ရှင်းပါတယ် သိပ်ကို ရှင်းလင်းပြီး ရိုးစင်းပါတယ်။ပြည်သူလူထုကလည်း ကျွန်တော်ပါပဲ နိုင်ငံတော်ကလည်း ကျွန်တော်ပါပဲ ပြင်ဆင်ချင်တဲ့သူကလည်း ကျွန်တော်ပါပဲ ဒီတော့ကာ ကျွန်တော်ကပဲ အားလုံးကို ကိုယ်စားပြုပြီး အစ အဆုံး အနစ်နာခံပြီး စီမံဆောင်ရွက်ပေးဖို့ အလုပ်တွေမအားလပ်တဲ့ကြားထဲကနေပြီးတော့ အပူ တပြင်း စီစဉ်လိုက်ရတာပါ။ဒါကြောင့် အဘကိုလည်းပဲ ကျွန်တော်ပဲ ကိုယ်စားပြုပြီး လုပ်ကိုင်ဆောင်ရွက်ပေးမှာပါလို့ ကြိုတင် အသိပေးလိုက်ပါတယ်နော် အဟဲဟဲ ဟဲဟဲ။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s