ကြုံဖူးသမျှ ပြောရဦးမယ်

မော်လမြိုင်၊ ၂ ဇန်နဝါရီ ၂၀၁၉
 
ကျုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမယ် လွဲကောင်းသမျှ လွဲနေကြတဲ့ အကြောင်းအရာတွေက အဆိုတော် ထူးအိမ်သင် (ကိုငှက်)ရဲ့ သီချင်းထဲကလိုပဲ “နည်းနည်းလေးတော့ လွဲနေတယ် လွဲလွဲလေးပဲ ကောင်းပါတယ်” ဆိုတဲ့အတိုင်း လွဲလေကောင်းလေ လုပ်နေကြတော့ လွဲအောင်လုပ်ခဲ့သူတွေ လွဲအောင် လုပ်နေ ကိုင်နေကြသူတွေက ပြဿနာမရှိပေမယ့် လွဲအောင်လုပ်ခံရသူ ပြည်သူလူထုတွေမှာတော့ ကျောကော့နေအောင် အောင့်ခံကြရုံမှတပါး အခြားမရှိတော့ပြီ ပေါ့ဗျာ။
 
အခုလည်းကြည့်ပါလေ စာရေးဖူးသူမှန်သမျှ စာရေးဆရာဖြစ်နိုင်တဲ့ ခေတ်ကြီးကို ရောက်နေတာတောင် မသိလိုက် မမြင်လိုက် မကြားမိလိုက် ဖြစ်ရလောက်အောင် တို့တတွေ တယ်ညံ့လှပါကလားလို့ ကိုယ့်ကိုယ်ကိုယ်တောင် ရွှေစိတ်တော် ညိုငြင်လို့ အပြစ်တော်တင်မိပါသေးရဲ့။စာရေးဖူးသူမှန်သမျှ စာရေးဆရာ ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ် အသစ်တောင် ဘေလ်ဘုတ်တွေထောင်ပြီးမှ ကြေငြာပြရမယ့် အချိန်အခါသမယ မဟုတ်လား။ဆိုင်းဘုတ်ပဲ ရေးရေး အများသုံးအိမ်သာတွေမှာ ကျား-မ စာလုံးပဲရေးရေး ကြော်ငြာဆိုင်းဘုတ်ပဲရေးရေး ကုန်ကုန်ပြောရရင် ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာနဲ့ဖြစ်ဖြစ် အနည်းဆုံး ကကြီး ခခွေး အေဘီစီဒီ ရေးတတ်ရင်ကိုပဲ စာရေးဆရာဖြစ်နိုင်တဲ့ ခေတ်ကိုးဗျ။အဲတော့ ကျုပ်တို့တစ်နိုင်ငံလုံးမှာ စာမရေးဖူးတဲ့သူဆိုတာ လက်ချိုးရေလို့ ရလောက်အောင် ခပ်ရှားရှား ဆိုတော့ကာ တစ်နိုင်ငံလုံးကိုသာ တံတိုင်းပတ်ကာပြီး ကန်တော့လိုက်ရင် ပိုမကောင်းပေဘူးလား အရပ်ကတို့။
 
ဟိုတလောကလည်း (ဇီး)ဆီးပင်ကြီးစစ်တမ်းတို့ ဖောင်ကြီးတို့ အသံသဲ့သဲ့ ကြားလိုက်ရလို့ ကြုံဖူးသမျှလေးတွေ ဖောက်သည်ချပြီး ပြောပြချင်ပါသေးရဲ့ဗျ။အမှန်က အဲသည် သင်တန်းကျောင်းတွေဆိုတာ ပြည်သူလူထုကို ဘယ်လို ဘယ်ပုံ ဆက်ဆံရမယ် နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို နည်းမှန် လမ်းမှန်နဲ့ တိကျအောင် မြန်ဆန်အောင် မှန်ကန်အောင် ဘယ်လိုပြုလုပ်ဆောင်ရွက်ရမယ် အများပြည်သူအကျိုးအတွက်ဆိုရင် ဘယ်လို အနစ်နာ ဝါသနာ စေတနာ တွေနဲ့ ပြုလုပ်ဆောင်ရွက်ရယ်။ပြည်သူလူထုက မသိတာ နားမလည်တာ မရှင်းလင်းတာတွေ ရှိခဲ့ရင် ဘယ်လို ဘယ်ကဲ့သို့ စသည်ဖြင့် ရှင်းလင်းတင်ပြပေးနိုင်ရမယ်။အကယ်၍ သိသိရက်နဲ့ ရစ်တာ ညစ်တာရှိခဲ့ရင်တောင် သည်းခံ ရမယ် စိတ်ရှည်ရမယ် ခွင့်လွှတ်ရမယ် စသည်ဖြင့် ဒီလို အခြေခံ သဘောတရား နည်းနာလေးတွေကို သင်ကြားပို့ချပြီး ပြည်သူလူထုတွေနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်တွေကို အဆင်ပြေအောင် ချောမွေ့အောင် ဆောင်ရွက်ပေးရန်အလို့ငှာ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ဖို့ ခန့်အပ်တာဝန်ပေးရတဲ့ နေရာတွေ မဟုတ်ပေဘူးလား။ အခုတော့ သည်လိုမဟုတ်ဘဲ အဟုတ်လွဲနေကြတာတွေဟာ ဘယ်ကိုကြည့်ကြည့် ဘယ်ကိုသွားသွား ဘာကို လုပ်လုပ် တွေ့နေ မြင်နေ ကြားနေ သိနေကြရတာမို့ တကူးတက ပြောပြစရာမလိုလောက်အောင်ကို ပြည်သူလူထုတွေက မှတ်မှတ် ရရဖြစ်နေကြပါပြီ။
 
အီးမေးလ် အင်တာနက် ကွန်ပြူတာ ဝိုင်ဖိုင် လက်တော့ပ် တက်ဘလက် မိုဘိုင်းလ်ဖုန်း လူမှုကွန်ယက် ဖေ့စ်ဘုတ်ခ် ဗိုက်ဗာ ဝေ့မန်းနီး ခရစ်ဒစ်ကဒ် ဘဏ်ကဒ် မိုဘိုင်းလ်မန်းနီး စသည်ဖြင့် တိုးတက်ခေတ်မီနေတဲ့ ခေတ်ကြီးဖြစ်နေပေမယ့် အစိုးရရုံးဌာနတွေအများစုကိုကြည့်လိုက်ရင် မိဘ ဘိုးဘေးဘီဘင်အထိ စာရွက်စာတမ်းတွေ မှတ်ပုံတင်တွေ အမှတ်အသားတွေ တောင်းရမ်းပြီး စာရွက်ပုံကြီးဖြစ်အောင် လိုက်လံစုဆောင်းပြီး ဝမ်းစတော့ဆားဗစ်နဲ့ ပြီးနိုင်တဲ့ ပြီးရမယ့် ကိစ္စတွေအများစုကို မကြာ ကြာအောင် မခက် ခက်အောင် အဆိုတော် စိုင်းထီးဆိုင် သီချင်းလို “လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ် လောကကြီးရဲ့ သဘာဝပဲ”ဆိုသလိုများ ဖြစ်နေရော့သလား စဉ်းစားစရာတွေ ဖြစ်နေတာတော့ အမှန်ပဲကိုးဗျ။
 
ကျုပ်တို့နိုင်ငံမယ် ဝန်ကြီးဌာနတွေ အစိုးရအဖွဲ့အစည်းတွေဟာ တစ်ဌာနနဲ့ တစ်ဌာန တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်ရုံးနဲ့ တစ်ရုံး ချစ်ခင်ရင်းနှီးစွာ လေးစားတန်ဖိုးထားပြီး ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ကြတာမျိုး အားနည်းတယ်လို့ ဆိုရ မလား မပြောတတ်ပေါင်။အဆက်အသွယ် အချိတ်အဆက်တွေနဲ့ မိမိရရ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြတာမျိုးကတော့ အားနည်းလွန်းတယ်လို့ပဲ မှတ်ချက်ပြုရမလိုလိုပါပဲ။သန်းခေါင်စာရင်းထဲမှာ သေပြီးသူတွေကို နှစ်တွေချီတဲ့အထိ မထုတ် ရသေးတာမျိုး မွေးကင်းစကနေ အသက် တစ်ဆယ်ကျော် တစ်ဆယ့်ငါးနှစ် လူပျို အပျိုတွေဖြစ်လို့ အချို့ဆို သေသာ သေသွားတယ် မှတ်ပုံတင်မရှိ သန်းခေါင်စာရင်းမရှိ နေထိုင်သွားကြရသူတွေ အမှန်တကယ် ရှိနေတာမျိုးဟာ မယုံ တစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ ဆိုတာမျိုးပေကိုးဗျ။တစ်ခါတခါ အဲသည် သန်းခေါင်စာရင်းထဲက သေပြီးသား လူတွေနေရာမယ် မိုဟာမက်တို့ ရာဂျားတို့ အဆိုကူးမာရ်တို့ အနီကူးမားရ်တို့ အားဖူတို့ အားဝေတို့က မြန်မာအမည် တွေနဲ့ မဲထည့်ခွင့်တွေရပြီး မဲဆွယ်ပွဲကာလနီးမှ ပေါ်ပေါ်လာတတ်သေးသဗျ။ဒီလိုကိစ္စတွေဟာ တကယ်သာ ဖြေရှင်းမယ် ဆိုရင်ဖြင့် ဘာမှခက်လွန်းလှတယ် မဟုတ်ပေဘူး။လဝက လူဝင်မှုကြီးကြပ်ရေး နဲ့ ဆေးရုံးဆေးခန်းတွေကို အုပ်ချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့သာ ချိတ်ဆက်ထားလိုက်ရင် ရေဝေးတို့ ထိန်ပင်တို့နဲ့သာ ချိတ်ဆက်ပြီး ဆောင်ရွက်ကြမယ်ဆိုရင် ဘယ်သူ ဘယ်နေ့ကမွေးတယ် ဘယ်မှာမွေးတယ် ဘာလူမျိုး ဘယ်က လာတယ် ဘယ်လို မွေးတယ် ဆိုတာကနေ ဘယ်သူသေတယ် ဘယ်လိုသေတယ် ဘယ်နေ့ကသေတယ် ဘာကြောင့်သေတယ် ဘယ်မှာ သေတယ် ဆိုတဲ့အထိ အတိအကျရနိုင်ကြောင်းကို မသိတာလား သိရက်နဲ့ ခက်အောင်လုပ်ထားကြတာလား ငါနဲ့မဆိုင် ငါတို့ကိုအကြောင်းကြား အသိပေး သတင်းပေး စာရွက်စာတမ်းတွေနဲ့ ရုံးကိုလာ ကိုယ်တိုင်စာရင်းပေး ရက်နဲ့ချီပြီး တစ်ပတ် နှစ်ပတ်လောက် ကြာမှပြီး အဲသလိုများ ပြီးပြီးရော ပစ်ထားရက်ကြသလား တွေးစရာဖြစ်တာ မဆန်းပေဘူး မဟုတ်လားဗျာ။တကယ်က အစိုးရအဖွဲ့အစည်းတွေ အစိုးရရုံးဌာနတွေ အစိုးရဝန်ထမ်းတွေဆိုတာ နိုင်ငံတော်အတွက် နိုင်ငံသားအားလုံးအတွက် ကိုယ်စား အလုပ်လုပ်နေရတဲ့သူတွေဆိုတော့ မသမာသူတွေ လူလိမ် လူကောက် လူညစ် လူ့အတ္တသမားတွေကို ရှာဖွေ ဖော်ထုတ် စစ်တမ်းလုပ်နေရမှာက သမိုင်းပေးတာဝန်ကိုးဗျ။ဆိုတော့ကာ အစိုးရ ရုံးဌာန ဝန်ကြီးဌာနတွေကို မလာတဲ့သူတွေဆီ အစိုးရက လိုက်လံပြီး မှတ်တမ်းမှတ်ရာ ကောက်ယူရမှာက ရှောင်လွှဲလို့ မရတဲ့ အဓိက ကျောရိုးအူတိုင် ဖြစ်နေတာကို အားလုံးသိပြီးသားဖြစ်မှာပါ။အဲသလို မဟုတ်ဘဲ ရုံးချိန်အတွင်း တစ်ရက် တစ်ရက် အချိန်ကုန်သွားရင်ပြီးရော လကုန်ရင် လစာရမှာပဲ ဆိုတဲ့စိတ်နေစိတ်ထား ရှိတဲ့အစိုးရဝန်ထမ်းတွေကို နိုင်ငံတော် အနေနဲ့ တာဝန်တွေပေးပြီး ခန့်အပ်ထားတာမျိုးကြတော့ ကျုပ်တို့ ပြည်သူလူထုတွေ အလွန်အကျူးကို နစ်တာတာကိုးဗျ။အလွန်အကျူးနစ်နာဆို ကျုပ်တို့က အစိုးရအဖွဲ့အစည်း အစိုးရဝန်ကြီးဌာနတွေအားလုံးကို သိက္ခာရှိရှိ ရပ်တည်နေနိုင်ဖို့ နိုင်ငံတော်အလုပ်တွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် အခွန်ငွေတွေများစွာနဲ့ ထမ်းဆောင်ပြီး ထောက်ပံ့ပေးနေရတဲ့ အခွန်ထမ်းပြည်သူတွေကိုးဗျ။
 
ရေမြောင်းတွေ တူးကြတုန်းကလည်း ကြားမိလိုက်ပါသေးရဲ့ ရေမြောင်းတူးဖို့ တာဝန်ရှိသူတွေက ရေမြောင်းတွေ မြင်သမျှတူးတော့တာပဲ သူ့တာဝန်က တူးရမယ့်တာဝန်ကိုး။အဲတော့ ဘာဖြစ်သလဲဆိုတော့ကာ စည်ပင် ရေနဲ့သန့်ရှင်းမှု ဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ညွှန်ကြားချက်ပါဟန်မတူဘူး မြောင်းမြင်သမျှတူးလိုက်ကြတာ ရေပိုက်တွေကွဲ ရေတွေပြတ် ရေပိုက်လိုင်းတွေထဲ မြောင်းပုတ်ရေတွေဝင် ဖြစ်ကုန်လို့ ဆူညံပွက်လောရိုက်ကြတာလည်း ကြားမိ ကြုံမိ လိုက်ပါသေးရဲ့။အဲသည်လိုပဲ ကွန်ကရစ်လမ်းခင်းဖို့တာဝန်ရှိသူတွေက လမ်းတွေခင်းကြ ခင်းလည်းပြီးသွားရော မီးပွိုင့် ဆင်ဖို့တာဝန်ရှိသူတွေက မီးပွိုင့်တွေဆင်ဖို့လာ ဖုန်းလိုင်းဆင်ဖို့တာဝန်ရှိသူတွေက ဖုန်းလိုင်းတွေစစ်ကြ မီးကြိုးတွေ ဆက်သွယ်ဖို့ ဖုန်းကြိုးတွေ ဖိုင်ဘာကြိုးတွေဆက်သွယ်ဖို့ ခင်းထားတဲ့ကွန်ကရစ်လမ်းတွေကို ကန့်လန့်ဖျတ်တွေ ပြန်တူး မြေကြီးတွင်းတွေတူးကြ မြေစာတွေပုံထား ကားလမ်းတွေကျပ် လမ်းတွေပိတ် ပြီးသွားတော့ လမ်းတွေကို ပြန်မခင်း ခင်းတဲ့နေရာတွေက ချိုင့်တွေဖြစ် မို့မို့မောက်မောက်ဖြစ်လိုဖြစ်ဆိုတော့ လွဲချက်က ဟက်တက်တွေ ဖြစ်ကုန်တော့ အခွန်ထမ်းရတဲ့ ကျုပ်တို့ပြည်သူတွေမှာ ငွေကုန်သံပြာဖြစ်ရပြန်တာပေါ့လေ။ကားအသစ်တွေဝယ် ယာဉ်လိုင်းအသစ် ပြေးဆွဲပေး အေးအေးလူလူ ချောင်ချောင်ချိချိစီးရပေမယ့် သန့်ရှင်းရေးကမလုပ်တော့ ကားတွေက ခဏလေးနဲ့ ဟောင်းနွမ်းစုတ်ပြတ်ကုန်ပါရောလား။ကျုပ်တို့ပြည်သူတွေဆိုတာကလည်း ဗိုလ်ချုပ်ရုပ်ထုတောင် ပန်းခြံတစ်ခုတည်း နှစ်ရုပ်ထားတတ်တဲ့ လူမျိုးမဟုတ်လား။ဒီမိုး ဒီလေ ဒီလူတွေ ဒီအစိုးရတွေ ဒီဝန်ကြီးဌာနတွေ ဒီလိုနိုင်ငံဝန်ထမ်းတွေ ဒီလိုမူဝါဒတွေ ဒီလိုအလွဲတကာ့အလွဲတွေနဲ့ ဖက်လှဲတကင်း ရင်းနှီးချစ်ကြည်နေရတာက ဘာမှ အရေးမဟုတ် အရာ မဟုတ် တုပ်တုပ်မျှလှုပ်စရာမဟုတ် ငုတ်တုပ်တောင်မေ့နေတတ်ကြသေးကိုး။
 
ရပ်ကွက်အတွင်းရှိလုပ်သားပြည်သူအပေါင်းတို့ခင်ဗျားခေတ်ကနေ တပ်မတော်သာအမိ တပ်တတော်သာအဖ ခေတ် ကွန်ကရစ်လမ်းကို တစ်ခြမ်းခင်း တစ်ပိုင်းခင်း ခင်းပြတတ်တဲ့ မိဘပြည်သူများခင်ဗျားခေတ် ဟော အခု လမ်းမပေါ်ဆေးရိုးထုတ်လှမ်းတဲ့ခေတ်အထိ အဆက်ဆက် လက်ဆင့်ကမ်းပြီး လွဲလာခဲ့ကြတဲ့ မူဝါဒအလွဲတွေကြားမှာ ငထွားတို့လည်း ခါးနာရုံမက အရေပါထူနေပါပြီခင်ဗျ လို့ ပြန်ပြောရတော့မလိုပါပဲ။ဖိနပ်မတော်ရင် ခြေထောက်တွေ လှီးကြ အောင်ချက်နည်းရင် အင်္ဂလိပ်ကို မြန်မာလိုပြောင်းသင်လိုက်ကြ မေဂျာတွေ ပေါင်းလိုက်ကြ မေဂျာတွေ ထပ်ခွဲလိုက်ကြ ထပ်ပြီးအောင်ချက်နည်းတော့ စာမေးပွဲခန်းထဲတင် စာကူးချခွင့်ပေးကြ ကားလမ်းတွေကြပ်တာပိတ်တာ ဖြစ်တော့ လမ်းတွေကိုမရှင်းဘဲ လမ်းတွေပေါ် ကုန်းကျော်တံတားတွေထိုးလိုက်ကြ ရေကြီးရင် ရေစုကန်တွေ ရေထုတ်မြောင်းတွေ စနစ်တကျမလုပ်ဘဲ အဖုံးမပါတဲ့ မညီမညာ ရေမြောင်းသေးသေးလေးတွေ လိုက်ဖောက်ကြ အဖုံးမရှိတော့ အမှိုက်တွေဝင် သဲတွေကျ မြောင်းတွေပြန်ပိတ်ကြ အပေါ့သွားမိလို့ တံတားတွေကျိုးကြ မြေပေါ် မြေအောက် သံယံဇာတထွက်တဲ့နေရာတွေမှာချည်းပဲ သီးသန့်တိုက်ပွဲတွေဖြစ်ကြ သမိုင်းတရားခံတွေအချို့နဲ့ ရင်ကြား တင်ကြား ဒူးကြား ပေါင်ကြား အကုန်စေ့ကြ လူရွှင်တော်တွေ ဝန်ကြီးဖြစ်လို့ နေ့စဉ်နဲ့အမျှ ရယ်မောပျော်ရွှင်ခဲ့ကြ မီးပွိုင့်တွေမှာ လူကူးကုန်းကျော်တံတားတွေဆောက်ကြ လူတွေက တံတားပေါ်ကမကူးပဲ လမ်းပေါ်ကပဲဖြတ်ကူးကြ မော်တော်ပီကယ်တွေက ငေးကြည်နေကြ တံတားတွေပေါ် ဗျူးကောင်းကောင်းနဲ့ ယမကာဝိုင်းလေးတွေ ဖွဲ့စည်း ထူထောင်လိုက်ကြ ကိုယ့်ခြံရှေ့ ကိုယ့်အိမ်ရှေ့ ကိုယ်တိုက်ရှေ့ ကိုယ့်ဆန္ဒမဲနဲ့ကိုယ် အဖီတွေဆွဲကြ ကားပါကင်တွေ ဦးကြ ဈေးဆိုင်တွေတည်ထောင်ကြ အဝတ်တွေထုတ်လှမ်းကြ အဲကွန်းအောက်ဒိုးတွေထုတ်ပြီး လေပူတွေထုတ်ပေးကြ ဆိုင်းဘုတ်တွေထုတ်တင်ကြ အလုပ် လုပ်စရာရှိတဲ့အခါ ဒီနေရာတွေဟာ အိမ်ရှင်နဲ့ဆိုင်သွားလိုက် စည်ပင်နဲ့ ဆိုင်သွားလိုက်ဖြစ်ကြ အငြင်းအခုန်တွေဖြစ်ကြ ဈေးဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေ လုပ်ငန်းခွင်တွေထဲမှာ ပညာ မသင်ရဘဲ မနက်လေးငါးနာရီထပြီး အလုပ်လုပ် အိမ်ကိုငွေပြန်ပို့ပေးနေရတဲ့ ကလေးလုပ်သားတွေကိုကျော်ပြီး ဒုက္ခသည်စခန်းတွေ စစ်ဘေးရှောင်စခန်းတွေက ကလေးတွေကိုမှ ရွေးပြီး သနားညှာတာကြ စာပေလောကကြီး နိမ့်ကျတယ် ကျွံဝင်တယ် ဘာတယ်ညာတယ်နဲ့ စာပေနဲ့ပတ်သက်လို့ စာကြည့်တိုက်လေးတွေတောင် မြို့နယ်တိုင်း ရပ်ကွက်တိုင်း ရှိအောင်မကြိုးစားကြ ကိုယ်တိုင်အားသွန်ခွန်စိုက်ကျိုးစားဖို့ အားမထုတ်ဘဲ ဘာဖြစ်ဖြစ် အစိုးရ အစိုးရ ဆိုပြီး လက်ညှိုးတွေထိုးလိုက်ကြနဲ့ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမှာ မွေးဖွားကြီးပြင်း ရှင်သန် ပေါက်ဖွားလာရတာ အတော်တော့ ပျော်ရွင်စရာကောင်းပါတယ်။
 
အခုတော့ ၂၀၁၈ခုနှစ်ကုန်လို့ ၂၀၁၉ခုနှစ်ကို ခုန်ပျံကျော်လွှားပြီး သွားကြရမယ့်အချိန်မှာ ဘယ်သူတွေက အရှေ့ရောက်ပြီး ဘယ်သူတွေက နောက်မှာကျန်နေခဲ့မှာလဲ ဘယ်သူတွေက အထက်ကိုရောက်ပြီး ဘယ်သူတွေက အောက်မှာကျန်နေခဲ့ကြမှာလဲ ဘယ်အရာတွေက ပြောင်းလဲချိန်တန်ပြီး ဘယ်ဟာတွေက ဇောင်းထဲကိုပြန်ကြမှာလဲ ဘယ်လိုအရာတွေက စင်္ကာပူကိုကျော်ပြီး ဘယ်လိုအရာတွေက အရင်မူတွေကိုချော်ကျမှာလဲ ဘယ်အရာတွေက ဘယ်သူ့အောက်ရောက် ဘယ်သူတွေ နေရာပျောက်လို့ ဘယ်ဟာတွေ မတောက်တခေါက်နဲ့ ထိပ်ရောက်ပြီး ဘယ်သူတွေက တောက်တစ်ခေါက်ခေါက်နဲ့ နောက်ကောက်ကျလို့ ဘယ်သူတွေက ဝန်ခံ ဘယ်သူတွေက အိမ်ပြန်ပြီး ဘယ်သူတွေ အောင်ပွဲခံကြမှာလဲဆိုတာ နိုင်ငံရေး စီးပွားရေး ကျန်းမာရေး ပညာရေး စသည့်ဖြင့် အရေးအရာများစွာ မင်းသားမင်းသမီးများစွာ ဗီလိန်များစွာ လူပျက်များစွာနဲ့ စိတ်လှုပ်ရှားနေရဦးမည်မှာ မြေကြီးလက်ခတ်မလွဲ အတိအကျ အသေအချာမို့ ကြေငြာစရာလိုမယ်လို့ မထင်မိပါဘူးခင်ဗျာ။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s