သူတစ်လူ ငါတစ်မင်း ချင်း(ဂျင်း)ထည့်ကြမည်

မော်လမြိုင်၊ ၈ ဖေဖော်ဝါရီ ၂၀၁၉
(သရော်စာ)
မောင်ကျော်စွာတို့တိုင်းပြည်မှာ ငိုအားထက် ရယ်အားသန်စရာတွေက မြေပေါ် မြေအောက် ရေပေါ် ရေအောက် သယံဇာတတွေလိုပင် အလွန်ပေါကြွယ်ဝသည်။ရေမြေသနင်း ရှင်ဘုရင်မင်းတို့ခေတ်ကစလို့ တောပုန်းကြီးများအဖွဲ့တို့ ဓါးပြအဖွဲ့တို့ အလွန်ပေါများခဲ့သည် ဟူသတဲ့။အင်္ဂလိပ်ခေတ်ရောက်တော့လည်း တော်လှန်ရေးအဖွဲ့တွေ သူပုန်အဖွဲ့တွေ ဒုနဲ့ဒေးနဲ့ ရှိခဲ့ကြသတဲ့။ပါလီမန်ဒီမိုကရေစီခေတ်ဦးရောက်ပြန်တော့ တောခိုသူတွေ သောင်းကျန်းသူတွေ အလံဖြူ အလံနက် လက်ပတ်နီ လက်ပတ်ဖြူ ရောင်စုံသူပုန် စသည့်ဖြင့် အမည်နာမ အမျိုးမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြန်သကိုး။
 
အဲဒီနောက်ပိုင်းကနေ ယနေ့အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ တိုင်းရင်းသားတပ်များ လက်နှက်ကိုင်တပ်ဖွဲ့များ သောင်းကျန်းသူများ တရားဝင်အသင်းအဖွဲ့များ တရားမဝင်အသင်းအဖွဲ့များ တရားမဝင်တဝင်အသင်းအဖွဲ့များ အကြမ်းဖက်အဖွဲ့များ တောခိုသူများ သူပုန်များ စသည်ဖြင့် တိုင်းရင်းသားမျိုးနွယ်စုကြီး ၈မျိုး လူနည်းစု တိုင်းရင်းသား အုပ်စုငယ်လေးများ စုစုပေါင်း ၁၃၅မျိုးခန့်ရှိသော ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးတွင် လက်နက်ကိုင်တပ်ဖွဲ့များမှာ တစ်ရာကျော်အထိ ရှိလာခဲ့လေသည်မှာကား ယုံတမ်းစကားတစ်ခု မဟုတ်ဘဲ တကယ်ရှိလာခဲ့တာမဟုတ်လား။ တိုင်းရင်းသား ၁၃၅မျိုး ရှိတော့လည်း လက်နှက်ကိုင်တပ်ဖွဲ့တွေ ၁၃၅ဖွဲ့ရှိအောင် ကြိုးစားနေကြတာလည်း ဖြစ်နိုင်သည်။ အခုရော ဘာများထူသတုန်း ဒီမိုကရေစီလေးက အညှောင့်ထွက်ရုံသာရှိသေးသည် ပါတီကတွေက မရေမတွက် နိုင်အောင် ထူထောင်ပြလိုက်ကြသည်။ပါတီစုံဒီမိုကရေစီဆိုသည့်အတိုင်းပင် ပါတီတွေ စုံနေအောင် အားတက်သရော ထူထောင်ပြကြတာလည်းဖြစ်မည်။ဒီကြားထဲ ပုဂ္ဂလိကအမတ်မင်းများကလည်း ကောင်းကင်ပေါ်က ကြယ်တွေလောက် ရှိသည်။
 
ကျုပ်တို့လူမျိုးဆိုတာကလည်း အလွန်တန်ခိုးရှိသည်။တန်ခိုးထွားဆို မည်သူနှင့်မျှ ပေါင်းဖက် လက်တွဲ၍ မရအောင် တော်ကြသည် တတ်ကြသည် နပ်ကြသည်။နှစ်ယောက်ရှိလျှင် သုံးဖွဲ့ကွဲသည် ဆိုသော စကားမျိုးတွေ ပြည်သူလူထု ကြားမှာ ရေပန်းစားလောက်အောင် ကွဲသည်။ဦးဖြူနဲ့ဦးမည်းက တစ်ဖွဲ့ ဦးဖြူကတစ်ဖွဲ့ ဦးမည်းက တစ်ဖွဲ့ ကွဲပြကြပါလိမ့်မည်။ကွဲချင်ပြဲချင်လို့ ကွဲပြဲနေကြတာတော့ မဟုတ်။အဆင့်အတန်းမတူ ဉာဏ်ရည်မတူ လက်ရည်မတူ ဘာဆိုဘာမှမတူသူတွေက ပုခုံးချင်းယှဉ်ကြ ခြေရာချင်းတိုင်းကြတော့ အဆင်မပြေ။လုပ်ရကိုင်ရ ခက်သည် ပြောရ ဆိုရကြပ်သည် စီမံခန့်ခွဲရတာ တိုင်ပတ်သည် ကစားကွက်တွေပျက်သည်။ထိုကဲ့သို့ ဆိုလျှင် အများပြည်သူတွေ အထိနာလိမ့်မည်။ဒါကြောင့်ပဲ မကွဲမဖြစ် အဖွဲ့တွေ အသင်းတွေ ခွဲထွက်ကြရ ကွဲကြရသည်။ ခေါင်းက ဆံပင်တွေကြည့် အလယ်ကွဲ ဘေးကွဲလေးနဲ့မှ လှသည် အကျီင်္ဆိုလည်း တီရှပ်တွေက မလှ ရိုးသည် ပုံတုံးသည် ရင်ဘတ်ရှေ့က အကွဲကလေး အပြဲကလေးတွေနဲ့မှလှသည် နောက်မှ ပြန်စိချင်လျှင် ဇစ်တွေတပ် ကြယ်သီးတွေတပ်ပြီး ရင်ကြားပြန်စေ့ လို့ရသည်။စကတ်တို့ ထမီတို့ဆိုလည်း ရှေ့ကွဲ နောက်ကွဲ ဘေးကွဲကလေးတွေနဲ့မှ လှသည် မဟုတ်လား။ဒါကြောင့် အကွဲအပြဲကလေးတွေက ပိုလို့လှတတ်သည်။နိုင်ငံခေါင်းဆောင်တွေဆိုတာက မဲဆန္ဒရှင်တွေမျက်နှာ ပြည်သူလူထု မျက်နှာ မိဘပြည်သူများမျက်နှာတွေကို အရိပ်တကြည့်ကြည့်နဲ့ အချိန်ပြည့်ကြည့်ရှုကာ စောင့်ကြည့်နေရသည်။ တော်ကြာ ပြည်သူလူထုက ငြိုငြင်မှာကိုလည်း ကြောက်ရသည်မို့ ပြည်သူလူထုနှင့် တစ်စိတ်တစ်ဝမ်းတည်း လက်ရည်တပြင်တည်း နေတတ်ထိုင်တတ်အောင် ကြိုးစားနေရသည် မဟုတ်လား။ဒါကြောင့် ပြည်သူလူထုတွေ အချင်းချင်းမသင့်မမြတ်ဖြစ်တဲ့အခါ ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲကြတဲ့အခါ ဂိုဏ်းဂဏ မူဝါဒတွေ အထွေထွေအပြားပြားနဲ့ ကွဲကြ ပြဲကြတဲ့အခါ ခေါင်းဆောင်ကြီးတွေခမျာ မနေရဲ မထိုင်ရဲ ပြည်သူလူထုအကြိုက်ကို လိုက်ပြီး ကွဲကြ ပြဲကြ ခွဲခွာကြရတာပေါ့လေ။စိတ်ထဲမှာတော့ သွေးချင်းသားချင်းတွေ ညီရင်းအစ်ကိုတွေအချင်းချင်း ကွဲချင်ပြဲချင်စိတ်ကတော့ဖြင့် လုံးဝ မရှိ ရေးချ မရှိ။ဘာကြောင့် လဲဆိုတော့ ပြည်သူတွေအချင်းချင်း ပါတီဝင်တွေ အချင်းချင်း လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းသာ တရုတ်မျက်နှာ ဝက်မကြည့်နိုင်ဖြစ်ကာ ဆဲကြ ဆိုကြ စောင်းကြ ချိတ်ကြ တိုက်ကြ ခိုက်ကြ သတ်ကြ သေကြနှင့် ဖြစ်နေသော်လည်း နိုင်ငံ့ခေါင်းကြီးတွေကတော့ အစည်းအဝေးတွေ စားပွဲဝိုင်းတွေ ပါတီတွေ ဒင်နာတွေ ညီလာခံတွေ မှာ သဘောတူစာချုပ်တွေချုပ်လိုက် လက်မှတ်တွေထိုးလိုက် လက်ဖက်ရည်လေး ကော်ဖီလေး အအေးလေးသောက်လိုက် ထမင်းတွေစားလိုက် အချိုလေးတည်းလိုက်နဲ့ တစ်ဦးနဲ့တစ်ဦး မျက်နှာပျက်စရာ မျက်နှာနာစရာ ငြိုငြင်စရာလေးများကို အပြုံးကလေးများဖြင့် မချိသွားဖြဲလုပ်ပြကာ ခေါင်းဆောင်တွေအချင်းချင်း စိတ်ဝမ်းမကွဲစေဖို့ အားသွန်ခွန်စိုက်ကြိုးစားနေကြရရှာသည် မဟုတ်လား။ အချို့သူတွေ နိုင်ငံရေးနားမလည်သူတွေက ဒီမိုကရေစီ နုနုထွတ်ထွတ်ကလေးရှိသေးတယ် အပင်ပေါက်ကလေးရှိသေးတယ် သက်တမ်းနုသေးတယ် စသည်ဖြင့် အထင်နှင့် မှန်းတုပ် ရမ်းတုပ်နေတတ်ကြသေးသည်။အမှန်က မဟုတ်ပါ ဒီမိုကရေစီ အခွင့်အရေး အများဆုံး အကြီးမားဆုံး အခိုင်ခံ့ဆုံး နိုင်ငံကိုပြပါဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ခုသာလျှင် ပြစရာ ရှိပေလိမ့်မည်။မောင်ကျော်စွာတို့ နိုင်ငံလောက် ဒီမိုကရေစီ စံချိန်စံညွှန်းမီတဲ့နိုင်ငံဆိုတာ ဘယ်မှာ ရှိသတုန်း။ ခွဲထွက်မယ်လည်းပြောလို့ရသည် ဖက်ဒရယ်လုပ်မယ်လည်း ပြောလို့ရသည် ပီအာစနစ်အကြောင်း ဆိုရှယ်လစ် ဒီမိုကရေစီအကြောင်း အာဏာရှင်အကြောင်း ခရိုနီတွေအကြောင်း ပါတီစုံစနစ်တွေအကြောင်း တစ်ပါတီစနစ်တွေ အကြောင်း ညွှန့်ပေါင်းအစိုးရအကြောင်း အကုန်ပြောလို့ဆိုလို့ လုပ်လို့ကိုင်လို့ရသည်။ပါတီတွေ ကြိုက်သလောက် ဖွဲ့ခွင့်ရှိသည်။အသင်းအဖွဲ့တွေ ကြိုက်သလောက်ထူထောင်လို့ရသည်။အသင်းအဖွဲ့ကနေ ပါတီအဖြစ်ပြောင်းချင်လည်း ရသေးသည်။ကိုယ်ပိုင် တပ်မတော်တွေ ခါးပိုက်ဆောင်လက်နက်ကိုင်တပ်တွေလည်း ထူထောင်လို့ရသည်။ မှတ်ပုံတင် တွေ ကျောင်းသားကဒ်တွေ ထုတ်ပေးမယ် ထုတ်ပေးမယ်ဆိုပြီး အသင်းဝင်ကဒ်တွေ လုပ်လို့လည်းရသေးသည်။ မဲဆွယ်လို့ ရသလို မဲဝယ်လို့လည်း ရသေးသည်။ကြိုတင်မဲတွေလည်း စိတ်ကြိုက်ထည့်လို့ရသည်။ပြည်သူအတွက် ပြည်သူအတွက် လို့လည်း ပြောလို့ရသည်။အမျိုးသားရေး အမျိုးသားရေး လို့လည်း ပြောခွင့်ရှိသည် လုပ်ခွင့် ရှိသည်။ငါ့နိုင်ငံအတွက် ငါ့တိုင်းပြည်အတွက် ငါ့လူမျိုးအတွက် ငါ့တိုင်းနယ်ပြည်နယ်အတွက် ငါ့မြို့နယ်အတွက် ငါ့ရပ်ကွက်အတွက် ငါ့လမ်းအတွက်နဲ့ ငါ့တွေထပ်အောင်ပြောပြီး စည်းရုံးခွင့်တွေ အပြည့်အဝရှိသည်။ကိုယ်ကြိုက်ရာ ဌာနတွေကို အခွင့်ကြုံရင်ကြုံသလို ရာထူးတိုးကာ ပြောင်းလည်းကာ တာဝန်ထမ်းဆောင်ခွင့်တွေရှိသည်။ဘိန်းခင်းတွေ စိုက်လို့ရသည် မူးယစ်ဆေးဝါးတွေ ဖြန့်ချီထုတ်လုပ်လို့ရသည်။နိုင်ငံတကာအထိ ဖြန့်ချီရောင်းချနိုင်သည်။ဒေါ်လာဈေး ရွှေဈေး ဆီဈေး မြေဈေး အိမ်ခြံမြေဈေး စတော့ဈေးကွက်တွေ အကုန်ကစားနိုင်သေးသည်။ငွေမည်းကို ငွေဖြူလည်း လုပ်လို့ရသည် မှောင်ခိုပစ္စည်း တရားမဝင်ပစ္စည်းမှန်သမျှ ပိုင်ရှင်မဲ့လည်း လုပ်လို့ရသေးသည်။အခွန်မဆောင်ပဲ အခွန်ရှောင်လို့ရသည်။ပလက်ဖောင်းတွေပေါ် ဈေးဆိုင်တွေဖွင့်လို့ရသည်။အိမ်ရှေ့တွေ တိုက်ခန်းရှေ့တွေ ကားလမ်းမ ပေါ်တွေ ပလက်ဖောင်းပေါ်တွေမှာ ကားပါကင်ထိုးလို့ရသလို ကားပါကင်ကို ကြိုတင်ဦးထား၍ရသည်။အမှိုက်ကို ပစ်ချင်ရာပစ်လို့ရသည်။ကွမ်းတံတွေးကိုလည်း ထွေးချင်ရာထွေးလို့ရသည်။လူကူးမျဉ်းကျားက မကူးဘဲ ကြုံရာနေရာက ကူးလို့ရသည်။ကုန်းကျော်တံတားပေါ်က မကူးဘဲ ကားလမ်းတွေပေါ်မှာ ကြိုက်ရာနေရာက ဖြတ်ကူး၍ ရသည်။နိုင်ငံပိုင် ဝန်ကြီးဌာနတွေ နိုင်ငံပိုင်လုပ်ငန်းတွေ နိုင်ငံပိုင်စက်ရုံတွေ မှန်သမျှ တရားဝင် အရှုံးပြလို့ရသည်။ဆက်ကြေး လိုင်းကြေး ကန်တော့ငွေ သဒ္ဓါကြေး လက်ဖွဲ့တွေ လက်ဆောင်တွေ အကူငွေတွေ ဂါရဝတရားတွေ ထားကာ ကိုယ်ပေးချင်သူကို ဥပဒေလမ်းကြောင်းပေါ်ကပဲ ဂုဏ်သိက္ခာရှိရှိ တရားဝင် ပေးကမ်းစွန့်ကျဲ နိုင်သေးသည်။ ကဲ အဲသလောက် ဒီမိုကရေစီနည်းလမ်းတကျနဲ့ ကိုယ်ကြိုက်တာကိုယ် စိတ်ကြိုက်လုပ်ခွင့်ရတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ လက်ညှိုး ထိုးပြစရာ ဘယ်မှာရှိသေးလို့တုန်း။ရှိများရှိခဲ့ရင် တစ်နိုင်ငံလောက် မြင်ကြည့်စမ်းချင်သေးသည်။ထပ်ပြိုင်ဦးမလား အိမ်တိုင်းစေ့ မီးမပေးနိုင်လည်းရသည်။လမ်းတွေမခင်းပေးလည်းရသည်။တံတားတွေ မထိုးပေးလည်းရသည်။လျှပ်စစ် မီတာတွေ ရေမီတာတွေကို တစ်ချက်မှမကြည့်ဘဲ မဖတ်ဘဲ လက်တမ်းကောက်လို့ရသေးသည်။မြောင်းလုပ်ရင် အဖုံးတွေမပါဘဲ လုပ်ပေးလို့ရသည်။လမ်းခင်းရင် ဓါတ်မီးတိုင်တွေကို မရွှေ့ဘဲ ဒီအတိုင်းထားခဲ့လို့ရသည်။ကျောင်းတွေ ဆေးရုံတွေ အသစ်ထပ်မဆောက်ပေးလည်း ပြဿနာမရှိ။ဆေးဝါးမလုံလောက်လည်း မှုစရာမလို။သက်ကြီး ရွယ်အိုတွေ ကိုယ်ဝန်ဆောင်တွေ ကလေးတွေ မသန်စွမ်းတွေ ပင်စင်စားတွေကို ထောက်ပံ့ကြေးတွေ အကူအညီတွေ လူမှုရေးပင်စင်တွေ မပေးဘဲထားလို့ရသည်။တစ်နှစ်မှာ ၁၂လလုံးလုံး ပွဲတော်တွေ လုပ်လို့ရသည်။ ဖွင့်ပွဲတွေတိုင်း တက်ရောက်ပြီး ဖဲကြိုးတွေချည်း လှိမ့်ဖြတ်နေလည်း အေးအေးဆေးဆေးပင်။ကဲ ဘာတွေ ထပ်ပြိုင်ချင်သေးသတုန်း။
 
နိုင်ငံတော်ပိုင် အစိုးရပိုင် တပ်မတော်ပိုင် လုပ်ငန်းတွေ ကုမ္ပဏီတွေ စက်ရုံတွေ တည်ထောင်ပြီး စီးပွားရေး လုပ်ကိုင် လို့ရသည်။အစိုးရ သတ်မှတ်သည့် ဈေးနှုန်းထက်တင်ပြီး ရောင်းချခွင့်လည်း ရှိသည်။အရက်ဆိုင် ဘီယာဆိုင် ဘီယာစတေရှင်တွေ ဘားတွေ နိုက်ကလပ်တွေ ကေတီဗွီတွေ မာဆတ်တွေ ရှော့ဘိတွေ ပါဆယ်လုပ်ငန်းတွေ အကုန် လုပ်လို့ရသည်။အင်္ဂလိပ်လက်ထက် ဂျပန်လက်ထက်က အရာတွေအကုန်လုံးကိုလည်း ခေတ်နဲ့အမီ မပြုမပြင် မပြောင်းမလည်းဘဲ အေးအေးလူလူ နှပ်နေ၍ရသည်။ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန် မလုပ်ဘဲ နေလို့ရသည်။ ဆရာဝန် လက်မှတ်ကြီးနဲ့ အဆိုတော် သရုပ်ဆောင် မော်ဒယ် စာရေးဆရာ ဒါရိုက်တာ စသည်ဖြင့် အကုန်လုပ်လို့ရသည်။နယ်တွေမှာ တာဝန်မထမ်းဆောင်ပဲ မြို့ကြီးတွေပေါ်မှာပဲ ကပ်နေလို့ရသည်။ရွေးကောက်ပွဲတွေ မှာ ဆန္ဒမဲမထည့်ပဲ ရှောင်နေလို့ရသည်။ဌာနေတိုင်းရင်းသားတွေ မဟုတ်လည်း နယ်မြေခံတွေမဟုတ်လည်း အဲဒီ တိုင်းနယ် ပြည်နယ် ဒေသတွေက လုပ်ငန်းတွေ သယံဇာတတွေကို လုပ်ကိုင်ခွင့်ရကြသည်။ပညာရေး ကျန်းမာရေး လူမှုဖူလုံရေးတွေအတွက် ဘတ်ဂျက်နည်းနည်းလေးပဲ အသုံးပြုလည်း ရသည်။ဒီထက် ဒီမိုကရေစီပီသပြီး လှပသည့် နိုင်ငံ ဘယ်မှာရှိမည်နည်း။ကဲ ဒီမိုကရေစီ သရဖူကို မောင်ကျော်စွာတို့နိုင်ငံမှ မဆောင်းရရင် ဘယ်နိုင်ငံက ဆောင်းခွင့် ရပါတော့မလဲ။
 
ကမ္ဘာ့အမွေအနှစ်အဆောက်အဦးတွေကို ပြင်ပစ်လိုက်လို့ရသည်။သမိုင်းဝင်အဆောက်အဦးတွေကို ဖျက်ဆီးပစ်လို့ ရသည် ဖြိုဖျက်ပစ်လို့ရသည်။အထင်ကရ နေရာဒေသပတ်ဝန်းကျင်တွေမှာ ဟိုတည် တည်းခိုခန်း ခရီးသွားလုပ်ငန်း တွေ စိတ်ကြိုက်လုပ်လို့ရသည်။ကျောက်သံပတ္တမြား ရွှေ သတ္တု ကြေးနီ ခဲမဖြူ အဖြိုက်နက် ရေနံ ဒန် ဘော် အကုန် တူးခွင့်ရှိသည်။သယံဇာတတွေကို အကုန် နိုင်ငံခြားကို တရားဝင်ရော တရားမဝင်ပါ ထုတ်ရောင်းလို့ရသေးသည်။ ဘုရားသားကွ ကျောင်းသားကွ စစ်သားကွနဲ့ သားသုံးသား ပါဝါလည်း အသုံးပြု၍ရသည်။ဘာမဟာ ညာမဟာနဲ့ နေရာတရာ မဟာတွေထည့်လို့ရသည်။ဘာကြီး ညာကြီးနဲ့ နေရာတကာ ကြီးတွေပြွတ်နေအောင် ထည့်သုံးလို့ရသည်။ မဟာတွေ ကြီးတွေတင်မက ဘာချုပ် ညာချုပ် ဘာမှူး ညာမှူး ဘာချုပ်မှူးကြီး ညာချုပ်မှူးကြီးဆိုတာတွေလည်း ဖောဖော သီသီ အသုံးပြုနိုင်ကြသည်။ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးလည်း လုပ်ချင်သလား ရသေးသည်။
 
ဟော ကြည့် မဲဆွယ်လို့လည်းရသည်။ ဆန္ဒပြလို့လည်းရသည်။ ကန့်ကွက်ပွဲလုပ်လို့လည်းရသည်။ ထောက်ခံပွဲတွေ လုပ်လို့လည်းရသေးသည်။ စစ်တိုက်လို့လည်းရသည်။ ဗုံးခွဲလို့လည်းရသည်။ မြေမြှုပ်မိုင်းတွေ ထောင်လို့လည်းရသည်။ ရေကာတာတွေ ဆောက်လို့လည်းရသည်။ရေနံပိုက်လိုင်းတွေ အရှည်ကြီး နိုင်ငံရပ်ခြားအထိသွယ်လို့လည်းရသည်။ မြေတွေဝယ်ပြီး ဘာမှမလုပ်ဘဲပစ်ထားလည်းရသည်။အခွန်တံဆိပ်မကပ်ဘဲ ဈေးရောင်းစားလည်းရသည်။နိုင်ငံခြားက ပစ္စည်းတွေကို တရားမဝင် မှောင်ခိုသွင်းလည်းရသည်။စာမတတ်ဘဲ ပညာမတတ်ဘဲ ဒေါက်တာဘွဲ့တွေ ရိုးရိုးဘွဲ့တွေ ရနိုင်သေးသည်။ကဲ မောင်ကျော်စွာတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမှာ လုပ်မရတာ ဘာရှိသေးသတုန်း။ ဒီလိုနိုင်ငံကိုမှ ဒီမိုကရေစီဘိုးအေဘွဲ့ ဒီမိုကရေစီဘုရင်ဘွဲ့ ဒီမိုကရေစီသရဖူမပေးရင် ဘယ်နိုင်ငံကိုများ ပေးချင်ကြ သေးသတုန်း။ဒါနဲ့များ မောင်ကျော်စွာတို့နိုင်ငံကို ဒီမိုကရေစီ အပြည့်အဝ မရသေးပါဘူးလို့ ပြောတဲ့သူတွေကို အူလှိုက်သည်းလှိုက်နဲ့ ရယ်ချင်ပက်ကျိဖြစ်ပြီး ငိုအားထက်ရယ်အားသန် ဖြစ်မိတာတော့ အမှန်ပဲခင်ဗျ။ အဲ တစ်ခုတော့ရှိတယ် နိုင်ငံရေးတစ်ခုပဲ လုပ်ရကိုင်ရ နည်းနည်း ခက်ချင် ခက်ပေလိမ့်မယ်။ဒါပေမယ့် အဲသလောက်တော့ စိတ်မပူပါနဲ့ တစ်ထောင်တန် ဆင်းမ်ကဒ်တစ်ကဒ် လေးငါးသောင်းတန် ဖုန်းတစ်လုံးလောက်ရှိရုံနဲ့ ဂျီမေးအကောင့် ဖေ့စ်ဘုတ်အကောင့်တစ်ခုလောက်ဖွင့် အွန်လိုင်းပေါ်တက်ပြီး မျိုးချစ်ပုဂ္ဂိုလ်တွေ သူရဲကောင်းတွေ နိုင်ငံရေး အသိပညာ အတတ်ပညာရှင်ကြီးတွေ လုပ်လို့ရကြောင်းပါဗျာ့။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s