နက်မှောင်ကြီး

မော်လမြိုင်၊ ၁၅ ဇန်နဝါရီ ၂၀၁၉
(ဝတ္ထုတို)
 
ခုဆို နက်မှောင်ကြီးကို ကျွန်တော် ချစ်သွားပြီ။
ချစ်တော့လည်း အစွဲအလန်းကြီးသူပီပီ၊ နက်မှောင်ကြီး၊ နက်မှောင်ကြီးနဲ့ နှုတ်ဖျားက မချ။ စားလည်း အတူတူ၊ အိပ်လည်းအတူတူ၊ ကျောင်းသွားရင်တောင် နက်မှောင်ကြီးနဲ့မှ။
အရင်ကလား၊ ရွံလွန်းလို့ အနားတောင်မကပ်။ စာနာစိတ်မရှိဘူး ဆိုဆို၊ အဖေတို့ အမေတို့ အစ်ကိုကြီးတို့ ဖူးဖူးမှုတ်နေသည်ကိုပင် အမြင်ကပ်နေမိပါတယ်။ တကယ်လည်း သူတို့က ကျွန်တော်ထပ်ပိုပြီး လူသားဆန်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်ညီလေး မမွေးခင်ကဆိုတော့ ကျွန်တော်က အငယ်ဆုံး၊ အထွေးဆုံးမို့လား၊ အလိုလိုက်ခံရလို့ နွဲ့ဆိုး ဆိုးချင်တာလား မသိ၊ ကျွတ်ဆတ်ဆတ် ဗွေဆိုးနဲ့ပေါ့။
ခင်ဗျားတို့လည်း စဉ်းစားကြည့်ပါလေ။
တစ်ညနေ မိုးတွေ လေတွေထဲ၊ အဖေက သူ့ထင်းထမ်းဆိုင်းနဲ့ နက်မှောင်ကြီးကို ထည့်ထမ်းလာခဲ့တယ်။ ထင်းတွေက တစ်ဖက်၊ သူ့ကို တစ်ဖက်နဲ့ ထမ်းပိုးတောင် ဖျိုးဖျိုးဖျစ်ဖျစ်မြည်နေလောက်ပါတယ်။ အမေက ထင်းစည်းကြီး ခေါင်းပေါ်ရွက်လို့။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ အဖေက ထင်းခွေ ထွက်လေ့ရှိပါတယ်။ မိုးတွင်းဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ကိုစလုံး အိမ်စောင့်ထားခဲ့ပြီး အဖေတို့ချည်းပဲ ထင်းခွေထွက်၊ ဟင်းရွက်ခူးပေါ့။ ခဏတဖြုတ်ပါပဲ၊ ရွာတောင်ဘက်၊ တောကျောင်း(ဓမ္မဝေပုလ္လစမ်းချောင်းတောရ) တောင်ဘက် သွားကြတာပါ။ အဲတုန်းက တောစိမ်း၊ တောင်မောင်း၊ စမ်းချောင်းကလေးက ရစ်ခွေပတ်စီးဆင်း တေးသီချင်းလေး ဆိုလို့။ ခုတော့ ပုံပြင်ပမာ၊ တောဆိုတာ ဘယ်မှာလဲ၊ မိုးစက်တောင်တဝိုက်ကို တရုတ်တွေ ငှားထား၊ ချောင်းကလေးက ကောစပြုနေပြီး သဲချောင်းဖြစ်နေပါပြီ။ ချောင်းထဲ ရေချိုးခဲ့ဖူး၊ ငါးဖမ်းခဲ့ဖူး၊ချောင်းကမ်းပါးထိပ်မှာ ကုလားပဲမီးဖုတ် စားဖူးတယ်ဆိုရင် ခင်ဗျားအသက်ဟာ လေးဆယ်နား ကပ်နေပြီလို့ ပြောလို့ရပါတယ်။
နက်မှောင်ကြီး ကျွန်တော်တို့အိမ်ရောက်လာပုံကို ပြောနေတာပါ။ ကျွန်တော်တို့ညီအကိုနှစ်ယောက် အိမ်တံစက်မြိတ်အောက်မှာ သားရေကွင်းတွေ၊ ဝါးကပ်တုတ်တံလေးတွေနဲ့ လှေလုပ်ပြီး အိမ်ရှေ့ရေစီးကြောင်းထဲ လွှတ်နေ၊ ကစားနေကြတာပေါ့။ အမေတို့ အိမ်ထဲဝင်လာတော့၊ အဖေ အိပဲ့ အိပဲ့ထမ်းလာတာ “ဘာကြီးလဲ” လို့၊ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ အမေက ကျွန်တော်တို့ကို အိမ်ထဲဝင်ဖို့ ပြောပါတယ်။ အဖေက သူ့အထမ်းကြီးကို အိမ်ရှေ့အဖီထဲ ချလိုက်ပြီး ခွေးကြီးတစ်ကောင်ကို ပွေ့ချီသွားတယ်။ အိမ်ထဲရောက်တော့ သူ့ကို ဂုံနီအိတ်တွေနဲ့ မိုးရေတွေ သုတ်ပေးနေတယ်။ အစ်ကိုကတောင် အဖေ့ရေစိုအဝတ်တွေ အရင်လဲလှယ်ဖို့ ပြောပြီး အဝတ်ခြောက်တွေ ထုတ်ပေးသေးတယ်။ ပြီးတော့ အဖေလုပ်နေတဲ့ ခွေးကြီးကို ရေခြောက်အောင် သုတ်ပေးနေတာကို ကူလုပ်ပေးနေတယ်။ အမေကတော့ အဝတ်လဲပြီး ညနေစာချက်ဖို့ ပြင်ဆင်နေတာပေါ့။
“ဟင်း… ခွေးဝဲစားကြီး” လို့ ကျွန်တော်က နှာခေါင်းရှုံ့ပြီး ပြောလိုက်တော့ ရေသုတ်ပေးနေတဲ့ အစ်ကိုက မော့ကြည့်ပြီး “အေး… ဟုတ်တယ်၊ သနားစရာပါကွာ၊ ဒီမှာ ငုတ်စူးထားတာ ထင်တယ်…” လို့ ပြောပြီး ဘယ်ဘက်ပေါင်ပေါ်က ဒဏ်ရာကို ပြနေတယ်။ “အဖေကလည်း ဒီခွေးဝဲစားကြီးကို ဘာလို့ အိမ်ခေါ်လာတာလည်း မသိဘူးနော်” လို့ ကျွန်တော်က မေးလိုက်မိတော့ “မင်းအမေက သနားလို့တဲ့၊ ခေါ်ခဲ့ရအောင်ပြောလို့ ခေါ်လာခဲ့တာဟေ့” လို့ အဖေက ရေနွေးကြမ်းသောက်ရင်း လှမ်းပြောလိုက်တယ်။
အဲဒီအချိန်မှာပဲ အမေက ဆနွင်း(နနွင်း)မှုန့်တွေ ယူလာပြီး ပေါင်က ဒဏ်ရာထဲ သိပ်ထည့်ပေးလိုက်ပါတယ်။ နက်မှောင်ကြီးက တအီးအီး ညည်းခံနေတာပေါ့။ အမွှေးအမျှင်တွေ ကျိုးတိုးကျဲတဲ၊ ငုတ်စူးဒဏ်ရာကြီးနဲ့ မိုးရေတွေ စိုရွှဲနေတဲ့ ခွေးတစ်ကောင်ကို ဘာလို့များ အလုပ်ရှုပ်ခံ ပြုစုပေးနေကြတာလဲလို့ ကျွန်တော် တွေးရင်း ငေးကြည့်နေမိပါတယ်။
နောက်နေ့တွေမှာ အမေနဲ့ အစ်ကိုတို့ အလုပ်တစ်ခု တိုးလာခဲ့တယ်။ တမာရွက်တွေ အခြောက်လှန်း၊ ပြာချ၊ အုန်းဆီနဲ့ တစ်ကိုယ်လုံးက ဝဲစို ဝဲခြောက်တွေကို လိမ်းပေးတဲ့အလုပ်။ ပေါင်က အနာကို ဆနွင်းသိပ်ပေးတဲ့ အလုပ်။ ထမင်းရည်နဲ့ ထမင်းကြမ်းနဲ့ ရောကျွေး၊ တစ်ခါတလေ အမဲရိုး၊ ဝက်ရိုးတွေ ပြုတ်ကျွေးတဲ့ အလုပ်တွေပေါ့။ ကျွန်တော်ကတော့ အနားမကပ်ခဲ့ပါဘူး။ အိမ်နီးနားချင်း သူငယ်ချင်းတွေနဲ့ ဆော့လိုက် ကစားလိုက်။ အဲဒီအချိန်က မူကြိုတွေ၊ ကေဂျီတွေ လည်း မရှိသေးတော့၊ အိပ်လိုက်၊ စားလိုက်၊ ကစားလိုက်နဲ့ ကလေးအရသာ အပြည့်အဝ ခံစားခဲ့ရတာပေါ့လေ။ သူငယ်ချင်းတွေက “မင်းတို့အိမ်မှာ ခွေးမွေးထားတယ်ဆို …” လို့ မေးလာလျှင် ကျွန်တော်က နှာခေါင်းရှုံ့လိုက်ပြီး “ခွေးဝဲစားကြီးပါကွာ၊ သနားလို့ အိမ်ခေါ်ထားတာ၊ နေကောင်းရင် တောထဲ ပြန်လွှတ်မှာ” လို့ ပြန်ဖြေလေ့ရှိပါတယ်။ နက်မှောင်က ချစ်စရာမှ မကောင်းတာ။
အမေတို့ရဲ့ အပြုအစုကြားမှာ နက်မှောင်ကြီး ဝဲတွေ ပျောက်၊ အမွှေးအမျှင်တွေ ပေါက်လာတယ်။ ကျန်းမာကြံ့ခိုင်တဲ့ အနေအထားနဲ့ ကျားကြီးတစ်ကောင်လိုပါပဲ။ အိမ်လာလည်တဲ့ သူတွေကလည်း နက်မှောင်က ဗမာမျိုးမဟုတ်လောက်ဘူး၊ အင်းခွေးလားပဲလို့ မှတ်ချက်ပြုလေ့ရှိပါတယ်။ အဖေကတော့ သူ့ခွေးကြီးကို ချီးကျူးသံတွေ ကြားရရင် ခေါင်းကြီး တငြိမ့်ငြိမ့်နဲ့ ပြုံးနေတတ်တယ်။ အမေလည်း မီးဖိုချောင်ထဲကနေ ပြုံးနေမှာပါပဲ။ ကျွန်တော် ကတော့ မချစ်ပေါင်။
နက်မှောင်လို့ နာမည်ပေးလိုက်တာ အစ်ကိုပါ။ အဖေက ခွေးကြီးကို “မိုးမှောင်” လို့ နာမည်ပေးချင်ခဲ့တာ၊ သူ့ကို မိုးတွေ မည်းမှောင်နေအောင် ရွာတုန်းက တွေ့ခဲ့တာမို့လို့တဲ့။ အမေကတော့ သနားစရာကောင်လေးကို “ကောက်ရ” လို့ ခေါ်ချင်ခဲ့တာ။ ကျွန်တော်ကတော့ ချစ်လည်းမချစ်၊ နှိမ်ချင်တဲ့ ဓာတ်ခံလေးကြောင့်လားမသိဘူး၊ “ဝဲကျော်” လို့ ခေါ်ဖို့ အဆိုတင်သွင်းခဲ့တယ်။ အစ်ကိုက လွှတ်တော်ဥက္ကဋ္ဌကြီးလို အကုန်ပယ်ချလိုက်ပြီး တစ်ကိုယ်လုံးနက်မှောင်နေလို့ “နက်မှောင်” လို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲသလို ခေါ်ရလောက်အောင်လည်း နက်မှောင်က မျက်ခုံးနှစ်ဖက်ပေါ်က အဖြူပြောက်ကလေး နှစ်ပြောက်ပါတာကလွဲပြီး တစ်ကိုယ်လုံး နက်မှောင်နေတာကိုး။ ကျွန်တော့်အနေနဲ့တော့ အရေးမကြီးပါဘူး၊ သူ့ဘာသာ နက်ပဲ မှောင် မှောင်၊ မနက်ဘဲ မှောင် မှောင်။ သူတို့က နက်မှောင်ဆိုတော့လည်း နက်မှောင်လိုက်တာပေါ့။ ဒီနာမည်ကို ကျွန်တော့ ပါးစပ်ကတော့ မထွက်လောက်ဘူး ထင်ပါရဲ့။
မိဘတွေများ ဆိုးတဲ့ မိုက်တဲ့သားသမီးကို ပိုဂရုစိုက်၊ ပိုကြင်နာတတ်တာမျိုးမို့လား။ ခုလည်း နက်မှောင်ကြီးက သူ့ကိုမချစ်၊ မခင်တဲ့ ကျွန်တော့်ကို ပိုခင်တွယ်ရှာတယ်နဲ့ တူပါတယ်။ အိမ်မှာဆိုရင် ကျွန်တော့်အနား တကပ်ကပ်၊ အပြင် သူငယ်ချင်းတွေနဲ့ ဆော့နေ ကစားနေရင်လည်း အနီးနားမှာ မခွာ။ အဖေတို့ အမေတို့ကလည်း ပိုပါတယ်၊ “သားကို နက်မှောက်ကြီးက အတော်ချစ်ရှာတာ၊ အနားကနေ တစ်ဖဝါးမှ မခွာဘူး”လို့ ပြောရင် ကျွန်တော်က နေရင်းထိုင်ရင်း သိပ်စိတ်ဆိုးတာ။ နက်မှောင်ကြီးကို တုတ်နဲ့ ရိုက်၊ ပါးစပ်က ဆဲဆို နှင်ထုတ်တော့တာပဲ။ အဲလိုဆိုရင် နက်မှောင်ကြီးက အမြီးလေးကုတ်ပြီး ကျွန်တော်နဲ့ ဝေးရာထွက်ပြေးသွားတယ်။ ခဏပါပဲ၊ အမှတ်သည်းခြေမရှိတဲ့သူမို့ ကျွန်တော့်ခြေဖမိုးကို လာလျှက်လိုက်၊ အမြီးလေး နှံ့ပြလိုက်နဲ့ ရွံစရာကောင်းတဲ့ ကောင်ကြီး။
နွေရာသီတစ်ခုမှာပေါ့။ ကျွန်တော်တို့မိသားစု၊ နက်မှောင်ကြီးအပါအဝင် တောထဲ ထင်းခွေသွားခဲ့တယ်။ တစ်နွေလုံး ရသမျှ ထင်းတွေ ခွေ၊ ဖြတ်တောက်စီထား၊ ထင်းစုရတာ ပျော်စရာလည်းကောင်းပါတယ်။ မိသားစုထွက်ငွေကို တစ်ဖက်တစ်လမ်းက ဖာထေးပြီးသားရတာပေါ့။ ပြီးတော့ လေကောင်းလေသန့် ရှူရတော့ ကျန်းမာရေးလည်း ကောင်းပါတယ်။ အပန်းဖြေခရီးလည်း ထွက်ပြီးသားပေါ့။ တောကျောင်းတောင်ဘက်က လယ်ပေါ်တောဘက် သွားရတာ ပျင်းရင်၊ ရွာ့အရှေ့ဘက် ရိုးဖျားတောတို့၊ မပန်းရင်သရက်ခြံဘက်တို့ ထွက်ကြတယ်။ ဒါမှမဟုတ် အရှေ့တောင်ဘက် မိုးစက်တောင်တောကို ထွက်ကြပါတယ်။ ရွာရဲ့ ပတ်ပတ်လည်၊ စိမ်းစိုလန်းဆန်းပြီး စားစရာတွေ၊ နေစရာတွေ ဖန်တီးပေးနေတဲ့ တောတွေက ဝန်းရံလို့။ ဟုတ်တယ်လေ၊ အမဲလိုက်ဝါသနာပါရင် ချေတို့ ယုန်တို့ ပေါမှ ပေါ။ တစ်ခါတလေ ကျားသစ်တွေ ဘာတွေတောင် ရတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့မိသားစု ကတော့ ထင်းခွေ၊ ဟင်းရွက်ခူးပေါ့။
ဒီတစ်ခေါက်တော့ မရောက်တာကြာပြီဖြစ်တဲ့ မိုးစက်တောင်ဘက်ကို ထွက်လာခဲ့ကြတယ်။ မိုးစက်တောင် ဆိုတာ ကျွန်တော့်တို့ဒေသမှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ မိုးခေါင်ပြီဆိုရင် မိုးစက်တောင်(မိုးစတောင်) ကနေ အပ်ချည်ကြိုးနဲ့ ရွာဘက်ကိုသွယ်တန်းလာပြီး မိုးခေါ်လေ့ရှိခဲ့တဲ့ တောင်ပေါ့။ ရွှေဓားတောင်၊ အမေဂျမ်းတောင်၊ တောင်တစ်လုံးတောင် တို့နဲ့ တစ်ကြောထဲ ဖြစ်ပါတယ်။ တောင်ပေါ်မှာ လွမ်းစေတီလေးနဲ့ ငတက်ပြားလိုဏ်ဂူဆိုတာ ရှိပါတယ်။ စေတီလေးနဲ့ ရေကန်လေးကို သူခိုးကြီးငတက်ပြားကို ဝင်စားတယ်ဆိုတဲ့ တိုင်းရင်းဆေးဆရာကြီး ဦးတက်ခါးက တည်ထားတယ်လို့ ကြားဖူးပါတယ်။ တချို့ကလည်း သူခိုးကြီးကိုယ်တိုင် ခိုးလို့ရသမျှထဲကနေ ဘုရားတည်ထားတယ်လို့လည်း ဆိုပါတယ်။ ငတက်ပြားလိုဏ်ဂူကတော့ အင်းဝခေတ်၊ တိုင်းကျော်ပြည်ကျော် သူခိုးကြီး ငတက်ပြားလက်ထက် ကတည်းက ရှိတာလို့ ဆိုပါတယ်။ ငတက်ပြားပုန်းအောင်းခဲ့တဲ့ ဂူလို့လည်း ပြောကြပါတယ်။ စေတီလေးရဲ့တောင်ဘက် ၊ လူတစ်ကိုယ်စာ ကျင်းပေါက်ကလေးကနေ အောက်ကို ဆင်းသွားလိုက်ရင် အရှေ့ တောင်ကမ်းပါးယံမှာ ဟင်းလင်းပွင့်နေတဲ့ လိုဏ်ဂူပေါ့။ လူနှစ်ယောက်၊ သုံးယောက်စာလောက်တော့ ကျယ်ပါတယ်။ ရှေးစကားအရ ပြောရရင် ဟိုးအရင်တုန်းက အဲဒီလိုဏ်ဂူက ပုဂံအထိ ပေါက်တယ်လို့ ဆိုပါတယ်။ ယုံတမ်းစကားပဲ နေမှာပါ။
အိမ်က ထွက်လာကတည်းက နက်မှောင်ကြီး အူမြူးနေပါတယ်။ သူလည်း ရွာထဲ ရပ်ထဲနေရတာ ငြီးငွေ့နေပြီ ထင်ပါရဲ့။ ရှေ့ကနေ ဝါးလုံးတစ်ပြန် နှစ်ပြန်လောက် ပြေးသွားလိုက်၊ ကျွန်တော်တို့ဆီ ပြန်ပြေးလာလိုက်နဲ့ မျက်စိကို နောက်နေတာပဲ။ ရွာ့အပြင်ရောက်လို့ ကျောက်စရစ်ကုန်းမှာ လေးခွစာ ကျောက်စရစ်ခဲလေးတွေ ကောက်ပြီး လွယ်အိတ်ထဲ ထည့်ကြတယ်။ အဖေတို့ကတော့ ရှေ့က သွားနှင့်ပြီ။ မျက်မုန်းကျိုးနေတဲ့ ကျွန်တော်က နက်မှောင်ကြီးကို လေးခွလက်တည့်စမ်းတော့တာပါပဲ။ အစ်ကိုက တားရှာပါတယ်။ ဒါပေမယ့် နက်မှောင်ကြီးက ကျွန်တော့်လေးခွစာမိပြီး ရွာဘက်ပြန်ပြေးသွားတယ်။ သွားပါစေ၊ အလကား၊ အလုပ်ရှုပ်တဲ့ကောင်ကြီး။
တောအစမှာ ရဲရဲနီနေတဲ့ ပင်လက်ပံတွေ စောင့်ကြိုနေလေရဲ့။ သူတို့ရဲ့ အဖော် ဆက်ရက်တွေ ညိုးညိုးညံညံ။ တောင်လေအဝှေ့က တဝေ့ဝေ့တဝဲဝဲ လေဟုန်စီးဆင်းလာတဲ့လက်ပံပွင့်တွေကို လုကောက်ကြ။ ပြီးတော့ ပုဆိုးစုတ်နဲ့ ထုပ်ပြီး ပင်ခြေရင်းမှာ ထားပစ်ခဲ့တယ်။ လက်ပံခေါင်း ချဉ်ရည်ဟင်း၊ ငါးပိထောင်းစပ်စပ်နဲ့ အငွေ့တထောင်းထောင်း အညာထမင်းဝိုင်းလေး ပြေးမြင်မိတယ်။
ချောင်းရိုးတစ်လျှောက်မှာ အမေတို့က ထင်းခြောက်စု၊ ထင်းခွေနေကြတယ်။ ဒီချောင်းက မိုးစက်တောင် အရှေ့မြောက်ဘက်နားက အဖျားခံလာပြီး တောကျောင်းတောင်ဘက်ကို ကွေ့ဝိုက်၊ မြို့သာ အရှေ့ရွာနဲ့ အနောက်ရွာကြားကနေ ဖြတ်သန်းစီးဆင်းသွားပါတယ်။ အစ်ကိုကတော့ ချိပ်ကောက်တစ်ချောင်းနဲ့ ဆူးပုတ်ရွက်၊ ကင်းပုံရွက်တွေ ခူးနေတယ်။ ကျွန်တော်ကတော့ လေးခွတစ်လက်နဲ့ လက်သရမ်းနေတာပေါ့လေ။ ဟင်းစား ရတာလည်း မဟုတ်ဘူး၊ လက်တည့်စမ်းသလို ဟိုပစ် ဒီပစ် လုပ်နေတာလေ။ ပျားအုံတွေ့ တုတ်နဲ့ထိုး၊ ထွက်ပြေး၊ အဲသလိုမျိုး။ အမေတို့ ဆုံးမထားတော့ သူတို့ရှေ့တော့ ရတဲ့အကောင်ပလောင်တွေ ယူမသွားရဲဘူး။ တစ်ခါတလေ ရလာရင် အမွှေးနှုတ်၊ ရင်ခွဲ ကလီစာတွေ ထုတ်၊ လွယ်အိတ်ထဲ ဖွပ်ပြီး ရွာပြန်ယူသွားတယ်။ သူငယ်ချင်းတွေနဲ့မှ မီးဖုတ်စားကြတာ။ ခုလည်း သပိတ်လွယ်ငှက်လေး ဗျ၊ ဟိုခြုံ ဒီခြုံ ခုန်ကူးနေတာ။ ကျွန်တော်က ကိုယ်ကိုကိုင်း၊ လေးခွကလေးကို ခပ်ဆဆ လုပ်ပြီး လှန်းပစ်လိုက်တယ်။ လောက်စာက ဝှီးကနဲ ထွက်သွားတယ်။ နဘူးရွက်တွေ အစိမ်းလိုက်ကြွေကျလာတယ်။ ငှက်မွေးတစ်မျှင်၊ နှစ်မျှင်နဲ့အတူပေါ့။ ငှက်ကလေး လှန့်ပျံသွားတယ်၊ ချက်ကောင်းမမှန်ဘူးနဲ့ တူပါတယ်။
ဒီကောင် ဝေးဝေးမပျံနိုင်ပါဘူး။ ဟုတ်တယ်ဗျို့၊ ဟိုရှေ့က ခြုံထဲ တိုးဝင်သွားတာ တွေ့လိုက်တယ်။ ကျွန်တော်လည်း ခါးလေး ကိုင်းကိုင်းလုပ်၊ ခြေဖွဖွနင်းပြီး ခြုံနား တိုးသွားတယ်။ တိုးလို့ ရသောက် တိုးသွားပြီး လွယ်အိတ်ထဲက လောက်စာနှိုက်နေတုန်း၊ နောက်ကနေ တဖုန်းဖုန်း ပြေးလာတဲ့ အသံကို ကြားလိုက်ရတယ်။ အလန့်တကြား လှည့်ကြည့်နေဆဲမှာပဲ၊ မည်းမည်းသဏ္ဍန်ကြီးက ကျွန်တော့်ကို ခုန်အုပ်လိုက်တယ်။ ကျွန်တော် ညာဘက်ဘေးကို စောင်းကျသွားတယ်။ ကျွန်တော် လူးလဲထကြည့်လိုက်တော့ ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ နက်မှောင်ကြီး။ ခွေးကြီး ရူးသွားပြီ ထင်တယ်။
မဟုတ်ဘူးဗျ။ ကျွန်တော်က ငှက်ကို ဇောနဲ့ ရှာနေတုန်း ဘယ်ဘက်ဘေးမှာ ပါးပျဉ်းထောင်နေတဲ့ မြွေဟောက်ကို မမြင်မိဘူး။ နက်မှောင်ကြီးက မြွေရဲ့ခေါင်းကို မလွတ်တမ်း ကိုက်ခဲထားတယ်။ မြွေကြီးက တရှူးရှူး တရှဲရှဲ၊ ရစ်ပတ် တိုက်ခိုက်နေတယ်။ ကျွန်တော့်အော်သံကြားတော့ အဖေတို့ အပြေးရောက်ချလာတယ်။ အဖေ့လက်ထဲမှာ တောရှင်းဓားရှည်တစ်ချောင်း၊ အမေကတော့ ထင်းခြောက်တစ်ချောင်း ဆွဲလို့၊ အစ်ကိုကတော့ သူ့လက်စွဲတော် ချိပ်ကောက်ကလေးနဲ့။ တုန်ရီနေတဲ့ ကျွန်တော်ကို တွေ့တော့ အမေက လာပြေးပွေ့တယ်။ ပြီးတော့ နက်မှောင်တို့နဲ့ ဝေးရာ ပွေ့ခေါ်သွားတယ်။ အဖေက လက်ထဲက ဓားကို တဆဆလုပ်နေပေမယ့်၊ ဘာမှ လုပ်မရတဲ့အတိုင်း ဘေးနားကနေ တဟေးဟေး တရွှေးရွှေး ခြောက်လှန့်နေတယ်။ ဟာ… မြွေဟောက်ကြီးက နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး၊ ညီလေးတော့ ကံကောင်းတယ်နဲ့ အစ်ကိုက အော်ဟစ်ပြောနေတာ တစ်တောလုံးညံလို့။ လက်ထဲက ချိပ်ကောက်နဲ့ မြက်တွေကို ရိုက်လိုက်၊ ခြုံတွေ နွယ်တွေကို ရိုက်လိုက်နဲ့ မြွေကြီးကိုခြောက်ထုတ် ပေးနေတယ်။
ဘေးနားက ထင်းခွေလာ၊ အမဲလိုက်၊ ငှက်ပစ်၊ ဟင်းရွက်ခူးလာကြတဲ့ လူတွေကလည်း ဝိုင်းလာကြတာမို့ တောပြိုသလား အောက်မေ့ရတယ်။ အကြောင်းစုံ သိသွားကြတော့ နက်မှောင်ကြီးကို ဝိုင်းထောမနာပြုကြတာပေါ့။ ကျွန်တော်ကတော့ အမေ့ရင်ခွင်ထဲမှာ မျက်လုံးအဝိုင်းသား ငေးကြည့်နေမိတယ်။ မြွေဟောက်ကြီးကို ကိုက်ခဲနေတဲ့ နက်မှောင်ကြီးကို ဓာတ်ပုံရိုက်ထားသလို မျက်စိထဲက မထွက်ဘူး။ ခုခေတ်များ ပို့စ်တင်လိုက်ရရင် ကျွန်တော်ဆယ်လီ ဖြစ်တာ သေချာနေပြီ။ နက်မှောင်ကြီးလည်း ခွေးသူရဲကောင်းကြီး ဖြစ်ပြီပေါ့။ တကယ်လည်း ကျွန်တော့် အသက်သခင်၊ သူရဲကောင်း။
နက်မှောင်ကြီးက သူ့ကို ရစ်ပတ်ထားတဲ့ မြွေကြီး၊ အားလျော့ဖြည်ကျသွားတော့မှ၊ ကိုက်ငုံထားတဲ့ ခေါင်းကြီးကို လွှတ်ချလိုက်တယ်။ ပြီးတော့ စိုးရိမ်တကြီး ကျွန်တော့်နားကို ရောက်လာပြီး သူမီတဲ့ ကျွန်တော့်ခြေထောက်ကလေးကို လာလျှက်နေတယ်။ ကျွန်တော် အမေ့ပေါ်က လျှောဆင်းပြီး နက်မှောင်ကြီးကို ပွတ်သပ်နေမိတယ်။ ပြီးတော့ ပွေ့ဖက်နေလိုက်တာ အကြာကြီးပဲ။ သူရောက်လာပြီး တစ်နှစ်လောက်ကြာမှ ပထမဆုံး ပေးခဲ့မိတဲ့ ယုယမှုမျိုးပေါ့။ ရွာသားတွေကတော့ ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ မြွေကြီးကို အဆုံးသတ် ပေးလိုက်ကြတယ်။ နောက်ပြီး မြွေသားစားချင်တဲ့သူက ခေါင်းကို နွယ်ကြိုးနဲ့ ချည်ပြီး တုတ်နဲ့တွဲလျောင်း ထမ်းယူသွားလေရဲ့။ ကျွန်တော်တို့ မိသားစုလည်း ရသလောက်ထင်းတွေနဲ့ အိမ်ပြန်လာခဲ့ကြတယ်။ စိတ်မော လူမောနဲ့ အိမ်ပြန်နားရမယ် မဟုတ်လား။ ကျွန်တော်ကတော့ အိမ်ရောက်တာနဲ့ သူငယ်ချင်းတွေဆီ သွားပြီး ကျွန်တော့်ခွေးကြီးအကြောင်း မမောတမ်း ဖောက်သည်ချနေမိတယ်။ တစ်ညနေလုံးပေါ့၊ ပြောလို့မဝတဲ့ စွန့်စားခန်းကြီးပါပဲ။
အဲဒီအချိန်ကနေ စပြီး ကျွန်တော်နဲ့ နက်မှောင်နဲ့ တပူးပူး တတွဲတွဲပေါ့။ ရှေးက ဝဋ်ကြွေးကြီးခဲ့တဲ့ နက်မှောင်ကြီးကလည်း ကျွန်တော်ကို အတော်ချစ်ရှာပါတယ်။ ကျွန်တော်ဆိုးသမျှ အနွံတာခံတဲ့ကောင်ကြီးပေါ့။ ကျွန်တော်ကလည်း သူ့ကို အစ်ကိုတစ်ယောက်လို ချစ်ပါတယ်။ ကျွန်တော်တို့မိသားစုလေးဟာ အေးချမ်းပြည့်စုံတဲ့ သီရိဂေဟာလေး ဖြစ်နေတာပေါ့။ ထမင်းစားမယ်ဆိုရင်လည်း မိသားစုငါးယောက်မစုံမချင်း(အဲလေ၊ လေးယောက်နဲ့ တစ်ကောင်၊ အို… ထားပါတော့ ငါးယောက်မစုံမချင်း) မစားကြဘူး။ ကျွန်တော့်တို့က ထမင်းစားပွဲဝိုင်း ချစားတော့၊ နက်မှောင်ကြီးကိုလည်း အနားမှာ ဇလုံကြီးတစ်လုံးနဲ့ ချကျွေးတယ်လေ။ ဒီကောင်ကြီးက ရေတော့ အတော် ကြောက်တယ်ဗျ။ ရွာလည်ဘုံတွင်းမှာ ရေချိုးသွားပြီဆိုရင် သူက လိုက်လာတယ်။ ကျွန်တော်တို့ညီအစ်ကိုနဲ့ ဆော့ကစားပြီး ကျွန်တော်တို့က သူ့လည်ပတ်ကြိုးအတင်းဆွဲပြီး ရေတွင်းတိုင်တစ်ဖက်မှာ ချည်ထားလိုက်တယ်။ ပြီးတော့ ရေလောင်းပေးကြ၊ ဆပ်ပြာတိုက်ပေးကြနဲ့ပေါ့။ တဝုန်းဝုန်း ရေလောင်းပြီးရင်တော့ နောက်ပုံးတွေကို အသာတကြည် ရေချိုးခံလေ့ရှိတယ်။ ဒီကောင်ကြီးက ရေချိုးချင်တာကို မူနေတယ်လို့ ထင်တာပါပဲ။
ကစားတော့လည်း အတူတူပါပဲ။ ကျွန်တော်လက်ခံလိုက်ပြီးနောက်ပိုင်း ကျွန်တော်တို့အဖွဲ့ထဲမှာ ကစားဖော်တစ်ယောက်တိုးလာခဲ့တယ်။ သူ့ကျောပေါ် တက်ခွစီးကြ၊ အမြီးဆွဲကြ၊ တူတူပုန်းတန်း၊ စိန်ပြေးတန်း၊ မပါတဲ့နေရာ မရှိပါဘူး။ အရင်တုန်းက ကြောက်ခဲ့ လန့်ခဲ့တဲ့ တချို့ကောင်တွေတောင် သူ့ကိုချစ်လာကြပြီ။ “နက်မှောင်ကြီးကော… ခေါ်ခဲ့နော်” လို့ မှာလေ့ရှိတယ်။ ကျွန်တော်တို့ ရွာရိုးကိုပေါက် ဂွေလှိမ့်လည်း သူက နောက်ကပြေးလိုက်နေတယ်။ ရွာထဲက ခွေးတွေနဲ့ တဝေါင်းဝေါင်း ရန်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ကလည်း လေးခွစွမ်း ပြလေ့ရှိတယ်။ ကျွန်တော်တို့ဟာ တကယ့်မဟာမိတ်တွေပါပဲ။
ကျွန်တော့်ရဲ့ သက်တော်စောင့်ကြီးလည်း လုပ်တယ်ဗျ။ ကျွန်တော်က ကျောင်းမတက်ရသေးပေမယ့် နွေရာသီ ကျောင်းပိတ်ရက်တွေဆိုရင် အဖိတ်နေ့၊ ဥပုသ်နေ့တွေ ရောက်တိုင်း တောကျောင်းမှာ သီတင်းသုံးတဲ့ အမေကြီး(သီလရှင်ဆရာကြီး) ဆီ သွားလေ့ရှိပါတယ်။ အမေနဲ့ အစ်ကိုနဲ့ အတူတူပေါ့။ မြန်မာသင်ပုန်ကြီးတို့၊ ဣတိပိသောတို့၊ သံဗုဒ္ဓေတို့ ကျက်ခဲ့ရတာပေါ့။ ညနေ ညနေ စင်္ကြံန်လမ်းပေါ်မှာ “စားရာ သောက်ရာ ဆင်ခြင်ပါ၊ ရာဂချုပ်ငြိမ်းဖွယ်” စတဲ့ ဓမ္မကဗျာတွေ ဆိုပြီး လှမ်းတယ်၊ ကြွတယ် လုပ်ခဲ့ရတာပေါ့။ ဘာပဲလုပ်လုပ် နက်မှောင်ကြီး ပါတယ်။ စာကျက်တဲ့အနား ထိုင်နားထောင်နေတယ်။ စင်္ကြံန်လျှောက်ရင် လိုက်လျှောက်တယ်။ အမျှပေး ကြေးစည်ရိုက်ရင် ထအူတယ်၊ ဒါကို ကျွန်တော်ကတော့ သာဓုခေါ်တယ်ဆိုပြီး ဂုဏ်ယူနေလေ့ရှိတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါနော်။
ကျွန်တော် ကျောင်းတက်ဖို့ အရွယ်ရောက်တော့ တော် တော်နဲ့ မတက်ဖြစ်ဘူး။ အမေနဲ့ မခွဲနိုင်တာ တစ်ကြောင်း၊ ရွာထဲက သူငယ်ချင်းတွေ ကဲချင်တာ တစ်ကြောင်း၊ အဆိုးဆုံးကတော့ နက်မှောင်ကြီးကို အစွဲကြီး စွဲနေတာ နေမှာပါ။ ကျောင်းထားလိုက် အိမ်ပြန်ပြေးလာလိုက်နဲ့ အသက် ခြောက်နှစ်ကျော်တော့မှ လိုက်ပို့ပေးတဲ့ အဖေက စိတ်မရှည်နိုင်တော့ဘဲ ဈေးနားက တွေ့တဲ့တုတ်နဲ့ ကျောကို သုံးချက်ချလိုက်ပါတယ်။ ကျောပြင်ကို ဗျောတင်လိုက်မှ ကျောင်းမြဲသွားပါတော့တယ်။ အဲဒီအချိန်ကနေ ခုထိ ကျောင်းမလစ်ရဲတော့ပါဘူး၊ အစည်းအဝေးကလည်း မလစ်ရဲတော့ပါဘူး။ ငုတ်တုတ်ကြီး ထိုင်နေတာက လွဲလို့ပေါ့။
ချစ်သော နက်မှောင်ကြီးကတော့ ကျွန်တော် အဖြူအစိမ်းလေး ဝတ်ပြီဆိုတာနဲ့ ကျောင်းလိုက်မယ် တကဲကဲ။ ရှေ့က အရင်ကြွတဲ့ကောင်။ အစကတော့ ဆရာ၊ ဆရာမတွေက နက်မှောင်ကြီးကို လက်မခံပါဘူး။ ဒါပေမယ့် နက်မှောင်ကြီးရဲ့ လိမ္မာရေးခြားရှိမှုတွေ၊ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေ၊ ကျောင်းဆရာဖြစ်တဲ့ ကျွန်တော့်အဖေရဲ့ မျက်နှာတွေကြောင့် နက်မှောင်ဟာ သူငယ်တန်းကျောင်းသားကြီး ဖြစ်သွားပါတော့တယ်။ အတော်ပျင်းတဲ့ အကောင်ပါ၊ ကျွန်တော်တို့ ခုံနားမှာ အမြဲအိပ်နေတတ်ပြီး ကစားဆင်းသံချောင်း၊ ထမင်းစားဆင်းသံချောင်းခေါက်သံတွေ ကြားမှ ထပြီး အူမြူးတဲ့အကောင်။ ဟုတ်တော့ ဟုတ်ပါတယ်လေ၊ ကကြီးတို့ ခခွေးတို့ ဆိုတာ သူမှ နားမလည်တာ။ သွားမယ်၊ စားမယ်၊ ဆော့မယ်လောက်ပဲ နားလည်တာ။
ပထမတော့ ကျွန်တော်လည်း ကျောင်းပျင်းပါတယ်။ အဲတုန်းက အမေ့လို ပုံပြင်ပြောတတ်တဲ့ လုပ်အားပေး ဆရာ၊ ဆရာမလေးတွေ ရှိတယ်။ သူတို့က အရိပ်ကောင်းတဲ့ အပင်အောက်ကို ကျွန်တော်တို့ကို ခေါ်သွားပြီး ပုံပြင်တွေ ပြောပြလေ့ရှိတယ်။ ပြီးတော့ ကစားဖော်တွေလည်း ရှိတယ်။ စာသင်တယ်ဆိုတာ ဝလုံး ဝိုင်း၊ ကကြီး ခခွေးရေး ဒီလောက်ပဲမို့ ကြောက်စရာလည်း မရှိပါဘူး။ နက်မှောင်ကြီးလည်း လိုက်လာတယ်လေ။ နောက်ပိုင်း ကျောင်းမပျင်းတော့ပါဘူး။
တစ်နေ့က ရွာပြန်ဖြစ်တော့ အမေတို့အိမ် သွားလည်ခဲ့တယ်။ ဝိုင်းတံခါးပေါက်မှာ သော့ခပ်တဲ့ သံကြိုးက နက်မှောင်ကြီးကို ချည်ခဲ့တဲ့ သံကြိုးဗျ။ အဲဒီသံကြိုးကို လက်နဲ့ ဆုပ်ကိုင်ပြီး နက်မှောင်ကြီးကို သတိရမိသွားတယ်။ နက်မှောင်ကြီးက ကျွန်တော်တို့ မိသားစုနဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ခွေးကောင်းကြီးပါ။ ဒါပေမယ့် အိမ်ထဲ အသံမပေးဘဲ ဝင်လာတဲ့သူတွေ၊ အရက်မူးသမားတွေ၊ အချိန်မတော် လာနှိုးတဲ့ ဧည့်သည်တွေ အတွက် ခွေးဆိုးကြီး တစ်ကောင်ပါ။ ညရောက်ပြီဆိုရင် အိမ်ရှေ့က တရုတ်မန်ကျည်းကွေးပင်မှာ သံကြိုးချည်ထားလေ့ရှိပါတယ်။ ဝင်းတံခါးပိတ်မှ လွှတ်ပေးရပါတယ်။ ကျွန်တော်တို့ သူ့နာမည်ခေါ်ပြီး ဟန့်ရင် သူက ငြိမ်နေတတ်ပါတယ်။ ဒါပေမယ့် တခြားလူတွေ သူ့နာမည်ခေါ်ပြီး ဟန့်ရင် မရပါဘူး။ ကျွန်တော်တို့အသံကိုလည်း မှတ်မိပါတယ်။
နက်မှောင်ကြီးလည်း ပုထုဇဉ်ဆိုတာ ကျွန်တော်မေ့နေခဲ့တယ်။ တော်သလင်းလထဲ ခြေလှမ်းစပြီဆိုရင် အိမ်ကနေ ပျောက် ပျောက်သွားတတ်တယ်။ ဒီအချိန်ရောက်ပြီဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရွာရိုးကိုးပေါက် ရှာပုံတော်ဖွင့်တော့တာပဲ။ ပြန်ခေါ်လို့ ရတာလည်း ရှိ၊ ပြန်ခေါ်လို့မရလို့ ကျွန်တော်ငိုရတာလည်း ရှိတာပေါ့။ အဖေက ကျွန်တော်ငိုနေတဲ့ နေရာအထိ လိုက်လာပြီး ကျွန်တော်ကို ပြန်ခေါ်ရလေ့ရှိပါတယ်။ နောက်နှစ်များမှာတော့ နက်မှောင်ကြီးကပဲ ကျွန်တော့်ကို သနားသွားသလား၊ အဖေတို့ကပဲ သူ့ကို သားကြောဖြတ်ပေးလိုက်သလား၊ လူပျိုလှည့်မသွားတော့ပါဘူး။ နောက်တစ်ခါ ရွာပြန်ရောက်ရင် ကျွန်တော်ငိုခဲ့တဲ့ အနောက်တံခါးပေါက်(ရွာထဲ)၊ နတ်စင်နားကို သူငယ်ပြန်အလွမ်းပြေ သွားကြည့်ဦးမယ်။
ခု နက်မှောင်ကြီး ရှိသေးလားလို့ မေးချင်နေပြီလား။ ၁၉၈၈ မတိုင်ခင်က အဖြစ်အပျက်တွေဆိုတော့ နှစ်ပေါင်း (၃၀) ကျော်လာပြီနော်။ တစ်ခါတလေ အနက်ရောင်ခွေးတစ်ကောင်တွေ့တိုင်း နက်မှောင်ကြီးလားလို့ ပြူးပြဲကြည့်နေမိတယ်။ နောက်က ခြေသံလိုလို ခဏ ခဏကြားနေမိတယ်။ ဒီလိုဆို ရင်ထဲ နွေးကနဲ၊ သိမ့်ကနဲ ခံစားရစမြဲ။ သူ ရှိနေမှာပါ။
မိုးရာသီတစ်ခုမှာပေါ့။ မိုးစက်တောင်က မိုးတွေမည်းနေရင် မြို့သာချောင်းက တောင်ကျရေတွေ ဆင်းလေ့ရှိပါတယ်။ ချောင်းဦးဘီလူး ဆိုသလိုပေါ့၊ ချောင်းရေနဲ့အတူ ချောင်းရိုးတလျှောက်မှာရှိတဲ့ သစ်ပင်တွေ တိုက်လှဲသယ်ဆောင်လာလေ့ရှိပါတယ်။ ကျွန်တော်တို့ရွာသားတွေ ထင်းခြောက်ဆယ်ကြတာပေါ့။ သံစောင်းထပ် ပိုထက်တဲ့ ရေစောင်း၊ ဘီလူးစီးနေတဲ့ ရေစောင်းက ခုတ်ဖြတ်ချလိုက်တဲ့ ထင်းတွေ အတုံးအရုန်း။ ဒီတော့ အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း လူတွေအပြည့်နီးပါး ရောက်နေကြပြီ။ မောင်ဖိုးကဲ ကျွန်တော်က အမေ့ကို အတင်းခေါ်ပြီး ချီတက်ခဲ့တာပေါ့။ အစီးသန်တဲ့ တောင်ကျချောင်းရေထဲမှာ ဘာတွေများ မျောပါလားမလဲလို့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်ပါ။ မဘီလူးမကုန်းပြိုရင် အမေသေတောင် လှည့်မကြည့်နဲ့ ဆိုတဲ့ သိုက်စာကလည်း ကြားဖူးနေတယ် မဟုတ်လား။ မိုးစက်တောင်က လာတဲ့ ကျူတောချောင်းက ကုန်းသာက လာတဲ့ချောင်းနဲ့ ပေါင်း၊ ပြီးတော့မှ ထနောင်းပင်ချောင်းနဲ့ ပေါင်းသွားပါတယ်။ အဲဒီချောင်းဆုံနေရာမှာ ရှိတဲ့ ကုန်းမြေမှာ ရတနာသိုက် လှည်းကိုးစီးတိုက် ရှိပါသတဲ့။ မဘီလူးမကုန်းများ ပြိုလေမလား၊ ငတက်ပြားရဲ့ ခိုးရာပါ ပစ္စည်းတွေများ မျောလာလေမလားနဲ့ပေါ့။
လက်တွေ့ကတော့ ထင်းတွေ၊ အစိုတွေရော၊ အခြောက်တွေပါ မျောပါလာကြတယ်။ ကမ်းနားကပ်လာတဲ့ ထင်းခြောက်တွေ ကောက်ကြတယ်။ တချို့ ရဲတင်းတဲ့သူတွေက ရေထဲ ဆင်းဆယ်ကြတယ်။ တချို့က ကြိုးကွင်းပစ် ဖမ်းကြတော့၊ ကျွန်တော်လည်း လက်ယားလာတယ်၊ အမေ့ဆီ ခွင့်တောင်းတော့ ငြင်းပါသေးတယ်။ ဒီအတိုင်းလည်း ရနေတာပဲကို တဲ့။ ကျွတ်ဆတ်ဆတ်အကျင့်က မကောင်းပါဘူး၊ အကျိုးအကြောင်း မစဉ်းစားတာပေါ့။ ဒါကြောင့် စည်းနဲ့ ကမ်းနဲ့ ခွင့်ပေးလိုက်တယ်၊ ချောင်းစပ်နားကပဲ ပစ်ရန်၊ ရေတစ်စက်မှ မထိရန်။ အတိုအထွာလေးတွေ ပစ်လိုက် ဖမ်းလိုက်၊ ပျော်လိုက်ပေါ့လေ။ တစ်ခါမှာ ထင်းခြောက်တုံးမည်းမည်းကြီး၊ ဘာသားလဲတော့ မမှတ်မိတော့ပါဘူး၊ ပင်စည်လိုက်ကြီး မျောပါလာတယ်။ အမေ ထင်းတွေ ပြန်စုနေတုန်း၊ ကြိုးကွင်း လိုက်ချိပ်ကြည့်တယ်၊ သုံးလေးခါ ပစ်လို့ မရတော့၊ ရေထဲဆင်းလိုက်ပါတယ်။ ထင်းတုံးကြီးတွေ လွတ် လွတ်သွားတော့၊ တိုးရင်း တိုးရင်း ဒူးဆစ်နား ရောက်လာပါတယ်။ အထက်က မျောလာတဲ့ ထင်းတုံးကြီး တစ်တုံးကို ပစ်ဖမ်းလိုက်တော့ မိသွားပြီး ရေစီးအရှိန်နဲ့ ကျွန်တော် ခြေချော်ပြီး ရေထဲပါသွားပါတယ်။
ကျွန်တော် သတိပြန်ရလာတော့ ကျွန်တော့်ဘေးမှာ အမေက ငိုနေတယ်။ လူတွေ ဝိုင်းအုံနေတယ်။ ချောင်းအောက်က လူတစ်ယောက်က ကျွန်တော့်ကို ဖမ်းဆယ်ပေးလိုက်တာပါပဲ။ အဲဒီဦးလေးကပဲ ကျွန်တော်တို့ကို အိမ်ပြန်ပို့ပေးတယ်။ ကမ်းနားကျောင်း လမ်းကြားထဲ ရောက်တော့ သတိကောင်းကောင်းရနေတဲ့ ကျွန်တော်က ကြားလိုက်ရတယ်။ “မမရင်တို့ ခွေးကြီးက သိပ်သနားစရာကောင်းတာပဲ” တဲ့၊ “ကောင်လေးအော်သံကြားလိုက်တာနဲ့ ရေထဲ ခုန်ချပြီး ကယ်ဖို့ ကြိုးစားလို့ ရေစီးထဲ မျောသွားတယ်” တဲ့၊ “ကျွန်တော်လည်း ကလေးကို ဦးစားပေးလိုက် ရတာနဲ့ သူ့ကို လွှတ်လိုက်ရတယ်” တဲ့။ အမေထံက ဘာတုန့်ပြန်သံမှ မကြားရဘူး။ ကျွန်တော်ထံကတော့ “အစ်… အီ…” ဆိုပြီး ရင်ထဲတစ်ဆို့သွားလို့ ရွာလည်ဇရပ်ပေါ်မှာ ချပြီး နှိပ်နယ်ပေးခဲ့ရ၊ ရေတိုက်ခဲ့ရတယ်တဲ့။
ကျွန်တော်က ချောင်းရိုးတလျှောက် လိုက်ကြည့်ဖို့ ငိုယိုပြီး ပြောခဲ့ပါသေးတယ်။ အဖေက ပြောတယ်၊ မြို့သာချောင်းက ငါန်းဇွန့်အရှေ့ဘက် ဧရာဝတီမြစ်ထဲ ပေါင်းသွားတာတဲ့။ တောင်ကျချောင်းရေအရှိန်နဲ့ဆို မြစ်ထဲတောင် မျောပါသွားလောက်ပြီတဲ့။ ဒါပေမယ့် ကျွန်တော် စိတ်ကျေနပ်အောင် ချောင်းရိုးတလျှောက် လိုက်ရှာခဲ့ပါတယ်။ ရေကျအပြီးမှာ အမိုက်တွေ၊ ဒိုက်တွေ၊ အကောင်သေတွေ တွေ့ခဲ့ပေမယ့် နက်မှောင်ကြီးကို မတွေ့ခဲ့ပါဘူး။
သူ ပြန်လာမှာပါ။ တောထဲ တောင်ထဲကတောင် ပြန်လာတတ်သေးတာပဲ။ မြစ်ထဲရောက်လည်း ငါန်းဇွန်ရောက်ရင် သူ ပြန်လာတတ်မှာပါပဲ။ ဘယ်ပဲရောက်ရောက် သူ၊ အိမ်ကို ပြန်လာမှာပဲ။ ဒီတစ်ခါ ရွာပြန်ရောက်ရင် အမေ့ဝင်းတံခါးက သံကြိုးလေးကို တောင်းမယ်။ ပြီးတော့ အမေ့ကို မှာထားမယ်၊ နက်မှောင်ကြီး ပြန်လာရင် ကျွန်တော့်ကို ဖုန်းဆက်အကြောင်းကြားပေးပါလို့။ အမြန်ဆုံးနည်းနဲ့ အပြေးပြန်လာပြီး ကျွန်တော် သွားလေရာ သူ့ကိုခေါ်သွားမယ်။ အမေလည်း ခွင့်ပြုမယ် ထင်ပါတယ်။
 
ဇော်သစ်ကြည်
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s