အမှိုက်ကောက်မှာလား တိုက်ဆောက်မှာလား

မော်လမြိုင်၊ ၂၀ ဇန်နဝါရီ ၂၀၁၉
 
ပြည်သူလူထုတို့ကိုယ်တိုင် ပါဝင်ဆင်နွဲနိုင်သည့် စည်ပင်ရွေးကောက်ပွဲကြီးကား ရောက်ရှိလို့လာလေပြီ။ ပြည်သူ လူထုတို့၏ အငြိုညင်ခံခဲ့ရဖူးသော အခြေအနေဆိုးများ အတွင်းကျေအိပ်မက်များထဲက နိုးထသက်ဝင်ရန် စည်ပင်ဌာန ထိပ်ပိုင်းခေါင်းဆောင်နေရာများတွင် အရပ်သား အမှုထမ်း အရာထမ်းခေါင်းဆောင်များကို မဖြစ်မနေ ရယူကြပြီး စီမံခန့်ခွဲ့ခြင်း လုပ်ငန်းဆောင်တာများကို လွယ်ကူ ထိရောက် သက်သာ အောင်မြင်ပြီး အများပြည်သူတို့ကို အကျိုးပြုသော ဌာနတစ်ခုအဖြစ်သို့ အလျှင်အမြန်ရောက်ရှိလာနိုင်စေရန် ပြည်သူလူထု တစ်ရပ်လုံးက ဆန္ဒမဲများဖြင့် ထုတ်ဖော်ပြသရမည့်အချိန်အခါကောင်းဖြစ်ပေသည်။
 
ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကမ်းနားညဈေးတန်း တဖြစ်လဲ လမ်းဘေးပလက်ဖောင်းပေါ်မှ စည်းကမ်းမဲ့ ဈေးသည်များ ရှင်းလင်းရေးတိုက်ပွဲကြီးသည်ကား သက်တမ်းအနည်းငယ်ရင့်သန်လာသည်နှင့်အမျှ အနာ အဆာများ အမာရွတ်များ ဒဏ်ရာ ဒဏ်ချက်များ အတွင်းလှိုက်စားနေသောပြည်ပုတ်များ သွေးဆိုးသွေးညစ်များကို တနေ့တခြား တွေ့မြင်လာရလေပြီ။ထို ကမ်းနားညဈေးတန်း အောင်မြင်ခြင်း မအောင်မြင်ခြင်းထက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှ လမ်းဘေးဈေးသည်များ အနှေးယျာဉ်များ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်သူ ကွမ်းသွေးထွေးသူ အိမ်ရှေ့ တိုက်ခန်းရှေ့ များတွင် ဆိုင်ခန်းနေရာဦးသူ ကားပါကင်နေရာဦးသူများကတော့ အရင်ကလောက် မများတော့သော်လည်း အရင်လို ရှိနေကြဆဲပင်ဖြစ်သည်။အရင်လို ရှိနေကြဆဲဆိုတာက အရင်လိုပဲပေါ့ဗျာ အချိန်ပြောင်းသွားတယ် နေရာတွေ အနေ အထားတွေ နည်းနည်းလေးပြောင်းသွားတယ် ရွှေ့ရပြောင်းရလွယ်အောင် အဆင်သင့်ပြင်တတ်လာကြတယ် အခုချက်ချင်း ဆိုင်ခင်း အခုချက်ချင်းဆိုင်သိမ်း ဒါမျိုးလေးတွေကို ကျွမ်းကျွမ်းကျင်ကျင်ကို လုပ်တတ်လာကြတယ်။အဲဒါ လမ်းဘေးဈေးသည်တွေရဲ့ တိုးတက်မှုလို့ပဲ ဆိုရမလား ဝန်ကြီးချုပ်ရဲ့ ရှုံးနိမ့်မှုလို့ပဲ ပြောရမလား စည်ပင်ဝန်ထမ်းတွေ ရဲ့ သူမသာ ကိုယ်မသာ မြွေမသေ တုတ်မကျိုး စံမံခန့်ခွဲမှု အတတ်ပညာ၏အစွမ်းလို့ပဲ ချီးကျူးရမလား အပြောရ အဆိုရ အမည်ပေးရ ခက်လှသည်။စည်ပင်ဌာနတွင် လုပ်ပိုင်ခွင့်အမိန်အာဏာများကို ကိုင်ထားသူများက တစ်ဖွဲ့ အမိန့် ကြေငြာစာများအတိုင်း လိုက်လံဖမ်းဆီးထိန်းသိမ်းခြင်းတာဝန်များကို ပြုလုပ်သူများက တစ်ဖွဲ့ ထိုကဲ့သို့အဖွဲ့အစည်းများ လာမည် စစ်ဆေးမည် သိမ်းဆည်းမည် စသည်တို့ကို ကြိုတင်သတင်းပေးကာ ဈေးသည်များနှင့်အတူ အကျိုးတူ ပူးပေါင်းလျက် မနုသီဟဇာတ်ကွက်ခင်းနေကြသူများက တစ်ဖွဲ့ အမှိုက်ခွန် ရေခွန် တိတ်တိတ်ခွန် တိုးတိုးခွန်များကို သီးသန့်ကောက်ခံကြသူတို့က တစ်ဖွဲ့ ဖြစ်ဟန်တူသည်။ထို့ကြောင့် အခွန်ကောက်စရာရှိသူတို့ကတော့ အခွန် ကောက်စရာရှိတာ ကောက်သည် ညှိနှိုင်းစရာရှိတာညှိနှိုင်းသည် ကျန်တာတွေ ဘာမှမသိ နောက်ပိုင်းကိစ္စများကို သူတို့ စိတ်မဝင်စားတော့ပေ။ဥပဒေမူကြမ်းရေးသူတို့ကရေးသည် ဥပဒေထုတ်သူတွေကထုတ်သည် စည်းကမ်း ထုတ်သူတွေက ထုတ်သည် လိုက်နာကြတာ မလိုက်နာကြတာတွေကတော့ သူတို့နှင့်မဆိုင်တော့သလိုပင် စိတ်ချ လက်ချ စိတ်အေးချမ်းသာစွာ နေလိုက်ကြပုံရ၏။အမိန့်များ စည်းကမ်းချက်များအတိုင်း မည်းမည်းမြင်ရာ ဖမ်းဆီးသူတွေကလည်း စိတ်မထင်လျှင် မထင်သလို အခန့်မသင့်လျှင် မသင့်သလို စိတ်အလိုမကျလျှင် မကျသလို တစ်ခါတလေ အလျှိုလျှိုပေါ်လာတတ်ပြီး အကြာကြီး မေ့မေ့ပျောက်ဖြစ်သည်အထိ ပြဿနာတစ်ခုခု ဖြစ်ချိန်အထိ ပျောက်နေတတ်ကြပြန်သေးသည်။ထိုကဲ့သို့ဖြစ်တော့မည်အချိန်တွင် ညှိနှိုင်းထားတတ်ကြသူ လူရည်လည် လမ်းဘေး ဈေးသည်များကတော့ လွတ်နေကြမြဲသာဖြစ်သည် ဖမ်းမည့်သူများထက်အရင် စောစီးစွာ သတင်းရထားကြပြီး သကာလ ဈေးဆိုင်များ ပြောင်းရွှေ့ပြီး ဇိမ်ကလေးနှင့် နှပ်နေတတ်ကြလေသည်။စသုံးလုံး စီအိုင်ဒီ အက်စ်ဘီတို့ထက် သတင်းရင်းမြစ်ခိုင်မာပြီး တိကျသေချာသည့် ထောက်လှမ်းရေးသမားများမှာကား လမ်းဘေးဈေးသည်များ အနှေးယျာဉ်လုပ်သားများ သာဖြစ်ကြသည်ဆိုလျှင် လွန်အံ့မထင်။အမှိုက်ခွန် ရေခွန် မီးခွန် တိုးတိုးခွန် တိတ်တိတ်ခွန် ကောက်သူများကလည်း ဒါကတော့ အမှိုက်ခွန်သာဖြစ်သည် ရေခွန်သာဖြစ်သည် အိမ်ရှေ့တွင် ပလက်ဖောင်းပေါ်တွင် လမ်းမများပေါ်တွင် တရားဝင်အဖီထိုးကာ ဈေးဆိုင်ဖွင့်ပြီးရောင်းခွင့်မဟုတ် ကားပါကင်နေရာဦးထားကာ ငါ့ပိုင်ဟု မောင်ပိုင်စီးခွင့်မဟုတ် ဈေးသည်များကို နေရာပြန် ငှားခြင်း ရောင်းချခြင်းပြုလုပ်ခွင့်မဟုတ် စသည်ဖြင့် သေသေ ချာချာ ဂဃနဏ ပြောဆိုရှင်းလင်းပြပြီး ကောက်ခံခြင်းမရှိလေသောအခါ ထိုကဲ့သို့ ရေခွန် မီးခွန် အမှိုက်ခွန် တိုးတိုးခွန် တိတ်တိတ်ခွန်များ ပေးချေထားသူတို့က ထိုအများပိုင် ပြည်သူပိုင် စည်ပင်ဌာနပိုင် အစိုးရပိုင်နယ်မြေများ ပလက်ဖောင်းများ လမ်းမများပေါ်တွင် တစ်နှစ် နှစ်နှစ် သုံးလေးငါးနှစ်ကြာလာလေသောအခါ ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ဟု အထင်ရောက်ကာ အခွန်ပြေစာများကို သူခိုးရွှေရတပြပြလုပ်လျှက် ရွှေအေး ခေါင်းပေါ်တက် လုပ်လာကြ၏။အထက်အမိန့်များ စည်းကမ်းနည်းလမ်းများဖြင့် ထိန်းသိမ်းလာသောအခါတွင်လည်း သခင်မျိုးဟေ့ တို့ဗမာ ဇာမဏီမျိုးဟေ့ အမွှေးတစ်ပင်အကျွတ်မခံဘူး ကမ္ဘာမကြေ မြန်မာပြေ တစ်လက်မမှ အထိမခံဘူး တွေ ဖြစ်လာကြ၏။အမှန်မှားကား အစ မကောင်းသဖြင့် အနှောင်းမသေချာခြင်းသာဖြစ်သည်။အရင်က မရှင်းခဲ့သဖြင့် အခု ရှုပ်လာခြင်းသာဖြစ်သည်။အခုမှ မည်သူမှားသည် မည်သူမှန်သည် မည်သူက တရားသည် မည်သူက မတရား မည်သူတွေက သနားစရာကောင်းသည် မည်သူတွေက မုန်းစရာကောင်းသည် စသည်ဖြင့် ငြင်းခုန်နေရန် အချိန် မဟုတ်ပေ။မျိုးဆက် နှစ်ဆက် သုံးဆက်ခန့် မှားယွင်းခဲ့သော မူဝါဒအလွဲအမှားများ စီမံခန့်ခွဲမှုအလွဲအချော်များ၏ အကျိုးသက်ရောက်မှုများသာဖြစ်ကြောင်းကို သတိထားကာ နားလည်ကြဖို့လိုမည်ဖြစ်သည်။ဒို့ ဘကြီးက စိတ်တိုရင် အလုပ်တအားလုပ်တာကွ ဒါပေမယ့် သေသာသေသွားတယ် တစ်ဘဝလုံး တစ်ခါမှ စိတ်မတိုသွားဘူး ဆိုသည့် ပုံပြင်လေးကဲ့သို့ တစ်ခါမှ မရှင်းလင်းခဲ့သော လုပ်ငန်းစဉ်များမှာ အခုခေတ်တွင်မှ ငါးတကာ ယိုတဲ့ချေး ပုဇွန်ဆိတ် ခေါင်းပေါ်ကျဖြစ်ကာ မရှုပ်မရှင်း လုပ်ခဲ့သော အရာများအားလုံးသည် ယနေ့ မရှင်းမရှုပ် အခြေအနေများ ပြဿနာများ အနေအထားများကို လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ သမိုင်းပေးတာဝန်တစ်ခုကဲ့သို့ ပုခုံးပေါ်သို့ တိတိ ပပ ကျရောက်လာခဲ့ခြင်းသာဖြစ်သည်။ထိုကြောင့် တလောကပင် စမ်းချောင်းမှ အမတ်မင်းတစ်ဦးက ရန်ကုန်မြို့တော်ဝန်ကို ငဖြီးကြီးဟု ပြောဆိုကာ ဟာကွက် ပျော့ကွက် အချက်အလက်များကို ထောက်ပြလျက် ပြောဆိုခဲ့သေးသည် မဟုတ်တုံလော။ထိုသို့ ပြောဆိုပြီးလတ္တံ့သောအခါ စမ်းချောင်းတစ်ခွင် ပြဲပြဲစင်အောင် ရှင်းလင်း ပစ်လိုက်သည်မှာကား တိုင်းသူပြည်သား အများအသိပင် ဖြစ်လေတော့သည်တကား။
 
တခါသားက အတော်အတန်ကြီးမားသော သိမ်ကြီးဈေး ဒီရုံမှ အမှိုက်ပုံတစ်ခုကို ရှင်းလင်းရန် ကြုံကြိုက်လေသည်။ ထိုအမှိုက်များထဲတွင် ရောင်းစား၍ရသော အတိုအထွာများလည်းပါသလို အမှိုက်ပုံသို့သွားရောက်ကာသွန်ပစ်ရမည့် အမှိုက်များလည်းပါဝင်လေသည်။အစုတ်အဟောင်းများဝယ်သူများကို လိုက်ရှာပြီး ညှိနှိုင်းကြည့်သည်။နှိမ်ချင်သူက ခပ်များများတွေ့သည့်မို့ ထိုနည်းလမ်းကို လက်လျော့လိုက်၏။အပြီးအစီးဖြင့် အမှိုက်ပစ်မည့်သူကို လိုက်ရှာကြည့်တော့ ထိန်ပင်အမှိုက်ပုံအထိ လေးသိန်းခွဲခန့်တောင်းသည်။ထိုဈေးနှုန်းမရှိမှန်းသိသဖြင့် လက်ရှောင်လိုက်သည်။နောက်မှ သိရသည်မှာကား ထိုအဖွဲ့သည် အလုံမှ စည်ပင်အရာရှိအဖွဲ့ဟု သိရလေသည်။နိုင်ငံတော်ပိုင်ကား နိုင်ငံတော်ပိုင် ဝန်ထမ်းများဖြင့် နိုင်ငံတော်ပိုင် အမှိုက်ပုံသို့ အမိုက်ပစ်ခြင်းကို လေးသိန်းကျော်တောင်းရက်သတဲ့လား။ ထို့ကြောင့် ညဘက်တွင် တွန်းလှည်းကလေးများဖြင့် အမှိုက်သိမ်းသော စည်ပင်ဝန်ထမ်းများနှင့် ချိတ်လိုက်သည် တစ်ပတ်အတွင်း အပြီးရှင်းပေးမည် ငွေရှစ်သောင်းလောက်တော့ ပေးပါဟုဆိုသဖြင့် အဆင်ပြေသွား၏။နောက်ရက်တွင် ကျွန်တော်တို့ မလုပ်နိုင်တော့ပါဟု ဆိုလာသဖြင့် နားမလည်နိုင်အောင်ဖြစ်ရလေသည်။နောက်မှ ကိုယ်နည်း ကိုယ့်ဟန်ဖြင့် လိုက်လံစုံစမ်းကြည်ရာ အထက်မှ အရာရှိများက ငါတို့နဲ့ ညှိထားပြီးပြီ လေးသိန်းကျော်တောင်းထားတယ် မင်းတို့ ရှစ်သောင်းနဲ့ သိမ်းပေးလို့မရဘူး ဟူသတဲ့။ထို့နောက် မည်သို့မှ အဆင်မပြေသည့်အဆုံး ဘုရင့်နောင်မှ ပစ္စည်းဟောင်းများဝယ်သော ဒိုင်တစ်ခုဖြင့် ချိတ်ဆက်မိပြီး အမှိုက်ပုံကို မိမိဘာသာ အသုံးဝင်သည့်အရာများကို ရှာဖွေရှင်းလင်းကာ ကြိုက်ရာယူပါဟု ဈေးညှိလိုက်ရာ သူတို့ အလုပ်သမား သူတို့ကားဖြင့် သူတို့ကိုယ်တိုင် လာရောက်ရှင်းလင်းပေးသွားပြီး အမှိုက်ထဲမှ ရွှေမဖြစ် ရွှေမထွက် သော်လည်း ငွေသားတစ်သိန်းတိတိကိုတော့ဖြင့် ရလိုက်လေသည်။ကျန်သော အမှိုက်ပုံတစ်ဝက်ကိုတော့ နောက်ဖေး လမ်းကြားများ ရေမြောင်းများရှင်းလင်းသည့် စည်ပင်မှ နေ့စားအလုပ်သမားများဖြင့် ရှင်းလင်းထုပ်ပိုးကာ ကားငှားပြီး ထိန်ပင်အမှိုက်ပုံသို့ ပို့လိုက်ရသည်။ ထို့အပြင် တွန်းလှည်းဖြင့် လမ်းများတွင် လှည့်လည်သွားသွားလာပြီး အမှိုက်သိမ်းနေကြသော ဝန်ထမ်းများတွင်လည်း သူ့ချိတ် နှင့်သူ အချိတ်အဆက်မိမိ လမ်းကြောင်းများရှိသည်။မာဆတ်ခန်းများ ကေတီဗွီများ ဘီယာဆိုင်များ ဟိုတည်များ စားသောက်ဆိုင်များတွင် လပေးဖြင့် တစ်ပတ်တစ်ခါပေးဖြင့် တစ်ရက်တစ်ခါပေးဖြင့် အမှိုက်များကို သိမ်းယူပေးသော စနစ်တစ်ခုရှိသည်။တစ်ရက်လျှင် ထိုကဲ့သို့သော ဆိုင်တစ်ဆိုင်လျှင် ငါးရာ တစ်ထောင်မှ နှစ်ထောင်ခန့်အထိ ရရှိတတ်ကြသည်။မာဆတ် ကေတီဗွီ နှင့် ဟိုတည်များကတော့ အားလုံးထက် အများဆုံးရတတ်ကြသည်မှာလည်း အကြောင်းရှိသည်။ထိုနေရာများတွင် အမျိုးသားသုံး အမျိုးအမီးသုံး အဖော်များကို နေစဉ်နှင့်အမျှ ဖျောက်ဖျက် နေရသည့် လုပ်ငန်းများဖြစ်သောကြောင့် တောင်းသလောက်ကိုလည်း အငြင်းအခုန်ပြုလုပ်လေ့ မရှိကြပေ။ ရန်ကုန်တိုင်းတွင် ထိုကဲ့သို့ တစ်ရက်လျှင် ငါးရာ တစ်ထောင်ဖြင့် အမှိုက်ပစ်နေကြသည့် ဆိုင်များ၏ နိုင်ငံတော်ဘတ်ဂျက်ထဲသို့ မရောက်ရှိသော တစ်လစာ ငွေစာရင်းကိုပြုစုကြည့်ပါက ဆေးရုံတစ်ရုံ သို့မဟုတ် စာသင်ကျောင်း တစ်ခု ဆောက်လုပ်ရန် လုံလုံလောက်လောက်ရှိပေလိမ့်မည်ထင်သည်။ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာဆိုလျှင် ည ၇နာရီမှ ည ၁၂နာရီအထိ အချို့ နံနက် နှစ်နာရီခန့်မှ နံနက် ၇နာရီခန့်အထိ အချို့ အဆိုင်းများဖြင့် အမှိုက်သိမ်းနေကြသော ဝန်ထမ်းများအချို့သည် အမှိုက်ကားမလာမီ ရောင်းတမ်းဝင် သံတိုသံစ ပလပ်စတစ်ဗူး သံဗူး သစ်သား ပန်းကန်ခွက်ယောက် စသည်တို့ကို အလှည့်ကျဖြင့် ကြိုတင်ကောက်ယူထားကာ သေသေချာချာ ကျကျနနသိမ်းထုပ်ပြီး နောက်ဆုံးအဆင့် အမိုက်အစစ်များကို အမှိုက်ကားထဲသို့ ထည့်ပေးလိုက်ကြ လေတော့သည်။ထိုအမှိုက်များမှာကား စည်ပင်ဝန်ထမ်းများအတွက်သာ အမှိုက်ဖြစ်ပြီး ထိန်ပင်အမှိုက်ပုံအနီးတွင် စုပြုံကာ တစ်အိုး တစ်အိမ် တစ်မြို့ တစ်ရွာ တစ်နိုင်ငံ ထူထောင်ထားကြသူများအတွက်ကတော့ အမှန်တကယ်ကို ရွှေဖြစ်သည်။ အမှိုက်က ရွှေဖြစ်တယ်ဆိုတာ မယုံကြည်သူများအဖို့ ထိုကဲ့သို့ အမှိုက်ပုံများတွင် လေ့လာရေးခရီး ထွက်သင့်သည်။ထိုအမှိုက်ပုံများကို ရောင်းမည်ဆိုလျှင် ဂျပန်တို့ ကိုရီးယားတို့က ဝမ်းသာအားရ ခုန်ပေါက် ရောက်ချလာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။နည်းပညာ အားနည်းသော နိုင်ငံအတွက်တော့ ဒါတွေက အမှိုက်သာဖြစ်ပြီး နည်းပညာတိုးတက်သော နိုင်ငံများအတွက်တော့ ရွှေပုံ ငွေပုံကြီးသာဖြစ်သည်။ ရန်ကုန်မြို့ပြင်က မြို့နယ်များမှာတော့ ညဦးပိုင်းတွင်သာ ထိုကဲ့သို့ရှာဖွေတတ်ကြသည်။အမှိုက်ပစ် ခေါင်းလောင်းထိုးသံကိုလည်း အမှိုက်လားချိန်တွင် ခေါင်းလောင်းထိုးသည်နှင့်မတူ အမှိုက်ကားပြန်ချိန်တွင် ခေါင်းလောင်း ထိုးသလား ထင်မှတ် မှားရပေသည်။ခေါင်းလောင်သံကြားမှ အမှိုက်သွားပစ်လျှင် မည်သည့်အခါမှ အမှိုက်ကားကို မီလေ့မရှိပေ။
 
ကျွန်ပ်တို့ ပြည်သူလူထု၏ နေ့စဉ်စွန့်ပစ်နေသော အမှိုက်များကို ဒါက ပြန်လည်အသုံးပြု၍ရသောအရာ ဒါက သစ်ပင်သစ်သားသစ်ရွက် ဒါက သံတိုသံစသွပ်ကြေးဒန်သတ္တုများ ဒါက ပလပ်စတစ်ရာဘာတာရာဖိနပ် ဒါက စက္ကူ ကဒ်ထူ စသည်ဖြင့် အမှိုက်များက ရွှေသား ငွေသားများထွက်ကာ နိုင်ငံတော်ဘတ်ဂျက်ကာမိအောင် ထိုဘတ်ဂျက်များ ကိုလည်း အများပြည်သူတို့အတွက် အကျိုးရှိသော ကျန်းမာရေး ပညာရေး သက်ကြီးရွယ်အိုများ ကလေးများ ကိုယ်ဝန်ဆောင်မိခင်များတို့၏ အရေးအရာများစွာတို့တွင် ထောက်ပံကြေးပေးနိုင်အောင် စီမံဆောင်ရွက်တတ်သူများ ကိုယ်ကျိုးမဖက် အများအတွက် အားကျိုးမာန်တက် အလုပ်နှင့်လက်မပျက် အောင်မြင်စွာဆောင်ရွက်တတ်သူများ တော်လည်းတော် ကောင်းလည်းကောင်းသော လူတော်လူကောင်း နိုင်ငံခေါင်းဆောင်ကောင်းများကို မျှော်လင့် တောင့်တ နေကြပါကြောင်း အသိပေး ကြေငြာမောင်း ခတ်လိုက်ရပါသည်။ပြည်သူလူထုတို့ကလည်း မိမိတို့ အားကိုး ထိုက်သော ယုံကြည်လေးစားသော အသိပညာ အတတ်ပညာ အတွေးအခေါ် အမြှော်အမြင်တို့နှင့်ပြည့်စုံသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကျေးဇူးကိုသိသော အမှန်တကယ် စိတ်ပါဝင်စားကာ ထူးချွန်အောင်မြင် ပေါက်မြောက်အောင် ဆောင်ရွက်လိုစိတ်ရှိသော ခေါင်းဆောင်အလောင်းအလျာများကို နေရာပေးခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးကြဖို့ လိုအပ်ပါကြောင်းကို ထပ်လောင်း သတိပေးရင်း အမှိုက်ကောက်ရင်း တိုက်ဆောက်သူများအစား အမှိုက်ကောက်ပြီး ခရီးပေါက်သူများ ခရီးရောက်သူများကို ရွေးချယ်နေရာပေးကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း အချက်ပေးခေါင်းလောင်း ထိုးကာ လှုပ်နှိုးလိုက်ရပါသည်။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s