တရားမဝင်ငွေမည်းကြောင့် မွဲနေတဲ့တိုင်းပြည်

မော်လမြိုင်၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၉
 
လမ်းမတော်မြို့နယ် အမှတ်(၂) အနော်ရထာလမ်းနှင့် (၆)လမ်းတိုထောင့် မှ အဗာတာဂိမ်းဆိုင်ကို ထိန်းသိမ်း ဖမ်းဆီးလိုက်သည် ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်တတ်လာသောထွေအုပ် အမှတ်(၂)/အမှတ်(၆) မှုခင်းတပ်ဖွဲ့များကို ပြည်သူလူထုတို့က အထူးပင် ကျေးဇူးတင် လေးစားလျက်ရှိသည်။
 
အမှန်တကယ်တော့ အဲသည်ဂိမ်းဆိုင်ဟာ ကလေးကစားကွင်းအမည်ခံလိုင်စင်ပြုလုပ်ထားပြီး လူကြီးများ၏ လောင်းကစားကွင်းဖြစ်နေတာ ၆နှစ်ခန့်ကြာခဲ့ပြီဖြစ်ပါတယ်။ဖွင့်စကတည်းကပင် လူသူလေးပါး အလွန်စည်ကားခဲ့ပြီး ထိုကဲ့သို့သော ဂိမ်းဆိုင်များကြောင့် ခြံများ အိမ်များ တိုက်ခန်းများ ကားများ လုပ်ငန်းများ ရွှေ ငွေ ရတနာ လက်ဝတ် လက်စားများ မျက်လှည့်ပြသလိုကုန်ခန်းပျောက်ဆုံးသွားခဲ့ကြသူများမှာ မရေမတွက်နိုင်အောင်ပင် ရှိခဲ့လေပြီဖြစ်သည်။ ဘဝင်မကျသည်မှာကား ဆပ်ပလိုင်းချက်လုပ်ပြီး ဝင်ဖမ်းမှ မိရခြင်းဖြစ်သည်။ အမှတ်တမဲ့ သဘောထားလျှင် အမှတ်တမဲ့ ဖြစ်ပါသော်လည်း သေသေချာချာ စဉ်းစားတွေးခေါ်ကြည့်လျှင် အဖြေကရိုးရှင်းလွန်းလှသည်။ထို့အတွက် အဖြေကလည်းရှိသည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက “ဆပ်ပလိုင်းချက် လုပ်ပြီး ဝင်ဖမ်းသွားတာ ဒီလိုဂိမ်းဆိုင်မျိုးက မရှိသင့်ဘူး။လိုင်စင်တင်ထားတာက ကလေးကစားကွင်း ဆိုပြီး လိုင်စင်တင်ထားတာ။ဒါပေမယ့် လောင်းကစားဝိုင်းတွေပါ ရှိနေတယ်။လမ်းမတော်ရဲက ဝင်ဖမ်းတယ် ဆိုရင် သူတို့က သတင်းတွေဘာတွေရပြီး သက်သေတွေ သိမ်းထားနိုင်တယ်။ဆပ်ပလိုင်းချက်အနေနဲ့ ဝင်ဖမ်းတာဆိုတော့ သူတို့ ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့။ဒီဆိုင်က ကျွန်မတို့ သိထားတာ ငါးနှစ်လောက်ရှိပြီ။လောင်းကစားဝိုင်းတို့ တရားမဝင် ကစားဝိုင်းတွေကို ကျွန်မတို့တတ်နိုင်သမျှ ထွေအုပ်တို့နဲ့ပူးပေါင်းပြီး လိုင်စင် ရှိမရှိ စည်ပင်သာယာတို့ကို အမြဲတမ်း ပြောတယ်။ဒီကစားဝိုင်းတွေကို ရှောင်တခင်ဝင်စစ်ဖို့တို့၊လိုင်စင် ရှိမရှိတို့ ဒါကို အမြဲတမ်းပြောနေကြပါ။ကျွန်မတို့ ပြောတဲ့အချိန်ကြရင် ဒီကစားဝိုင်းတွေကို သတိပေးခြင်းတွေရှိပါတယ်။ရှောင်တခင် ဝင်ရောက်စစ်ဆေးတာကို ကြိုဆိုပါ တယ်။ ဒါမျိုးက မရှိသင့်ဘူးလေ။တရားဝင် ဖွင့်ထားတာလည်း မဟုတ်ဘူးလေ။မရှိသင့်တဲ့အရာတွေ မရှိတာ ကောင်းပါတယ်။ဒီပြင်နေရာတွေမှာလည်း ဒါမျိုးတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးသင့်တယ်လို့ အကြံ ပေးချင်ပါတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။(source-Eleven)
 
သေချာတာကတော့ ဆပ်ပလိုင်းချက်ဝင်ပြီးဖမ်းလို့ မိတာဖြစ်ပါတယ်။အရင်တွေကလည်း အခုလို တိုင်းအဆင့် ခရိုင်အဆင့်တွေကနေ ဆပ်ပလိုင်းချက်တွေဝင် စီမံချက်တွေလုပ်ပြီး နယ်မြေတွေကို ကွင်းဆင်ဖမ်းမှ တရားမဝင် ဂိမ်းဆိုင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားဖြန့်ဖြူးမှုများ၊ ကေတီဗွီများ၊ နိုက်ကလပ်များ၊ မာဆတ်ခန်းများ၊ လောင်းကစားဒိုင်/ဝိုင်းများ၊ မီးရူးမီးပန်းနှင့်ဗျောက်အိုးများ စသည်ဖြင့် လူကုန်ကူးမှုများ မှောင်ခိုလုပ်ငန်းများ တရားမဝင်သည့် လုပ်ငန်းစု အတော်များများကို ဖမ်းဆီးရမိခဲ့ကြသည်ချည်းသာဖြစ်သည်။သို့သော် ထိုကဲ့သို့သော အရေးကိစ္စ အားလုံးနီးပါးကို နယ်မြေခံ ရဲစခန်းများ ရဲတပ်ဖွဲ့ဝင်များ ရဲကင်းများ မီးတန်းကားများ ကင်းလှည့်တပ်ဖွဲ့များ အပိုင်နယ်ထိန်းများ နယ်ထိန်းအင်ချပ်များက မသိ မဟုတ်။အတိအကျနီးပါးလောက် သိကြသည်ချည်းဖြစ်သည်။ သို့လျှင် ဘဇာကြောင့် မဖမ်းဆီးနိုင်ရသနည်းဟု စောကြောကြပေလိမ့်မည်။နယ်မြေရဲစခန်း ထွေအုပ် နှင့် စည်ပင်သည် မြို့နယ်တစ်ခုအတွင်းတွင် ဘယ်ရပ်ကွက် ဘယ်လမ်း ဘယ်မြေကွက် ဘယ်ခြံ ဘယ်အိမ် ဘယ်တိုက်ခန်းတွင် ဘယ်သူတွေနေထိုင်သည် ဘာတွေလုပ်သည် ကြွက် ဘယ်နှကောင်ရှိသည် ငှက်ဘယ်ကောင်နားသည် နယ်မြေခံ ရပ်ကွက်သား ဘယ်နှဦးရှိသည် ဧည့်သည်တွေဘယ်နှဦးရှိသည်တို့ကို ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါး ဆိုသလို ကြက်တူရွေးနှုတ်တိုက် သိထားရမည်ဖြစ်သည်။အမှန်တကယ်လည်း ဘယ်သူက စီးပွားရေးသမား ဘယ်သူက နိုင်ငံခြားသား ဘယ်သူက မှောင်ခိုသမား ဘယ်သူက ဘယ်ပါတီဝင် ဘယ်သူက လူမိုက် ဘယ်သူကဖိုက်တာ ဘယ်သူက ကလေကချေ ဘယ်သူက လူရိုးလူအေး ဘယ်သူက ငမြွေထိုးဆိုတာ အစုံအစိ အကုန်သိကြသည်ချည်း ဖြစ်သည်။အလားတူပင် ဘယ်ရပ်ကွက် ဘယ်လမ်း ဘယ်တိုက်ခန်းမှာ ဘယ်သူတွေက ဂိမ်းဆိုင်ဖွင့်ထားသည် မာဆတ်ဖွင့်ထားသည် အနှိပ်ခန်းဖွင့်ထားသည် ကေတီဗွီဖွင့်ထားသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေကြသည် စသည်ဖြင့် တရားမဝင်လုပ်ငန်းများနှင့် လုပ်ငန်းပိုင်ရှင်များ အမည်ခံပိုင်ရှင်ချား မန်နေဂျာများကို တရေးနိုး ထမေးလျှင် ဒေါက်ကနဲ ဒေါက်ကနဲ ဖြေနိုင်လောက်သည်အထိ အတိအကျ သိကြသည်။မသိပါဟု ဇွတ်ငြင်းဆန်မည်ဆိုလျှင်လည်း ရသည်။မိမိတို့ စီမံခန့်ခွဲကာ တာဝန်ယူနေရသော လမ်းများ ရပ်ကွက်များ မြို့နယ်များအတွင်းတွင် ဘာဆို ဘာမျှ မသိ နားမလည်ပါဘဲ အစိုးရဝန်ထမ်း လုပ်လို့ရပါသလား ဟုသာ ပြန်လည်ကာ မေးခွန်းထုတ်ရပေလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော ဂိမ်းဆိုင်များတွင် ကလေးကစားကွင်းအမည်ခံကာ လိုင်စင်ရထားကြသည်ချည်းသာဖြစ်သည်။ ကေတီဗွီ များဆိုလျှင်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက်အောက် ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပေးထားသော လိုင်စင်များ ရထားကြသည်ချည်းသာဖြစ်သည်။မာဆတ်ခန်းများ အနှိပ်ခန်းများ မူးယစ်ဆေးဝါးဖြန့်ဖြူးသူများ ဗျောက်အိုးရောင်းသူ များသာ လုံးဝတရားမဝင်လုပ်ငန်းမို့ ဟန်ပြလိုင်စင်များ မရရှိထားကြခြင်းပင်ဖြစ်သည်။ဒါပေသည့် အချို့ မာဆတ်ခန်း အနှိပ်ခန်းများဆိုလျှင် အလှပြင်ဆိုင်အမည်ခံ ဗျူတီပါလာအမည်ခံ ဗျူတီဆလွန်းအမည်ခံ ဗျူတီစပါးအမည်ခံ လိုင်စင် ကလေးများဖြင့် သရဖူများပင် ဆောင်းထားလိုက်ကြသေးသည်။ထိုကဲ့သို့ တရားမဝင်လုပ်ငန်းအချို့ကို စည်ပင်နှင့် ထွေအုပ်က အမည်ခံလိုင်စင်များချပေးထားသည် ဆိုတာကို လွှတ်တော်အမတ်များပင် သိရှိထားပြီးဖြစ်သဖြင့် အထူး ပြောနေစရာ မလိုအပ်ဟု ယူဆမိသဖြင့် အကျယ်မချဲ့လိုတော့ပေ။သို့ပေသည့် ထိုလိုင်စင်များချပေးထားသည့် စည်ပင်ဌာနများနှင့် ထွေအုပ်ဝန်ထမ်းများက လိုင်စင်ချပေးသည့် အချိန်မှစ၍ တစ်လတစ်ကြိမ် သုံးလတစ်ကြိမ် ခြောက်လတစ်ကြိမ် တစ်နှစ်တစ်ကြိမ်ခန့် အနည်းဆုံး နယ်မြေဒေသများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခြင်း ရှိမရှိဆိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေးနှင့်တိုင်ကြားစာများအသနားခံစာများစိစစ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူး နှင့်အဖွဲ့များ ရန်ကုန်တိုင်းဒေသကြီး ထွေအုပ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဌာနတို့က စာရင်းဇယားများ မှတ်တမ်း မှတ်ရာများကို အစည်းအဝေးများပြုလုပ်ပြီး စစ်ဆေးခြင်း ရှိမရှိ ထပ်ဆင့်စစ်ဆေးခြင်း အရေးယူခြင်း မရှိကြဘူးလား ဆိုတာ ပြည်သူလူထုက အထူးသိချင် ကြားချင် မြင်ချင် တွေ့ချင်နေကြသည်မှာကား အမှန်ပင်ဖြစ်သည်။
 
ထိုကဲ့သို့သော တရားမဝင်လုပ်ငန်းစု အတော်များများသည် ဝန်ထမ်းများအခေါ်အောက်ဆိုဒ် လုပ်ငန်းရှင်များ အခေါ် လိုင်းကြေးတို့ဖြင့် အရေးပါ အရာရောက်ပြီး ပေါက်ပေါက်ရောက်ရှိသော နယ်မြေခံ အစိုးရဝန်ထမ်းများအချို့ကို လာဘ်ငွေများပေးကာ အဂတိလိုက်စားမှုများကိုပြုလုပ်စေပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေး ဒေါက်တိုင်ကြီးကို ယိုင်လဲ ချည့်နဲ့ကာ ပြိုပျက်တိုက်စားသွားစေနိုင်သော တရားမဝင် ငွေမည်းများအဖြစ်နှင့် အစိုးရဝန်ထမ်းများ၏ လက်ထဲသို့ လစဉ် လကုန်ပိုင်း တစ်ရက်နေ့ နှင့် ဆယ်ရက်နေ့များအတွင်းတွင် စာအိတ် ကလေးများပေါ်တွင် ရာထူးများ အမည်များ အတိုက်ကောက် အမှတ်အသားကလေးများဖြင့် တဖွဲဖွဲ ရောက်ရှိလာ တတ်ကြမှာ ထုံတမ်းစဉ်လာလိုပင်ဖြစ်၍နေလေပြီ။မာဆတ် အနှိပ်ခန်း ကေတီဗွီ ဂိမ်းဆိုင် လောင်းကစားဒိုင်များက ပေးသော လိုင်းကြေးများသည် တစ်ဆိုင်လျှင် အနည်းဆုံး ဆယ့်ငါးသိန်းခန့်ရှိပြီး ဆယ်ဆိုင်ဆိုလျှင် သိန်းပေါင်း တစ်ရာ့ငါးဆယ် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့်တွက်လျှင် လုပ်ငန်းစု တစ်ရာရှိသည်ပဲထားလျှင် သိန်းပေါင်း တစ်ထောင့်ငါးရာခန့်ရှိသည်။တစ်နှစ်အနေနှင့်တွက်လျှင် သိန်းပေါင်း တစ်သောင်းရှစ်ထောင်ခန့်သည် တရားမဝင် ငွေမည်းများအဖြစ်နှင့် ကုန်ဈေးနှုန်းအတက်အကျ ဒီရေလှိုင်းကို ရိုက်ခတ်နိုင်စေသော ငွေမည်းလှိုင်းလုံးကြီးအဖြစ်သို့ ရောက်ရှိလာလေသည်။ထိုတရားမဝင် ငွေမည်း လိုင်းကြေးများသည် အစိုးရဝန်ထမ်းအဖွဲ့ အတော်များများထံသို့ ရောက်ရှိသည်ကို ပြည်သူလူထုတို့က မည်သည့်အဖွဲ့အစည်းများထံ ရောက်ရှိ ရရှိ ခံစားနေကြသည်ကို သိရှိကြ ပါသော်လည်း သိသာသိစေ မမြင်စေနှင့် ဆိုသလိုပင် မကောင်းတတ်၍ အတိအကျ ထုတ်ဖော်မပြောကြားကြခြင်းပင် ဖြစ်သည် ဆိုလျှင် လွန်အံ့မထင်ပေ။
 
အချို့သော အရာရှိ အရာခံကြီးများ၏ စားဝတ်နေရေး အိမ်ထောင်ပရိဘောဂပစ္စည်းများ အိုင်ဖုန်း အိုင်ပက် အက်ပဲလ်ကွန်ပြူတာ ကုတင် တီဗွီ ဘီဒို စသည်တို့ကို ထိုတရားမဝင်လုပ်ငန်းများက အချိုးက ကောက်ခံခြင်း စုစည်း ထည့်ဝင်ပြီးထောက်ပံ့ပေးခြင်းများရှိသည်။ထို့အပြင် အချို့ဝန်ထမ်းငယ်များ အခြားအဆင့်များ၏ နိုင်ငံတော်က တရားဝင် လွှတ်၍ ခိုင်းစေသော သင်တန်းကြေး သင်တန်းစရိတ် ခရီးစရိတ် စသည်တို့ကိုလည်း ထို တရားမဝင် လုပ်ငန်းများကပင် ထောက်ပံ့ပေးထားတတ်ကြပေသေးသည်။ဖုန်းဘေလ်များ ဘီယာဖာ/ကဒ်များ အရက်ပုလင်းများ အစားအသောက်များ တစ်ဝိုင်းစာတည်ခင်းဧည့်ခံခြင်းများ အသစ်ပြောင်းရွှေ့ရောက်ရှိလာသူကို မိတ်ဆက်ပွဲများ ပြောင်းရွှေ့ရမည့် အရာရှိများကို နှုတ်ဆက်ပွဲများဖြင့် အောက်ခြေဌာနဆိုင်ရာများတွင်တော့ စည်ကားလျက် ရှိလေသည်။
 
ထိုကဲ့သို့သော တရားမဝင်လုပ်ငန်းများမှ တရားမဝင်ငွေမည်းများသည် အဂတိလိုက်စားတတ်သူ လာဘ်စား တတ်သူ အချို့သော အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၏ လက်ထဲသို့ အလွယ်တကူပင် လိုချင်သည်ဖြစ်စေ မလိုချင်သည် ဖြစ်စေ ရောက်ရှိ ရရှိလာတတ်ကြလေသောကြောင့် ထို တရားမဝင် ငွေမည်းများကို ဖောဖောသီသီ သုံးနိုင် ဖြုန်းနိုင်ကြလေသည်။ထိုသို့ သုံးနိုင် ဖြုန်းနိုင်ကြသောကြောင့် ရောင်းလိုအား ဝယ်လိုအားများကို ထိခိုက်လာသည်။ဝယ်လိုအားများသောအခါ နိုင်ငံခြားမှ တင်သွင်းရတာများလာသည်။နိုင်ငံခြားမှ တင်သွင်းသော အခါ တရားမဝင်ငွေမည်းများဖြင့် ဒေါ်လာများကိုဝယ်ယူတင်သွင်း၍ မရသောကြောင့် တရားဝင် လုပ်ငန်းများ တရားဝင် အခွန်ငွေများမှ ရရှိသော ငွေဖြူများနှင့် နိုင်ငံခြားငွေများ ဒေါ်လာများကို လဲလှယ်ဝယ်ယူရသောကြောင့် အခွန်ဆောင် အခွန်ထမ်းပြည်သူလူထုတို့၏ ဝင်ငွေ ထွက်ငွေများကို ထိခိုက်လာလေသည်။ထို တရားမဝင် ငွေမည်းများဖြင့် ခြံမြေများ အိမ်များ တိုက်ခန်းများ ရွှေထည် ရွှေတုံးများ ရတနာသယံဇာတများ ရေနံစက်သုံးဆီများ ကားများ စားသောက်ကုန် လူသုံးကုန်ပစ္စများကို ဝယ်ယူကြသည်။ထိုကခါ တရားဝင်ငွေဖြူက ရှစ်ရာရှိပြီး တရားမဝင် ငွေမည်းက နှစ်ရာ ရှိသောအခါ မူရင်းတရားမဝင်ငွေမည်းတန်ဖိုး နှစ်ရာကိုလည်း နှုတ်ပယ်ရသလို တရားမဝင်ငွေမည်းအတွက် အစားထိုး အသုံးပြုရမည့် ငွေဖြူ နှစ်ရာမှာလည်း နှုတ်ပယ်ရသောအခါ ပြည်သူလူထု၏ငွေ နိုင်ငံတော်ပိုင်ငွေကြေး ရှစ်ရာထဲမှ (နှစ်ကျပ်ကွက်-နှစ်ခါနာ) ထိုလေးရာကို နှုတ်ပယ်ရသဖြင့် တရားဝင် ငွေဖြူချည်းသာဆိုလျှင် တစ်ထောင်ကျပ် ရှိရမည့်အစား ပကတိ ငွေကြေး(GDP)မှာ လေးရာသာ ကျန်ရှိ ပေလိမ့်မည်ဖြစ်သည်။
 
ထို့ကြောင့် စဉ်းစားစရာရှိလာသည်မှာ ထိုကဲ့သို့သော တရားမဝင်ဖြစ်နေသည့် လုပ်ငန်းများကို (မည်မျှပင် ပိတ်ပင်တားဆီးပါစေ ဆက်လက်ဖွင့်လှစ်နေကြဦးမည့် လုပ်ငန်းများကို) တရားဝင်ဖြစ်အောင် လိုင်စင်ချပေးပြီး နိုင်ငံတော်က ပြည်သူလူထုအများအကျိုးအတွက် အသုံးပြုနိုင်စေရန် တရားဝင်အခွန်ငွေများကို ကောက်ခံ အသုံးပြု မည်လား။သို့မဟုတ် အမြစ်ပြတ်အောင် ဖမ်းဆီးအရေးယူပြီး ပယ်သတ်မည်လား ဆိုတာ တိကျ သေချာသော မူဝါဒ တစ်ခုဖြင့် ဆုံးဖြတ်ရပေလိမ့်မည်ဖြစ်သည်။ သို့သော် ထိုတရားမဝင်လုပ်ငန်းများသည် မည်သည့်အကြောင့်နှင့်မျှ မည်သည့်အကြောင်းကြောင်းကြောင့်မျှ ရှုံးနိမ့်ခြင်းမရှိသည့် ဝင်ငွေကောင်းလုပ်ငန်းများဖြစ်ပါသဖြင့် အပြီးသတ် သုတ်သင် ရှင်းလင်းမည်ဆိုသော ရည်ရွယ်ချက်ထားလျှင် ရယ်စရာ ပြက်ရယ်ပြုစရာ လက်ညှိုးထိုးစရာ အပြစ်တစ်ခု ပြောစရာတစ်ခုထက် ပို၍ အကျိုးပြုလိမ့်မည်ဟု မယူဆပေ။သေချာသည်ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဝင်ငွေ ထွက်ငွေ (GDP) စီးပွားရေးအညွှန်းကိန်းများ ရောင်းလိုအား ဝယ်လိုအား ကုန်ဈေးနှုန်း အတက်အကျများကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နေပါသဖြင့် ဖြေရှင်းချင်သည်ဖြစ်စေ မဖြေရှင်းပါဘဲ လက်ရှောင်လိုသည်ဖြစ်စေ အတိအကျ ကျိန်းသေပေါက် မြေကြီးလက်ခတ်မလွဲ ဖြေရှင်းဆောင်ရွက်ပေး ရမည့် အခြေအနေသို့ ဆိုက်ရောက်လာမည် ဖြစ်ပါကြောင်း အသိပေး ကြေငြာမောင်း ခတ်လိုက်ပါသည်။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s