ကျွန်တော်နှင့် ပညာရေးဆိုသည်မှာ

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၉
 
ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ ပညာရေးစနစ်တို့သည် ခဏ ခဏ အသစ်ပြောင်းခဲ့သည် ခဏ ခဏ အဟောင်းတွေဖြစ်ခဲ့သည် ယခုအချိန်အထိ အနာနှင့်ဆေး မတွေ့သေးသလို အားဆေးသွင်းရန် သွေးသွင်း ပေးရန်ပင် သွေးကြောရှာမရဘဲ အပ်ပေါက်ရာပေါင်းများစွာဖြင့် နုန်းခွေနေအောင် လူးလိမ့်ခံနေရရှာသော လူမမာကလေးနှင့်ပင် တူနေသေးတော့သည်။ယခုလည်းပြောင်းသည်။သို့သော် အဓိက အရေးကြီးသော အခန်း ကဏ္ဍများ ကို ပြုပြင်ပြောင်းလဲ တီထွင်ကြံဆခြင်းမျိုးဟု ယူဆ၍မရသေးပေ။အရေးမကြီးသော အပေါ်ယံ စာမေးပွဲ မေးခွန်းများလောက်ကိုသာ ပေါ်ပင် ဟန်ပြသဘောနှင့် ပြောင်းလဲခြင်းမျိုးဟု ယူဆနိုင်စရာ အကြောင်းရှိသည်။အဓိက အရေးကြီးသည်မှာ စာမေးပွဲများ မဟုတ်ပါ စာမေးပွဲမေးခွန်းများမဟုတ်ပါ စာဖတ်လာဖို့ စာတတ်လာဖို့ ပညာတွေ တတ်လာဖို့သာ အဓိက အရေးအကြီးဆုံးဖြစ်သည်။ ယခုမူ ဆေးမြီးတိုများဖြင့် ခဏ ခဏကုသနေသဖြင့် ရောဂါ ကျွမ်းကာ နာတာရှည်ကင်ဆာရောဂါသည်လို ဖြစ်တော့မည့် ပညာရေးစနစ် သင်ကြားရေးစနစ် အထူးပြုမေဂျာများ တိုးချဲ့ပေးခြင်း လက်တွေ့သင်ကြားပေးခြင်း အသက်မွေးဝမ်းကြောင်း ပညာများသင်ကြားပေးခြင်း လက်တွေ့အသုံးချ ပညာများသင်ကြားပေးခြင်း အလွန်အရေးကြီးသော အခြေခံဥပဒေများ တစ်ကိုယ်ရည်သန့်ရှင်းရေးများ အားကစားများ ယဉ်ကြေးမှု စာပေ ဂီတ တူရိယာ ပန်းဆယ်မျိုးပညာများ အရေးပေါ် အသက်ကယ်နည်းပညာများ လောကနီတိများ ပြည့်သူ့နီတိများ ကျန်းမာရေးစောင့်ရှောက်မှု ပညာများကို နိုင်ငံသားတိုင်း မတတ်မနေ မရှိမနေ မဖြစ်ဖြစ်အောင် သင်ကြားပြသပေးရမည့် ပညာရေး နည်းစနစ်အစစ်အမှန်များကို မပြုမပြင်ကြပါဘဲ အပေါ်ယံရွှေမှုန်ကျဲအထဲနွားချေးခံ ဆိုသလိုပင် စာမေးပွဲမေးခွန်းများ စာမေးပွဲစနစ်များကို ပြောင်းလဲလိုက်ယုံမျှဖြင့် ရှေ့ကအတိုင်း ထိုနည်း၎င်းတို့ကိုသာ ဆက်လက်သင်ကြားပေးနေပါက ကလားကြီး နှင့် အရာကြီးသည် ဒုံရင်း ဒုံရင်းသာ ဖြစ်ပြီး ဘာများ ထူးခြားပါ ဦးမည်နည်း။
 
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ပညာရေးစနစ်သည် ဖန်တရာထပ်နေအေင် ရိုက်ပြ နေကြသော မြန်မာvideoဇတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေနှင့်တူသည်။မိသားစုတစ်စုတွင် အဖေလုပ်သူက ဇနီးမယားကိုလည်း နိုင်ပြီး သားသမီးများကိုလည်း သြဇာညောင်းကာ တစ်ခွန်းဆိုတစ်ခွန်း ဒါဆိုဒါ စိုးမိုးချယ်လှယ်ကာ အုပ်ချုပ်စီမံနိုင်စွမ်းရှိပြီး မိသားစုတွင် အခရာကျ၏။သားသမီးများကိုပင် သမီးက ဘယ်သူနှင့်လက်ထပ်ရမည် သားက မည်သူနှင့်သာ ပေါင်းသင်း ထိမ်းမြားရမည် စသည်ဖြင့် အမိန့်တော်ချမှတ်တတ်ပြီး မိခင်လုပ်သူကိုယ်တိုင်လည်း ဝင်ရောက် ပြောဆိုဆွေးနွေးနိုင်ခွင့် မရှိသော ပြောဆိုဆွေးနွေးလျှင်လည်း စကားမပေါက်ရောက်သော မှီခို အဆင့်သာ ဖြစ်သည်။သားသမီးတို့ ကိုယ်တိုင် တစ်ဘဝလုံး ပေါင်းသင်းဆက်ဆံရမည့် သတိုးသား သတိုးသမီးလောင်းများကိုပင် ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်တို့ မရှိဘဲ အမေလုပ်သူကလည်း ဝင်ရောက်လမ်းညွှန်ဆုံးမကာ သုံးသပ်ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ ဖခင်တစ်ဦးတည်း၏ စိတ်သဘောထား အယူအဆဖြင့် ဆိုးဆိုးကောင်းကောင်း မှန်မှန်မှားမှား လက်ခံ ပေါင်းဖက်ရမည့် သဘောဖြစ်သည်။သားသမီးတွေ ဆင်စီးပြီး မြင်းရံတာပဲလိုချင်တယ် ဟုဆိုကာ ငါ့သူငယ်ချင်း သင်္ဘောသားနဲ့ပဲ ယူရမယ် ငါ့မိတ်ဆွေ သူဌေးသားနဲ့ပဲ ယူရမယ် စသည်ဖြင့် အတင်းအကျပ်စီစဉ်လေ့ရှိသည်။ပြီးမှသာ စီစဉ်ထားသူ သတိုးသား သတိုးသမီးလောင်းများမှာ အကျင့်စာရိတ္တ မကောင်းသူ အိမ်ထောင်ရေးဖောက်ပြန်သူ ကလိမ်ကကျစ်များ လူလိမ်များ သူခိုးဂျပိုးများဖြစ်နေသောအခါမှ သားတို့ သမီးတို့ သဘောပါပဲ ဆိုကာ မင်းသားနှင့် မင်းသမီးတို့ကို ဇာတ်ပေါင်းပေးလေ့ရှိသည်။
 
ထိုအရာများမှာ video ဇာတ်ကားများတွင်သာ လုပ်၍ရပေလိမ့်မည် တကယ့် ပြင်ပလောကကြီးတွင် ငါမှားပါပြီ ဆောရီး ဘွာတေး လုပ်လို့မရပါ။ကျောင်းသူကျောင်းသားများ ရင်းနှီးထားရသည်မှာ အချိန်များ အသက်အရွယ်များ ငွေကြေးများ ပညာတတ်မြောက်မှု ညံဖျင်းမှု ရေချိန်များရှိသည်။အချိန်လွန်မှ ဆောရီးလုပ်လိုက်လျှင် တစ်ဘဝစာ ဆုံးရှုံးနေလေပြီးဖြစ်သည်။သားသမီးများကို ချစ်ခြင်း မတော်တရော်များနှင့်တွေ့ဆုံကာ ဖူးစာဆုံမည်စိုးရိမ်ခြင်းဆင်စီးပြီး မြင်းရံတာမျိုးမြင်လိုလျှင် သားသမီးများကို ယောက်ျားများအကြောင်း မိန်းမများအကြောင်း လူ့လောကအကြောင်း ဖြစ်တတ် ပျက်တတ်သည့် အမှားများ အမှန်တရားများအကြောင်းတို့ကို ရေလည်အောင် သေချာကျနစွာ သဘောပေါက် နားလည်အောင် ရှင်းလင်းပြပေးဖို့သာ မိဘကောင်းတို့၏ တာဝန်ဝတ္တရားဖြစ်သည်။မည်သူနှင့်သာ ယူရမည် ဘယ်သူနှင့် ပေါင်းဖက်ရမည် စသည်ဖြင့် ချုပ်ချယ်ကန့်သတ်ပြီး တစ်ချက်လွှတ် အမိန့်ချမှတ်တတ်သည်မှာ မိဘကောင်းတို့၏ အရည် အချင်း အစစ် အမှန် မဟုတ်ပေ။ထိုသို့ပင် ဇနီးသည်ကလည်း လင်ယောက်ျားဖြစ်သူကို မှီခိုနေရသဖြင့် ငါ့လုပ်စာစားတာ ငါ့စကားကို မလွန်ဆန်ရဘူး ငါ့ပြောတာနားထောင် ငါပြောတာအမှန် ငါပြောတာ အတည် စသည်ဖြင့် မိသားစုစည်းဝိုင်း၏ အပြင်ဘက်သို့ ဇနီးမယားနှင့်သားသမီးများကို ဖယ်ထုတ်ထားခြင်းသည် အာဏာရှင် အိမ်ထောင်ဦးစီးသာ ဖြစ်ပေလိမ့်မည်။ မိသားစု ဆိုသည်မှာ စည်းလုံးရမည် ညီညွတ်ရမည် စည်းကမ်း ရှိရမည် သူ့စည်း ကိုယ့်စည်း ရှိရမည် တရားမျှတမှု ရှိရမည် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိရမည် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိရမည် ဆွေးနွေးပြောဆို ငြင်းခုန်ပိုင်ခွင့်ရှိရမည် မိမိ၏ အယူအဆ အတွေးအခေါ် အသိအမြင်တို့ကို ဖော်ထုတ်ပြသပိုင်ခွင့်ရှိရမည် ထိုသို့မဟုတ်ပါက လူအခွင့်အရေး မိသားစုအခွင့်အရေး ဇနီးမယားအခွင့်အရေး သားသမီးအခွင့်အရေး အပြည့်အဝမရရှိသော မိသားစု အတုဖြစ်ပြီး အာဏာရှင်အဖေအောက်က အုပ်ချုပ်ခံ မိသားစု ကလေးသာ ဖြစ်ပေလိမ့်မည်။
 
ပညာရေးတွင်လည်း ထိုသို့သာဖြစ်ပြီး ပညာရေးစနစ်များကို ပြဌာန်းနေသူများမှာ ဖခင်ကြီးများဖြစ်ပြီး ပညာရေး၏ ယန္တရားကို လည်ပတ်ပေးနေသူ ကျောင်းဆရာ ဆရာများများမှာ အိမ်ထောင်ရေး အိမ်တွင်းရေးတာဝန်ကို အပြည့်အဝ နေ့မအား ညမနား တကုပ်ကုပ်ဖြင့် ထမ်းရွက်နေရပါသော်လည်း ဝင်ငွေမရှိဘဲ အိမ်ထောင်ဦးစီး၏ ဝင်ငွေအောက်တွင် မှီခိုစားသောက်နေရပါသဖြင့် မိသားစု အရေးကိစ္စများတွင် လူရာမဝင်သော ပြောရေးဆိုခွင့် မရှိသော မရရှိသော မိခင်များပင်ဖြစ်သည်။ကျောင်းသားများမှာလည်း မိမိတစ်သက်လုံးပေါင်းဖက်ရမည့်သူကိုပင် ရွေးချယ်ခွင့် မရှိသော အစား အသောက် အဝတ် အထည် အနေ အထိုင် အားလုံးကို မျက်စေ့ဒေါက်ထောက်ကြည့်ကို ဟိုဟာမလုပ်ရ သည်ဟာ လုပ်ရမယ် ဟိုဟာ မစားရ သည်ဟာပဲ စားရမယ် ဟိုဟာမယူရ သည်ဟာ ယူရမယ် စသည့်ဖြင့် အစစ အရာရာ လိုက်လံ ချုပ်ချယ်ခံနေရသော သားသမီးများလိုပင် ဖြစ်သည်။
 
ပြည်ထောင်စုမြန်မာနိုင်ငံသားများကို အမှန်တကယ်ပညာတတ်စေလိုလျှင် အစစ်အမှန်စေတာရှိရိုးမှန်လျှင် ပညာရေး စနစ်ကြီးတစ်ခုလုံးကိုသော်လည်းကောင်း သင်ရိုးညွှန်းတန်းများကိုသော်လည်းကောင်း အထူးပြုမေဂျာများ ထပ်တိုးပေးခြင်း ကိုသော်လည်းကောင်း အသက်မွေးဝမ်းကျောင်းပညာရပ်များကိုသော်လည်းကောင်း လက်တွေ့ အသုံးချ ပညာရပ်များကို သော်လည်းကောင်း ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်းတို့ကို မဖြစ်မနေထည့်သွင်းကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရတော့မည်မှာ မြေကြီးလက်ခတ်မလွဲ အသေအချာပင်ဖြစ်သည်။ထို့အပြင် အခြေခံဥပဒေများ ဥပဒေပုဒ်မများ အရေးပေါ်အသက်ကယ်နည်းများ ရှေးဦးသူနာပြုစုနည်းများမှာ လောကနီတိများ ပြည့်သူ့နီတိများ အနုပညာတစ်ခုခု အားကစားတစ်ခုခု စသည်တို့မှာ မြန်မာနိုင်ငံသား ကျောင်းသားတိုင်း မဖြစ်မနေ တတ်မြောက်နားလည်ထားရမည့် အရာများဖြစ်သည့်အတွက် ကျောင်းပညာရေးတွင် အဓိကထားကာ သင်ကြားပြုစု ပေးရမည့် အရာများပင် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားကြရပေလိမ့်မည်။ပညာရေးဆိုသည်မှာ စာချည်း တစ်ခုတည်း နှင့် ရပ်တည်၍မရသည်ကို အားလုံးအသိပင် ဖြစ်ပြီး အသိပညာ အတတ်ပညာ ကိုယ်ပိုင်အရည်အချင်း အယူအဆ အတွေးအခေါ် စွန့်ဦးတီထွင်မှု အိုင်ကျု အီးကျူ စသည်တို့ကို အချိုးညီညီ သင်ကြားပြုစုပေးမှသာ ပြည်ထောင်စု မြန်မာနိုင်ငံသားကောင်း အလောင်းအလျာများကို လက်ဝယ်ပိုင်ပိုင် ရရှိ ရောက်ရှိလာပြီး ကမ္ဘာ့အလယ်တွင် လက်မထောင်နိုင် ခေါင်းမော့နိုင် ရင်ကော့နိုင်သော ပညာရေးဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည် ဆောင်ပုဒ်ကို အကောင်အထည် အတိအကျ ဖော်ဆောင်ကာ ခေါင်းထောင်နိုင်ပေလိမ့်မည်။
 
ထို့အပြင် ပြင်ပလက်တွေ့ဘဝတွင် အောင်မြင်နေကြသော နယ်ပယ်အသီးသီးမှ အတတ်ပညာရှင် အသိပညာရှင် အနုပညာရှင်များနှင့် ကျောင်းသားများကို တစ်ပတ်တစ်ကြိမ် တစ်လတစ်ကြိမ် စသည်ဖြင့် တွေ့ဆုံဆွေးနွေးပွဲများ စကားဝိုင်းများကို ကျောင်းသို့ဖိတ်ခေါ်၍သော်လည်းကောင်း ကျောင်းပြင်ပတွင်သော်လည်းကောင်း ပြုလုပ်ပေးသင့် သည်။ မိခင်ဘာသာစကားနှင့်သင်ကြားရေးကိုလည်း အထူးတလည်ထည့်သွင်းစဉ်းစားသင့်ပြီး နိုင်ငံခြားဘာသာများကို တော့ ထိုသက်ဆိုင်ရာ နိုင်ငံသားများကိုသာ အကူအညီတောင်းဆိုခြင်းဖြင့်သော်လည်းကောင်း ဖိတ်ခေါ်၍သော် လည်းကောင်း စာချုပ်စာတမ်းများဖြင့် ခေါ်ယူငှားရမ်းခြင်းဖြင့်သော်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် တတ်မြောက်အောင် သင်ကြားပေးသင့်သည်။
 
ပြည်ထောင်စုမြန်နိုင်ငံသားများ အမှန်တကယ်လိုအပ်နေသည်မှာ မေးခွန်းလွှာများပြောင်းလဲမှု မဟုတ်ပေ စာမေးပွဲ အစီအစဉ်များပြောင်းလဲမှု မဟုတ်ပေ။ပညာများကို တကယ်တတ်မြောက်လာဖို့ဖြစ်သည် အရည်အချင်းတွေ ရှိလာဖို့ပင် ဖြစ်သည် ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေ ကိုယ်ချင်းစာတရားတွေ အချင်းချင်း ဖေးမ ကူညီတတ်သူတွေ သိက္ခာ သမာဓိကိုနားလည်သူတွေ သစ္စာတရားကိုသိသူတွေ ကျင့်ဝတ်များကို စောင့်ထိန်း တတ်ကူတွေ ဗြဟ္မာစိုတရားကို လက်တွေ့ ကျင့်သုံးလိုက်နာတတ်သူတွေ အိုင်ကျူ အီးကျူ ညီမျှစွာ ဖွံ့ဖြိုးလာသူတွေကို လိုအပ်နေခြင်းပင်ဖြစ်ပါသည်။ လူသားတစ်ဦး တတ်မြောက်တားသော အရည်အချင်း အသိပညာ အတတ် ပညာများထက် မည်သည့် ဘွဲ့လက်မှတ်များ ထောက်ခံစာများ သင်တန်းဆင်း လက်မှတ်များကို ပိုမို ယုံကြည် ရမည်နည်း။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s