ရပ်ကျေးရုံးများကိုပိတ်ထားမည့်အစား စာကြည့်တိုက်များလုပ်ပေးပါ

မော်လမြိုင်၊ ၂၁ ဒီဇင်ဘာ ၂၀၁၈
 
မည်သည့်အစိုးရကပင် နိုင်ငံတော်ကို အုပ်ချုပ်သည်ဖြစ်စေ ပြည်သူလူထုနှင့်တော့ ဘယ်နည်းနှင့်မျှ ဝေးကွာနေ၍ မရပေ။ပြည်သူလူထုနှင့် ကင်းပနေလျှင်လည်း အာဏာရ အစိုးရစင်စစ် မဖြစ်နိုင်တော့ဘဲ အာဏာရှင်စနစ်ကဲ့သို့ကာ ဖြစ်နေပေလိမ့်မည်။
 
ကျွန်ပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ပထဝီဝင်အနေအထားအရ ပထဝီနိုင်ငံရေးအရ အလွန်ပင် အနေအထားမှန်သော အားသာချက်များသော ရေခံမြေခံကောင်းသော သယံဇာတပေါကြွယ်ဝသော ထေရဝါဒ ဗုဒ္ဓဘာသာထွန်းလင်းတောက်ပသော ရာသီဥတုညီမျှသော တောတောင်စိမ့်စမ်းမြစ်ချောင်း အင်းအိုင် သဘာဝ ရေတံခွန် ရေခဲတောင် သဘာဝသားရဲတိရိစ္ဆာန်များ ပန်းပေါင်းစုံများ အလွန်ချစ်စရာကောင်းသော တိုင်းရင်းသား မျိုးနွယ်စုအများအပြား စုံလင်လှသော ဘာသာရေးအဆောက်အဦးနှင့် အယူအဆများ ချစ်စရာ အလွန်ကောင်းသော ထုံတမ်းစဉ်လာများ ဓလေ့စရိုက်များနှင့် စိတ်နေစိတ်ထားများနူးညံကာ ခင်မင်နှစ်လိုဖွယ် ကောင်းသော လူမျိုးများဖြင့် စုဖွဲ့နေထိုင်ကြသော ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်သည်။
 
ထိုကဲ့သို့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို စီမံခန့်ခွဲခွင့်ရသော အစိုးရများအဆက်ဆက်တို့ အရာရှိ အရာခံများ နိုင်ငံတော်ဝန်ထမ်းများသည်လည်း အလွန်ကံကောင်းကြသည့် ဂုဏ်ယူဖွယ်ရာ လုပ်ရပ်များ ဖြစ်ကြပြီး အားရဝမ်းသာစရာကောင်းလှသည်။
 
အစိုးရအဖွဲ့အစည်းတို့သည် ပြည်သူလူထုနှင့် ကင်းကွာနေ၍မရသလို ပြည်သူလူထု၏ ဆန္ဒ သဘောထား လိုအပ်ချက်များနှင့် ကင်းကွာနေလျှင်လည်း အဆင်ပြေမည် မဟုတ်ပါ။ထိုသို့ အစိုးရ နှင့် ပြည်သူလူထုတို့ စက္ကန့် မလပ် တွေ့ဆုံဆွေးနွေးနေဖို့ရန် နွေးထွေးသောဆက်ဆံရေးများရှိနေစေဖို့ရန် အချိန်ပြည့် အမြဲပင် လိုအပ်လျက် ရှိနေပေ လိမ့်မည်။
 
ပြည်သူလူထုတို့၏ ကျန်းမာရေး နိုင်ငံရေး စီးပွားရေး လူမှုရေး ရပ်ရေး ရွာရေး သာရေး နာရေး စသည်တို့ ကို ရင်းနှီးနွေးထွေးစွာ ပြေလည်အောင် ဖြေရှင်းပေးနိုင်သော အဖွဲ့အစည်းများကိုလည်း ပြည်သူများက မျှော်လင့် တောင့်တကာ စောင့်စားလျက်ရှိပြီး အစိုးရအဖွဲ့အစည်း ဌာနဆိုင်ရာ နိုင်ငံဝန်ထမ်းများကလည်း ထိုလိုအပ်ချက် တို့ကို စွမ်းစွမ်းတမံဖြေရှင်းပေးနိုင်အောင် အမြဲကြိုးစားလုပ်ဆောင်နေသင့်ပါသည်။
 
ထိုသို့ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ နွေးထွေးစွာ တွေ့ဆုံနိုင်ကြစေရန် အခြေခံ ဖြစ်သော အဆောက်အဦးများအဖြစ် ကွင်းပြင်ကျယ်များ သာသနိက ဓမ္မာရုံများ ရပ်ကျေးအုပ်ချုပ်ရေးရုံးများ ရှိကြသည်။ ထိုအထဲ တွင် နိုင်ငံနှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် တိုင်းနယ်ပြည်နယ်၊မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်း အများဆုံး ရှိကြသော ရပ်ကျေးအုပ်ချုပ်ရေးရုံးများသည် အဓိက အခန်းကဏ္ဍမှ နေရာယူထားလျက်ရှိနေသည်။ အစိုးရတိုင်း တို့သည် ထိုအားသာချက်ကို အသုံးချဖို့ရာ အရေးကြီးသော သော့ချက်ဖြစ်သည်ကို မေ့မထားကြရန် အထူးပင် လိုအပ်လျက်ရှိသည်။
 
ထိုရပ်ကျေးအုပ်ချုပ်ရေးရုံးများသည် ပြည်သူတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသော ပြဿနာ အထွေထွေ ကိစ္စရပ် အမျိုးမျိုးကို အလွယ်တကူ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။ ယခင်က ဧည့်စာရင်းကိစ္စများ ထောက်ခံစာကိစ္စများ သာမာန် ဈေးရောင်းဈေးဝယ်ကိစ္စများ သေးငယ်သော အမှုကိစ္စများ လင်မယား ရန်ဖြစ်သောပြဿနာ လမ်းပြဿနာ အိမ်တွင်းရေးပြဿနာ ရပ်ရေးရွာရေး အထွေထွေသော ကိစ္စရပ် အတော်များများ ကို ဖြေရှင်းပေးခဲ့ကြသော ရုံးကလေးများဖြစ်ခဲ့ကြဖူးသည်။
 
ယခုမူ အရင်လို မဟုတ်တော့ပေ ဧည့်စာရင်းဥပဒေကို ပယ်ဖျက်လိုက်ြပီးနောက်ပိုင်းတွင် ရပ်ကျေးရုံးများ အများစုတွင် ခြောက်ကပ်လာနေသည်။အချို့ရုံးများတွင် တစ်ရက်လုံး အချိန်ပြည့်နီးပါး သော့ခတ်ကာ ရုံးကို ပိတ်ထား ကြသလိုဖြစ်လာကြသည်များလည်းရှိသည်။မနက်ပိုင်းသွားကြည့်လျှင် မရှိသည်ကများသည်။ နေ့လည် နေ့ခင်းပိုင်း များတွင်လည်း သော့ကပိတ်ထားမြဲဖြစ်သည်။ညနေခင်းဘက်များတွင်လည်း ရုံးများက စောစောပိုင်း ဆိုလျှင် မရှိ တတ်သေးပေ။အချို့ရုံးများက ည ၇နာရီ အချို့ရုံးများက ည၈နာရီမှသာ ဖွင့်လေ့ရှိကြသည်။ည ၉ နာရီ ၁၀နာရီခန့် ဆိုလျှင် ရုံးများပြန်ပိတ်သွားလေပြီ။အလုပ်ကိစ္စရှိသော ထောက်ခံစာလိုအပ်နေသော ပြဿနာ ဖြေရှင်းရမည့် ပြည်သူ လူထုတို့သည်ကား ရုံးဖွင့်ချိန်ကို ထိုင်စောင့်ရမည်လား မပြောတတ်တော့ပေ။ရုံးဖွင့်ချိန်ကို ထိုင်စောင့်ပေးရန် အချိန် အားလပ်သူများအတွက် ပြဿနာမဟုတ်သော်လည်း အလုပ်မအားလပ်သူများ အချို့ ဝန်ထမ်းများအတွက်မူ အဆင် မပြေမှုများရှိကြမည်သာဖြစ်သည်။
 
လက်ရှိဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းနေသော ပြည်ထောင်စု မြန်မာနိုင်တော်ကြီးတွင် တာဝန်ထမ်း ဆောင်ရွက်လုပ်ကိုင်နေကြသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်က ပေးအပ်သော လစာများကို ခံစားခွင့်များကိုလည်း ရနေကြပြီဖြစ်ရာ ပြည်သူလူထု၏ အလုပ်အကျွေးကိုလည်း ပြန်လည်ကာ ထမ်းဆောင် ပေးကြ ဖို့ရန် လိုအပ်မည်ဖြစ်သည်။ပြည်သူလူထုတို့၏ အနီးအပါးတွင် သွားရေးလာရေးလွယ်ကူချောမွေ့ကာ နေရာတိုင်း လိုလိုတွင်ရှိနေသော အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်နှင့်အညီ ရပ်ကျေးအုပ်ချုပ်ရေး ရုံးများကို ၂၄နာရီ ဖွင့်ကာ ဝန်ဆောင်မှုပေးစေချင်ပါသည်။ရပ်ကျေး ဥက္ကဌက နေ့ဘက်ရုံးထိုင်လျှင် ရပ်ကျေး အတွင်းရေးမှူးက ညဘက် ရုံးထိုင်ပေးကာ ပြည်သူလူထုတို့၏ နေ့စဉ် ပြဿနာ အထွေထွေတို့ကို ဖြေရှင်းပေး ဆောင်ရွက်ပေးကြလျှင် မေတ္တာ ရောင်ပြန်ဟပ်ကာ ပြည်သူလူထုကလည်း အစိုးရအဖွဲ့အစည်းကို အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ယုံကြည် အားကိုးလာမည်မှာ သေချာသည်။
 
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံဝန်ထမ်းများထဲတွင် တပ်မတော်၊ပြည်သူ့ရဲတပ်ဖွဲ့၊ဆေးဝန်ထမ်း၊ မီးသတ်ဝန်ထမ်း၊ကြက်ခြေနီဝန်ထမ်း၊သုဿန်တို့သည် ပိတ်ရက်မရှိသော ဌာနများဖြစ်ကြပြီး ၂၄နာရီ ဂျူတီများ ရှိကြသော နိုင်ငံတော်၏ အားကိုးအားထားပြုနေရသော နိုင်ငံဝန်ထမ်းကောင်းများဖြစ်ကြသည်။လက်ရှိ ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းနေသော အချိန်တွင် စည်းချက်ညီ အတိုးတက်ဆုံးနှင့် အကောင်းဘက်သို့ အပြောင်းအလဲကို လက်ခံကျင့်သုံးကာ ပြည်သူလူထုကြားတွင် ရေပန်းစားပြီး နေရာရလာ နာမည်ရလာသည်မှာ မီးသတ်ဌာနဖြစ်သည်။
 
ပြည်သူလူထု၏ အချစ်ကိုလိုချင်လျှင် ပြည်သူလူထု၏ လိုအင်ဆန္ဒများ အတွေးအခေါ်များ ပြည်သူလူထု၏ အသံများကို သေသေချာချာ နားစိုက်ထောင်ကာ မျက်လုံးဖွင့် နားဖွင့် နေထိုင်ဖို့လိုပေလိမ့်မည်။အခြေခံဖြစ်သော အဆောက် အဦးများ ရှိနှင့်နေပြီးသား ရပ်ကျေးရုံးများကို ၂၄နာရီဖွင့်ပေးထားခြင်းဖြင့် နိုင်ငံတော်အစိုးရတို့၏ များပြား လှသော လုပ်ငန်းဆောင်တာများ ပျောက်ကွယ်နေသော အသံများ အစိုးရနှင့် ပြည်သူလူထုတို့၏ နွေးထွေးသော ဆက်ဆံရေးများကို ဖြေရှင်းပြီးရာ ရောက်ပေလိမ့်မည်။ထို့ပြင် ရပ်ကျေးရုံးများကို ၂၄နာရီ ဖွင့်လှစ် ပေးထားခြင်းဖြင့် ထိုရပ်ကျေးရုံးများသည် ပြည်သူလူထုတို့၏အားကိုးရာနေရာတစ်ခုအဖြစ် ပြည်သူလူထုတို့၏ လိုအပ်ချက်များ တိုင်ကြား ချက်များ ဝေဖန်ချက်များ အကြံပြုချက်များ အကျိုးရှိသော ကျန်းမာရေး နိုင်ငံရေး စီးပွားရေး လူမှုရေးတို့ကို နွေးထွေးစွာ ပွင့်လင်းစွာ လွတ်လပ်စွာ ပြောဆို ရေးသား ဆွေးနွေးနိုင်သော ပြည်သူ့ ဟစ်တိုင် နေရာများအဖြစ်ကို ရရှိပေလိမ့်မည်။
 
၂၄နာရီ လူစည်ကားသော အရပ်ဒေသလေးတစ်ခု ဖြစ်လာသည်နှင့်အညီ ပညာရေး ကျန်းမာရေး နိုင်ငံရေး လူမှုရေး သုတ ရသ အကြားအမြင်တို့ဖြန့်ဝေရာဌာနလေးဖြစ်လာအောင် ပျက်စီး ပြိုကျနေသော အဖတ်ဆယ် မရနိုင် ဖြစ်နေသော ခေါင်းခဲစရာ စာပေလောက ကျဆင်းနေရခြင်း၏ ပြဿနာရင်းမြစ်ကြီးကိုလည်း တစ်နည်း အားဖြင့် ဖြေရှင်းနိုင်ပေလိမ့်မည်။ရပ်ကျေးရုံးများ၏ ရန်ပုံငွေများဖြင့် နေ့စဉ်ထုတ်သတင်းစာများ ဂျာနယ်များ မဂ္ဂဇင်းများ ဖတ်ကောင်းဖတ်ရာ ဗဟုသုတရစေမည့် စာအုပ်ကောင်းများကို နေ့စဉ် အပတ်စဉ် လစဉ် ဝယ်ယူ ဖြည့်တင်းကာ ပြည်သူလူထုတို့၏ ပညာရေးကိုသော်လည်းကောင်း လိုအပ်ချက်များကိုသော်လည်းကောင်း စာကြည့်တိုက်များ၏ ယိုယွင်းနေသော အခြေအနေများကိုသော်လည်းကောင်း စာဖတ်ခြင်းကျဆင်းလာရခြင်း ပြဿနာကြီးကိုသော် လည်းကောင်း ဖြေရှင်းပေးပြီးသား အခြေအနေကို ရပေ ရောက်ပေလိမ့်မည်။ထိုသို့ အကွက်စေ့ ထောင့်စေ စီမံ ခန့်ခွဲကာ ပြည်သူလူထုအပေါ်တွင် ရိုးသားသော ကျိုးစားသော အလိုက်သိသော ဆက်ဆံရေးကောင်းမွန်ပြေပြစ်သော စေတနာရှိသော အစိုးရအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အုပ်ချုပ်ရေးဝန်ထမ်းများကိုလည်း ပြည်သူ လူထု တို့က လေးစားအားကျကာ အားကိုးအားထားပြုကြမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပါသည်။
 
ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့ရန် လျှောက်လှမ်းနေသော ခရီးတွင် ပြည်သူလူထုတို့၏ ပြဿနာကြီးငယ် များကို ဖြေရှင်းပေးသော ပျော်ရွှင်ဖွယ်ရာကောင်းပြီး စည်ကားသိုက်မြိုက်သော အထွေထွေဗဟုသုတများ၏ ဟင်းပေါင်းအိုး ကြီးသဖွယ်ဖြစ်သော လိုအပ်ချိန်တိုင်းတွင် အချိန်ပြည့် အဆင်သင့်ရှိသော အစိုးရအဖွဲ့အစည်း၏ ပြည်သူလူထုတို့နှင့် အနီးကပ်ဆုံး မရှိမဖြစ် အခြေခံအဆောက်အဦးများအဖြစ် ရပ်ကျေးရုံးများကို ရပ်ကျေးအဖွဲ့ အုပ်ချုပ်ရေးဝန်ထမ်းများကို ပြည်သူလူထုတို့က မျှော်လင့်လျှက်ရှိနေကြသည်ကို အစိုးရအဖွဲ့အစည်းများက သိစေ ကြားစေ မြင်စေချင်လှပါသည်။
 
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s