ရှောင်လေဝေးဝေး တစ်သောင်းတန်ဘေး

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၀ ဒီဇင်ဘာ ၂၀၁၈
 
အခုကာလဟာ ၂၀၁၈ကို နှုတ်ဆက်ပြီး အကောင်းတကာ့ အကောင်းဆုံးတွေ ရှိနေနိုင်တဲ့ ၂၀၁၉ဆီကို အားလုံး ဦးတည် လျှောက်လှမ်း ပန်းဝင်ဖို့ကြိုးစားနေကြတဲ့ အချိန်ခါသမယဖြစ်ပါတယ်။ဒီလို အခြေအနေမှာပဲ ကမ္ဘာကြီးပေါ်က မည်သည့်နိုင်ငံ မည်သည့်ဒေသ မည့်သည့်ခေတ်ကာလကမျှ မကြားဖူးသေးသည့် တစ်သောင်းတန်အတု ပြဿနာများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းတွင် မကြုံစဖူး ထူးကဲလှစွာ ရင်ဆိုင်ဖြေရှင်းနေကြရရှာလေသည်မှာ တစ်နိုင်ငံလုံးမှ ပြည်သူလူထု သန်း ၅၀ကျော် ၆၀နီးပါး အားလုံးအားလုံး သာတူညီမျှ တန်းတူညီမျှ ကျောသား ရင်သား မခွဲခြားဘဲ ကိုယ်တွေ့ကြုံနေကြရသည်မှာ အမှန်တရားဖြစ်ပါကြောင်း မည်သူမျှ ကျိန်တွယ်ပြောပြနေစရာ မလိုအပ်ပါ။
 
အားလုံးသိပြီးဖြစ်သည့်အတိုင်း တစ်သောင်းတန်အတုတွေကြောင့် မဆီမဆိုင် ကယ်တင်ရှင်မင်းသား သက်သေ တရားလို စသည်ဖြင့် နိုင်ငံတော်က ဆုငွေများပင်ထုတ်ပေးရမည့် ပြည်သူလူလုထု အခြေခံလူတန်းစား တာဝန်သိ ပြည်သူ များကို အခုတော့ဖြင့် နှစ်ကုန်အမှုစာရင်းများချုပ်ကာနီးနဲ့ တိုက်ဆိုင်၍လားမသိ တစ်သောင်းတန် ကိုင်ထားသူ ဆိုလျှင် ဘယ်နေရာ ဘယ်ဒေသ ဘယ်ပြည်နယ် ဘယ်အချိန် ဘယ်လိုနေနေ အော်တိုမစ်တစ် တရားခံလောင်းလျာ တစ်ဦးလို အချိန်မရွေး ဖြစ်သွားနိုင်သည် မဟုတ်ပါလား။အခုလည်းကြည့် တစ်သောင်းတန်သာ လက်ဝယ် ရှိပါက မည်သူကမျှ အဖက်မလုပ်ချင်တော့သလို ရင်းရင်းနှီးနှီးပင် မဆက်ဆံချင်ကြတော့သည့် အခြေအနေကို ပြည်သူ လူထု အများစုမှာ ရောက်ရှိနေကြသည်ကို မည်သူတွေက မဖြေရှင်းပေးကြပါဘဲ တစိမ့်စိမ့် အရာသာခံကာ ကြည့်နေနိုင်ကြ ပါလိမ့်ဟု အံ့သြနပမ်းဖြစ်ရသည်။တစ်သောင်းတန်နှင့်ဆိုလျှင် ဘာဝယ်ဝယ် မဆင်မပြေချင် မည်သူကမျှ လက်ခံပြီး သိပ် မယူချင်ကြပါ။တစ်သောင်းတန်သည် ယနေ့ မျက်မှောက်ခေတ်မှာတော့ ဘောလီဘော တစ်လုံးသာ ဖြစ်သည်။ မည်သူမျှ သိပ်မလိုချင်ကြ ဟိုဘက်ပုတ်ထုတ်လိုက် သည်ဘက်ပုတ်ထုတ်လိုက်နှင့် ပြည်သူတွေနှင့် ဝေးရာဆီကို ခရီးနှင်နေသော တစ်သောင်းတန်ဖြစ်နေလေပြီ။ တစ်သောင်းတန်ကို ပြည်သူလူထုတွေက ဘာကြောင့်များ အဲသည်လောက် ကြောက်လန့်တုန်လှုပ်နေကြပါသလဲ။အလကားနေရင်း ကြောက်တတ်ရန်ကော အတုနဲ့ အစစ်နဲ့ မခွဲတတ်ကြဘူးလား ဒါလေးတောင်မသိဘူးလား နေရောင်မှာထောင်ကြည့်လိုက်ရင် ဘယ်လို ဘယ်ချမ်းသာ ဘာ ညာ ကွိကွ စသည်ဖြင့် အနည်းငယ် တတ်သိသူများက ဝိုင်းပြောလျှင်လည်း ပြည်သူအများစုမှာ ခံရရုံသာ ရှိမည်။ထိုမျှ လောက် အလွယ်အတူ အတု အစစ် ခွဲခြားနိုင်မှတော့ မည်သူတစ်ဦး တစ်ယောက်မှ အတုတွေကို ယူလာမည် အသုံးပြု ကိုင်တွယ်မည် မဟုတ်ပါ။
 
ကဲ တစ်သောင်းတန် အတုတစ်ရွက်ကို လူတစ်ဦးဦးထံက လက်ခံရရှိလိုက်ကြပြီ ဆိုပါစို့ လက်ဝယ်ရောက်ရှိကာ ကိုင်ဆောင်ပြီး ပြန်လည်အသုံးပြုကြပြီ ဆိုကြပါစို့ ဒီတစ်သောင်းတန်အတုဟာ အခြားသူတစ်ဦးကို ဒုက္ခလှလှပေးမယ့် ငွေစက္ကူတစ်ရွက်ဖြစ်နေပြီ မဟုတ်ပါလား။မိမိကိုယ်တိုင်က တစ်နည်းနည်းနဲ့ တစ်သောင်းတန်အတုမှန်း သိရှိခဲ့ပြီ ဆိုပါစို့ ဘယ်လိုလုပ်ကြမှာလဲ။သေချာတာကတော့ ဒီငွေသားတစ်သောင်းတန်တဲ့ ငွေအမောင့်ကတော့ ဆုံးရှုံးသွားပြီဆိုတာ သေချာပါတယ်။မသိလို့ အသုံးပြုမိပြန်တော့ စစ်ဆေးရေးအဖွဲ့တွေ ရဲစခန်းတွေ ရုံးရောက် ဂါတ်ရောက်တွေ ဖြစ်ကြပြီ ဆိုပါစို့ ကိုယ့်ငွေနဲ့ကိုယ် အလုပ်လည်းရှုပ် အချိန်လည်းပုပ်သည့်အပြင် စိတ်ဆင်းရဲစရာတွေ စိတ်ပျက်စရာတွေ အပြင် နာကျည်းစရာ ဒေါသဖြစ်စရာ အကုသိုလ်များစွာ ဒုက္ခသုခပေါင်းများစွာကိုပါ တစ်ခါတည်း ရင်ဆိုင်ရမှာကလည်း မလွဲ မသွေ အသေအချာပါပဲ။ဘဏ်ကိုအပ်မိပြန်ရင်လည်း အတုမှန်းတော့ အတိအကျသိမှာ သေချာတဲ့ ကောင်းကျိုးရှိပြီး ရုံးရောက် ဂါတ်ရောက် ရဲစခန်းရောက် ဖြေရှင်းစရာမလို တရားခံဖြစ်စရာမလို သံသယအဝင်ခံရတဲ့ အမှုသည်လောင်း ဖြစ်မယ့်ဘေးက လွတ်မှာဖြစ်ပေမယ့် တစ်သောင်းကျပ်ကတော့ သေချာပေါက် အပေါက်ဖောက်ခံရပြီး မယုံသင်္ကာ အကြည့်နဲ့ ရင်ဆိုင်ခံရနိုင်သလို အထင်သေး အမြင်သေးခံရ မတော်လို့ မခံနိုင်လို့ စကားများ ငြင်းခုန်ကြပြန်ရင်လည်း ရဲစခန်းတိုင်ကြားခံရပြီး နေ့ချင်းညချင်း အချုပ်ခန်းထဲကို တန်းကနဲ ရောက်သွားနိုင်ပြန်ပါသေးတယ်။
 
ဒီတစ်သောင်းတန် ငွေစက္ကူအတုတွေကြောင့် ကြီးကြီးမားမား သက်ရောက်မှုပြင်းပြင်းနဲ့ အသံကျယ်ကျုယ် လောင် လောင်ထွက်လာခဲ့တာဟာ အခုဆိုရင် အမှုအခင်းအနေအထားနဲ့ ၃မှုလောက်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ပထမ ကနဦး အကျယ်လောင်ဆုံး အသံမှာ စင်္ကပူနိုင်ငံသား ခရီးသွားမောင်နှံဖြစ်ပြီး ဒုတိကကတော့ စင်္ကပူမှာ သွားရောက်ပြီး အိမ်ဖော် အလုပ်အကိုင်လုပ်ကာ ချွေးနည်းစာ လစာငွေလေးကို ငွေလဲကောင်တာက လဲလှယ်ပြီး ယူလာမိခဲ့တဲ့ မြန်မာနိုင်ငံသူဖြစ်ကာ တတိယကတော့ ဘဏ်မှာငွေသွားလွှဲရင်း စစ်ဆေးမိရာက တစ်သောင်းတန်ကျပ်ငွေ အတုတွေ ဆိုတာ စိစစ်ပေါ်ပေါက်ပြီး အမှုအခင်းဖြစ်နေတဲ့ မြိတ်မြို့နယ်က ပြည်သူတစ်ဦးပဲ ဖြစ်ပါတယ်။
 
စင်္ကပူနိုင်ငံသား ခရီးသွားမောင်နှံတို့ရဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေနဲ့ မြန်မာနိုင်ငံသူအိမ်အကူ တို့ရဲ့ ဖြစ်ပွားနေတဲ့ ငွေစက္ကူအတု ကိစ္စတွေကို စင်္ကပူနိုင်ငံက ဖြေရှင်းတဲ့နေရာမှာ စင်္ကာပူ အစိုးရတို့ဟာ ပြဿနာဖြစ်ပွားရာ မူရင်းနေရာ ရင်းမြစ်နေရာ မူလဇာတိနေရာ မိန်းပွိုင့်ကို အရင်လိုက်ပါတယ်။ငွေလဲကောင်တာတွေကို ချက်ချင်း လက်ငင်း ဆိုသလို ဝင်ရောက်ပြီး စစ်ဆေးပါတယ်။ငွေလဲကောင်တာတွေကို အပြီးတိုင်ပိတ်သိမ်းတာ ယာယီပိတ်သိမ်း တာ သတိပေးတာ ပညာပေးတာ ငွေစက္ကူအတုတွေ တွေ့ခဲ့သလား မတွေ့ခဲ့ဘူးလား တွေ့ရင်ရော သိမ်းယူခဲ့သလား တရားစွဲမှာလားစတဲ့ အကြောင်းအရာတွေကိုတော့ အတိအကျ မသိပေမယ့် တွေးမိတာတွေကတော့ စင်္ကာပူနိုင်ငံသား တွေနဲ့ စင်္ကာပူ အစိုးရတွေဟာ ငါတို့စင်္ကာပူနိုင်ငံသားနှစ်ယောက်ကို ဘယ်လို ကြီးပြင်းအောင် ပြုစုပျိုးထောင် မွေးဖွား ပေးခဲ့ရတယ် လူသားတစ်ဦးရဲ့ဂုဏ်သိက္ခာဟာ ဘယ်လောက်ကြီးမားတယ် စင်္ကာပူနိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးဟာ ဘယ်လောက် မြင့်မားတယ် ခန့်ငြားတယ် ဘယ်လိုတာဝန်ယူမှု တာဝန်ခံမှုတွေရှိတယ် ငါ့တို့စင်္ကာပူနိုင်ငံသား နှစ်ဦးနဲ့ အခြားသော မိတ်ဖက်နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ နားလည်မှုတွေ ခင်မင်မှုတွေ အားလုံးကို အလဲအထပ်လုပ် ပြီး ဖယ်ထုတ်ရဲတယ် ရှင်းရဲတယ် ရင်းရဲတယ် ဆိုတာကို ပြသရာရောက်ပါတယ်။
 
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတွေရဲ့ တစ်သောင်းတန် ကျပ်ငွေအတုကိစ္စတွေကို ဖြေရှင်းတဲ့ နေရာတွေမှာတော့ ကြွက်ကိုမနိုင်လည်း ကျီကိုမီးနဲ့ရှို့ရဲတယ် ဆင်တစ်ကောင်လုံးတွေ့လည်း ဆင်ခြေရာကို မဖြစ်မနေ ထပ်ရှာနေဖို့ လိုကိုလိုအပ်တယ်ဆိုတဲ့ အခြေအနေတွေကို ပြသ သလိုဖြစ်နေတဲ့အပြင် အဆိုတော် စိုးပိုင်ရဲ့ သီချင်းထဲ ကလို “လိုချင်တာလေး လှမ်းလို့မလွယ်ရင် လွယ်တာကိုပဲ ရအောင်ယူမယ်”ဆိုတဲ့ စာသားကလေးလိုပဲ လွယ်တာကို အမိအရ ခြေစုံပစ်ဝင်ဖမ်းတာမျိုး အားနည်းသူ ပြည်သူလူထုတွေရဲ့ ဂုတ်ကို မိမိရရ ကိုက်ခဲတာမျိုးတွေဟာ ကျွန်တော်တို့ပြည်သူလူထုကို တရားဥပဒေတွေနဲ့တကွ အကာအကွယ်ပေးဖို့ ကျွန်တော်တို့ကိုယ်တိုင်က ငွေကြေးတွေ အခွန်တွေ လစာတွေ ရိက္ခာတွေ သင်တန်းတွေ တည်နေရာဌာနတွေ ရုံးတွေ စခန်းတွေနဲ့ အသုံးအဆောင်တွေ လိုင်းခန်းတွေ ကားတွေ ဆိုင်ကယ်တွေ လက်နက်တွေ အသုံးစရိတ်တွေနဲ့တကွ စိတ်ချယုံကြည်မှု လေးစား အားကိုးမှု စတာတွေကို ဝကွက်အပ်ထားတဲ့ အစိုးရများ ဌာနဆိုင်ရာအစိုးရဝန်ထမ်းများကို ပြန်လည်ဆန်းစစ်ရတော့မှာ ဖြစ်သလို ပြည်သူလူထု သန်း ၅၀ကျော် ၆၀နီးပါးတို့ရဲ့ ပကတိမျက်လုံးတွေ ပညာမျက်စိတွေနဲ့ နိစ္စဒူဝ စောင့်ကြည့် ဝေဖန် အကြံပေး ပူးပေါင်းဆောင်ရွက် ပေးဖို့ လိုအပ်နေပြီလား ဆိုတာ မေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။
 
ဘာကြောင့် မေးခွန်းတွေထုတ်ဖို့ လိုအပ်သလဲ ဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အားလုံးဟာ ပြည်သူတွေချည်းဖြစ်ပါတယ်။အဲဒီလို ပြည်သူတွေချည်းပဲ နေထိုင်နေကြတဲ့အထဲကမှ ကျွန်တော် ကျွန်မ တို့ကတော့ အများအကျိုး ပြည်သူလူထုအကျိုး ပြည့်သူအကျိုးတွေကို အခြားသော ပြည်သူများထက် ပို၍ တာဝန်များ ဝတ္တရားများခံယူကာ တာဝန်ခံမှုများ တာဝန်ယူမှုများဖြင့် နိုင်ငံသားများအားလုံးအကျိုး နိုင်ငံအကျိုး နိုင်ငံတော်အကျိုး အားသွန်ခွန်စိုက် အမှုဆောင်ထမ်းရွက်ပါ့မယ် ဆိုပြီး တာဝန်ဝတ္တရားများကို ထမ်းဆောင်ပေးရန် အလို့ငှာ အစိုးရများ ဌာနဆိုင်ရာအစိုးရဝန်ထမ်းများအဖြစ်ကို ရောက်ရှိ ရရှိလာခဲ့ကြခြင်း ဖြစ်ပါတယ်။မည်သူ တစ်ဦး တစ်ယောက်ကမျှ ဘယ်အလုပ်ကို လုပ်ကိုလုပ်ရမယ် ဘယ်ဌာနမှာ လုပ်ကိုလုပ်ရမယ် ဘယ်တာဝန်ကို ယူကိုယူရမယ်လို့ အတင်း အဓမ္မ အကျပ်ကိုင်ပြီး တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ နိုင်ငံ့ဝန်ထမ်းများ ဘဝကိုတာဝန်ယူဖို့ ခိုင်းစေခြင်း ခံခဲ့ရသူ ရှိမယ် မထင်ပါ။
 
ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ ကျေကျေနပ်နပ် မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး သင်ယူလာခဲ့ကြသော အသိပညာ အတတ်ပညာ ဗဟုသုတ အကြားအမြင်များ အထက်အမိန့်မဟုတ်သော လုပ်ထုံးလုပ်နည်းပုံသေကားချပ်မဟုတ်သော ကွေးလွယ် ဆန့်လွယ် ပြုလွယ် ပြောင်းလွယ် ပြင်လွယ်သော ကိုယ်ပိုင် အတွေးအခေါ် အယူအဆများ ကိုယ်ပိုင် အမြင် အကြားများနဲ့ အမှန်တရားကို လက်ကိုင်ပြုကာ တရားမျှတခြင်းကို ဦးထိပ်ပန်ဆင်လျက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သားများအားလုံးကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သားများကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်း တည့်မတ် လမ်းညွှန်ပေးဖို့ရာဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး၏ သမိုင်းပေးတာဝန်ဖြစ်တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ လက်မထောင်ကာ ရင်ကော့ကာ တာဝန်များကို ဦးလည်မသုန် ဦးဆွေးဆံမြေ့ ထမ်းဆောင်ပေးကြဖို့ ပြည်သူလူထုက အရေးတကြီး အားကိုးတကြီးကို လိုအပ်နေပြီဖြစ်ပါတယ်။ဒါကြောင့်မို့ သူရသတ္တိနဲ့ပြည့်စုံတဲ့သူများ မဟုတ်မခံတဲ့သူများ အမှန်တရားကို အသက်လို မြတ်နိုး တန်ဖိုး ထားတတ်သူများ မဟုတ်တာ မမှန်တာလုပ်ရမှာကို အလွန်တရာရှက်ရွံ့တတ်သူများ မဟုတ် မမှန်သော အထက်အမိန့်ကို အချက်အလက်ကျကျ ပြန်လည်ဖြေရှင်းနိုင်သူများ အလုပ်ပြုတ်မှာ ထောင်ကျမှာ မကြောက်သူများ အာဂသူရဲကောင်းများ များစွာ များစွာကို ပြည်ထောင်စုသမ္မတနိုင်ငံတော်က အလိုရှိနေပြီ ဖြစ်ပါသည်။
 
သူ့ဆန်စား ရဲမှ ဆိုသောစကားရှိပါသည်။သူ့ဆန်သည် ဘယ်ကလာသလဲဆိုရင် အထက်အမိန့်က လာတာ မဟုတ်ပါဘူး သေနတ်ပြောင်းဝက လာတာ မဟုတ်ပါဘူး အစိုးရထံက လာတာမဟုတ်ပါဘူး ဗဟိုဘဏ်ကလာတာ မဟုတ်ပါဘူး ဝန်ကြီးဌာနတွေက လာတာ မဟုတ်ပါဘူး။လစာတွေ ရိက္ခာတွေ ယူနီဖောင်းတွေ အဆောင်အယောင် အသုံးအဆောင်နဲ့ အဲသည် သူ့ဆန်ဆိုတာတွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတွေက စုပေါင်းထည့်ဝင် ကောက်ခံထားတဲ့ အခွန်များက ဖြစ်တည်လာကြတာမို့ သူ့ဆန်ဟာ ပြည်သူလူထုဆီက တိုက်ရိုက် ရောက်ရှိ ရရှိ လာတာ အမှန်တရားပဲဖြစ်ပါတယ်။သို့ကြောင့် သူ့ဆန်စားပြီး ရဲကြမယ်ဆိုရင်ဖြင့် ပြည်သူလူထုမျက်နှာကို တစ်ချက် မက နေ့စဉ်နဲ့အမျှ ငဲ့ငဲ့ကြည့်ကြဖို့ စောင့်ငဲ့ကြည်ကြဖို့ ပြည်သူလူထုက ၂၁ရာစုရဲ့ မြန်မာနိုင်ဒီမိုကရေစီ လမ်းခရီးမှာ အသွားမတော်တဲ့ တစ်လှမ်း အစားမတော်တဲ့ တစ်လုတ်မဖြစ်စေဖို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။
 
လက်ရှိဖြစ်ပျက်ခဲ့ပြီးသော အမှုအခင်းပေါင်းများစွာ ဖြစ်ပျက်နေဆဲ ပြဿနာပေါင်းများစွာ နောင်ဖြစ်လာလတ္တံသော အရေးကြီးငယ်များစွာတို့တွင် အစိုးရအဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာပြည့်သူဝန်ထမ်းများတို့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သားများစွာတို့အတွက် မည်သို့ မည်ပုံ မည်သည့်နည်းလမ်းတို့ဖြင့် မည်သူတို့သည် မည်သည့် ဘက်က ရပ်တည်ကာ ကာကွယ်ရှင်းလင်းပေးကြမည်ကို သိချင်နေကြပါကြောင်း အားကိုးတကြီး မျှော်လင့် စောင့်စား နေကြပါကြောင်းကို သိကြစေချင်ပါသည်။ယခုကဲ့သို့သော ပြည်သူလူထုတို့ ခံစားနေကြရသည့် တစ်သောင်းတန် ကျပ်ငွေကိစ္စများတွင် မည်သို့ရှင်းလင်းပေးကြပါမည်နည်း မည်သူတွေက ဖြေရှင်းပေးကြပါမည်နည်း မည်သည့်အခါမှ တာဝန်ယူ ထမ်းဆောင်ပေးကြပါမည်နည်း။ သေချာသည်ကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားမှန်လျှင် တစ်သောင်းကျပ်တန် ငွေစက္ကူကိုသာ ကိုင်ဆောင်ထားပါက အချိန်မရွေး နေရာမရွေး တရားခံဖြစ်သွားနိုင်သလို တရားနည်းလမ်းမှန်စွာ ရှာဖွေထားကြပါသော ပြည်သူလူထုတို့၏ ချွေးနည်းစာများမျာ နေ့ချင်း ညချင်း စက္ကူစုတ်များ အဖြစ်သို့ ယုတ်လျော့ကာ ဆုံးရှုံးသွားနိုင်ပါသည်။တစ်သောင်းကျပ်တန် ငွေစက္ကူကိုင်ဆောင်မိထားသော သာမန် လက်လုပ် လက်စား ပြည်သူများထံတွင် တွေ့ရှိပါက မည်သူတွေက တာဝန်ယူကာ တာဝန်ခံကာ လဲလှယ်ဖြေရှင်းပေး ကြမည်နည်း။ အကယ်၍ ထိုကဲ့သို့ မဖြေရှင်းပေးနိုင်ပါက တစ်သောင်းကျပ်တန် ငွေစက္ကူစုတ်များကို ရိုက်နှိပ် ထုတ်ဝေ နေသော မသမာသူလူစုများ ဂိုဏ်းများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး မြန်လေကောင်းလေ ရှာဖွေ ဖော်ထုတ်ကာ ဖမ်းဆီးပေးကြပါလို့ ပြည်သူလူထုက ပန်ကြားမှသာ ဆောင်ရွက်ပေးကြတော့မည်လား မေးစရာဖြစ်နေလေပြီ။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s