မအောင့်နိုင်တော့လို့ ပြောချင်တယ်

မော်လမြိုင်၊ ၁၆ ဒီဇင်ဘာ ၂၀၁၈
(သရော်စာ)
ကျွန်ပ်တို့၏ ထူးဆန်းထွေပြားလွန်းလှပါသော ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအတွင်းမှ ရှုပ်ထွေးပွေလီလှပါသော လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်လျှင် ပြည်သူလူထုတို့မှာ စိတ်ပျက်ငြီးငွေ့လျက် အတတ်နိုင်ဆုံး ရှောင်တိမ်းကာ သီးသန့် နေထိုင်လိုကြသည့် အခြေအနေသို့ပင် ဆိုက်ရောက်နေသည့် ပုံစံမျိုးပင်ဖြစ်နေလေသည်။
 
ဒါတွေပြောလျှင် ဒေါတွေပါတယ် ဆိုသလိုပင် ဒေါတွေပါလည်း ပါတာပဲရှိကြသမို့ မောတာသာ အဖတ်တင်ခဲ့ကြသလို မည်မျှပင် ပြောင်းလဲချိန်တန်ပြီဟု ဆိုပါသော်လည်း ခွင်(ဂွင်)ထမ်းအများစုကတော့ဖြင့် အရင်အတိုင်းမှ အရင်အတိုင်း မပြောင်းဘူးဟေ့ မပြောင်းဘူး ဖြစ်နေကြသကဲ့သို့ ရှိလေသည်မှာကား အမှန်ပင်ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် သေသေချာချာလေ့လာကြည်မည်ဆိုလျှင် ဝန်ကြီးဌာန အချင်းချင်းသော်လည်းကောင်း ဌာနဆိုင်ရာ အချင်းချင်းသော်လည်းကောင်း အချိတ်အဆက် မရှိပဲ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ်တာဝန်ကိုယ်လုပ် ကိုယ်တာဝန်ကိုယ် ကျေပွန်တယ်ဆိုရုံမျှလောက်သာ မလှုပ် မရှုပ် မပြုတ် ဗျူရိုကရေစီကားစုတ်ကြီးကို အရေကြိုမပို့ရရေး အခွင့်အရေးပေးပြီး ပြုပြင်ဖာထေး သုံးနေကြသလိုတွေးနေကြပြီဖြစ်ပါတယ်။
 
ဘာကြောင့်များ ဒီလိုခေတ် ဒီလိုအခြေအနေ ဒီလိုအနေအထား ဒီလိုစားဖားတွေပေါ်လာကြရပါသလဲ လို့ မေးရင် ဟို ဌာန ပြောင်း ဒီဌာနပြောင်း ဇာတ်လမ်းကစတယ်လို့ပဲ ကောက်ချက်ချ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။အစိုးရဝန်ထမ်းကောင်း တစ်ဦးဖြစ်ဖို့ဆိုတာ ထမင်းစားသလောက် ရေသောက်သလော လွယ်ကူနေဖို့ မသင့်တော်သလို လွယ်ကူလွန်းနေလို့လည်း မဖြစ်ပါ။အစိုးရဝန်ထမ်းကောင်းတစ်ဦးဖြစ်ချင်ရင် သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ပြည့်မီနေဖို့ အဓိက အရေးကြီးတာ နိုင်ငံသားတိုင်းလိုလို သိနားလည်ကြပြီးသားဖြစ်ပါတယ်။အဲဒီလို ပြည့်မီဖို့လိုအပ်တဲ့ အရည်အချင်းတွေကိုလည်း လူတိုင်း လူတိုင်း အလွယ်တကူ တတ်ကျွမ်းတဲ့ ပြည့်မီတဲ့ စည်းကမ်းချက်တွေ သတ်မှတ်မထားဖို့ အရေးကြီးပါတယ်။အစိုးရဝန်ထမ်း တစ်နေရာအတွက် ဝန်ထမ်းလိုအပ်ခဲ့လျှင် တကယ်တော် တကယ်တတ် တကယ်သိ တကယ်လုပ်နိုင်တဲ့ တက်လမ်းရှိတဲ့ အတွေးအခေါ် အယူအဆ အမြော်အမြင်ရှိပြီး လုပ်နိုင်ကိုင်နိုင် သန်မာထက်မြက် သွက်လက်ချက်ချာ ကာယ ဉာဏ ခွန်အားဗလ အစစအရာရာပြည့်စုံတဲ့ ပရဟိတစိတ်ဓါတ်အခံရှိသူ လူငယ်လူရွယ် တက်လူများကိုသာ ဦးစားပေးပြီး အဓိကထား ရွေးချယ်ခန့်အပ်သင့်ပါတယ်။အရည်အချင်းကန့်သတ်ချက်များ စည်းကမ်းနည်းလမ်း ကြီးမားသလို ဝန်ထမ်းကောင်းတစ်ဦးရဲ့ လစာနဲ့ရိက္ခာခံစားခွင့်များကိုလည်း အနည်းဆုံးမိသားစု ၃ဦးစားလောက်သုံးလောက်သည် အထိ ထောက်ပံ့ပေးအပ်နိုင်ဖို့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ဖြစ်နိုင်ရင်တော့ ပင်စင်သက် လုပ်သက်တွေကိုပါ ၅၀ခန့်အထိလျော့ချနိုင်ရင် ပိုကောင်းလိမ့်မယ်ထင်ပါတယ်။လက်ရှိ တာဝန်ထမ်းဆောင်နေစဉ်မှာလည်း အလုပ်စတင်ခန့်အပ်စဉ်က အရည်အချင်း အရည်သွေးများထက်ကျဆင်းလာပါက လူစားထိုးပေးခြင်း နှုတ်ထွက်စေခြင်း အနားယူပင်စင်ပေးစေခြင်း စသည်ဖြင့် အစိုးရဝန်ထမ်းများ၏ လုပ်ငန်းယန္တရားကြီးထဲမှ အားမနာတမ်း ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။ထိုသို့ ပယ်ထုတ်ခြင်းအတွက်လည်း လောက်ငှသော ပင်စင်များ ထောက်ပံ့ကြေးများ ပေးအပ်နိုင်ဖို့ ကြိုးစား အားထုတ်ရမှာဖြစ်ပါတယ်။ထိုကဲ့သို့ စွမ်းဆောင်ရည်အားနည်းသော ဝန်ထမ်းတစ်ဦးကို ညှာတာထောက်ထားခြင်းဟာ ပြည်သူလူထုဦးရေ တစ်ဆယ် တစ်ရာ တစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း စသည်ဖြင့် အတိဒုက္ခ ရောက်စေနိုင်သည်ကို သတိချပ်ကြရမှာဖြစ်ပါတယ်။
 
ယခုဝန်ထမ်းလောကကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြည့်လျှင် နိုင်ငံတော်အစိုးရကပေးမည့် လစာထက် ခွင်(ဂွင်) အောက်ဆိုဒ်ကောင်းမည်ထင်သော ဌာနများကို မရ ရအောင် မရောက် ရောက်အောင် နည်းမျိုးစုံဖြင့် ငွေထိုး၍တစ်မျိုး ဝိတ်သုံး၍တစ်သွယ် နည်းလမ်းအမယ်မယ်တို့ဖြင့် အတင်းအဓမ္မ တိုးဝှေ့ဝင်ရောက်လာခဲ့ကြသူများ ရှိနေပြီ ဆိုသည်မှာ မည်သူမှ ငြင်းချက်ထုတ်ရန် မတတ်နိုင်တော့သော အခြေအနေဖြစ်ပါသည်။စိတ်ကောင်းရှိသော လူငယ် လူရွယ်ပင် ဖြစ်နေခဲ့သော်လည်း မိသားစုစားဝတ်နေရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဆွေမျိုးညာတိတို့ဖိအား စသည်တို့ဖြင့် ထိုလမ်းစဉ်အတိုင်း လုပ်မိကိုင်မိတတ်ကြသေးသည်။အမှန်စင်စစ်မှာကား နိုင်ငံရေးနှင့် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာကား အကောင်းစား အထက်တန်းစား အဆင့်မြင့် ပရဟိတလုပ်ငန်းသာဖြစ်သည်။ထိုကဲ့သို့သော နိုင်ငံရေးမျိုးနှင့် နိုင်ငံဝန်ထမ်း တာဝန်မျိုးကို စိတ်ဓါတ် စည်းကမ်း ပညာ ကိုယ်ကျင့်တရား စသည်တို့ အဆင့်အတန်းပြည့်မီခြင်း မရှိဘဲ အလွယ်တကူ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ဆိုသည်မှာ ခက်ခဲလှစွာ လူဘဝကိုရရှိချိန်တွင် ထိုထက် ပိုမိုခက်ခဲသော အကျိုးပေး ဘဝကံ ဇာတာတက်ခြင်းမျိုးပင်ဖြစ်သည်။
 
လက်ရှိအစိုးရဌာနဆိုင်ရာများ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအများစုမှာ သက်ကြီး ရွယ်အိုများ စွမ်းဆောင်ရည်အားနည်းသူများ စိတ်ဓါတ်ရေးရာ အားနည်းသူများ လူနေမှုအဆင့်အတန်း ပါးလျ နိမ့်ကျ သူများလို အများစုဖြစ်နေဟန် ပြည်သူလူထုကြီးက ထင်နေကြသည် ဆိုသည်ထက် မြင်နေကြပြီဟု ပြောရပေလိမ့်မည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် လူဦးရေအားဖြင့် အကြမ်းမျဉ်း သန်း ၅၀ကျော် ၆၀နီးပါး (အတိအကျ မဟုတ်)ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။ထို သန်း ၅၀ကျော် ၆၀ထဲတွင် နိုင်ငံတော်ကြီးအတွက် အားကျိုး မာန်တက် ကိုယ်ရောစိတ်ပါ နောက်ဆံမတင်းရပါပဲ အရာရာတွင် ယုံကြည်စိတ်ချစွာ မျက်နှာလွှဲ စိတ်လွှဲ ကိုယ်လွှဲ ထားကာ တာဝန်ပေး ခန့်အပ်နိုင်သည့် ဆယ်ကျော်သက်မှ နှစ်ဆယ်ကျော် သုံးဆယ်ကျော် လူငယ် လူရွယ် များစွာရှိနေသည်မှာ ဘာမျှ ထူးဆန်းသော ကိစ္စတစ်ခုမဟုတ်ပေ။နိုင်ငံတော်ကြီးအတွက် အရေးကြီးသော အရေးပါသော အရာရောက်သော ကိစ္စဝိစ္စများအတွင်းတွင် ထိုလူငယ်များမပါဘဲ မရှိဘဲ နေရာမပေးဘဲ လူကြီးများကသာ နေရာလု ထိုင်ခုံများလုထားကာ ငါမပါလျှင် နေရာတကာမပြီး လုပ်နေကြပါက ကမ္ဘာနှင့်ယှဉ်လျှင် ခေတ်နောက်ကျ အောက်ကျ နောက်ကျ အကုန် ဘိတ်ဆုံးက ဘိတ်ချေးကချည်းသာ ကျေနပ်နေဖြေသိမ့်နေကြဖို့ရာသာ ရှိလေတော့မည်။ယခုလိုပြောဆိုရေးသားနေရခြင်း သတိပေးနေရခြင်းသည်ကလည်း လူကြီးများကို အသုံးမဝင်တော့၍ ဘေးသို့ဖယ်ထုတ်နေခြင်းမျိုးမဟုတ်ပေ။လူကြီးများက လူကြီးများနှင့်တန်သော တူတူတန်တန်နေရာထိုင်ခင်းများကို ရွှေ့ပြောင်းတက်လှမ်းကာ နာယကများ အကြံပေးများ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များပြုလုပ်ကာ လူငယ်များကို ဖေးမပေးခြင်း စောင့်ရှောက်ပေးခြင်း အကြံကောင်း ဉာဏ်ကောင်းများပေးခြင်း ထိန်းကွပ်ပေးခြင်း ဆုံးမပဲ့ပြင်ပေးခြင်း သတိပေးခြင်း စသည့် အရေးကြီး လုပ်ငန်းစဉ်များလုပ်ပြီး နိုင်ငံတော်ကြီးကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ရန်နှင့် နေရာမှန်လူမှန်များဖြစ်ကြဖို့ရာ သတိချပ်စေကြစေချင်ရုံမျှသာ ဖြစ်သည်။
 
ယခုမူကား ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအတွင်းတွင် မည်သည့်ဝန်ကြီးဌာနနှင့် မည်သည့်ဌာနဆိုင်ရာသို့ပင် ဖြစ်စေ လုပ်ငန်းတစ်ခုလုပ်ရန် သွားရောက်ကြရပါက ပြည်သူလူထုတို့မှာ သေရမည်ထက် ကြောက်လန့်တုန်လှုပ်လျက် ဆန့်ကျင် သွေဖယ်နေတတ်ကြသည်မှာ ရှက်ဖွယ်လိလိပင်ဖြစ်နေပေတော့သည်။မည်သည့်အလုပ်ပင်ဖြစ်စေ အများစုမှာ ဒီနေရာ ဒီဌာန ဒီနေ့ ဒီအချိန်တွင် ဝမ်းစတော့ဆားဗစ်နည်းဖြင့် ဒီတစ်ရက်တည်းပြီးရမည့် ကိစ္စအဝဝမှန်သမျှတို့သည် အစိုးရဌာနဆိုင်ရာ လုပ်ငန်းစဉ်များ ကြိုးနီစနစ်များ အချိန်ဆွဲမှုများ အိုးမဲသုတ်မှုများ ခေါက်ဆွဲစားမှုများ ကြားတွင် အကျိုးမရှိဘဲ အချိန်ကုန်ရကာ ပြည်သူလူထုတို့၏ နေမှု ထိုင်မှု စားမှု သောက်မှု နှင့် ကိုယ်ပိုင်အချိန်များ ကိုယ်ပိုင် လွတ်လပ်ခွင့်များ ကိုယ်ပိုင်အားလပ်ချိန်များကို လက်မည်းမည်းကြီးဖြင့် လက်ကြမ်းကြမ်းကြီးဖြင့် အကြမ်းပတမ်း ပရမ်းပတာ ဆွဲယူဆုပ်ကိုင်ကာ အားရချိုမြိန်စွာ စားသုံးနေသကဲ့သို့ ခံစားနေကြရပြီဖြစ်သည်။
 
ခေတ်ကိုအမီမလိုက်နိုင်ခြင်း မြန်မာဘာသာစကားမှလွဲ၍ အခြားသောဘားသာစကားတစ်ခုခုကို တတ်ကျွမ်းနားလည်မှု မရှိခြင်း အခြေခံကွန်ပြူတာကိုတတ်မြောက်ထားမှုမရှိခြင်း အင်နာနက်ကွန်ယက်များ လူမှုဆိုရှယ်နက်ဝါ့က်သ်များကို အသုံးမပြုတတ်ခြင်း လူမှုရေးနားလည်မှုမရှိခြင်း ကိုယ်ချင်းစာတရားမရှိခြင်း ပရဟိတအများအကျိုးဆောင်လိုစိတ် အခြေခံ ဗီဇ အနည်းငယ်မျှမရှိခြင်း သည်းခံစိတ်ရှည်မှုမရှိခြင်း လူတစ်ဖက်သား လူအများနားလည်အောင် လိပ်ပတ်လည်အောင် စကားကိုလေးလုံးကွဲအောင် ပြောဆိုရှင်းပြနိုင်မှုမရှိခြင်း ရုပ်ရည်ရူပကာယ ဥပတိရုပ် အလွန်အကျုး မကောင်းစေကာမူ ဟန်ဆောင်မှုမပါသော သာမာန်အပြုံးကလေးကိုမျှ လူတိုင်းကိုပြုံးမပြတတ်ခြင်း စသည့် အခြေခံအရည်အချင်းများနှင့် မကိုက်ညီသောသူများကို အောက်ခြေဝန်ထမ်းနေရာဖြစ်သော သန့်ရှင်းရေးတာဝန် လုံခြုံရေးတာဝန် စာရေးစာချီတာဝန် ကလေးကိုမျှပင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကြီးမားလှစွာသော ကျေးဇူးဆပ်ရမည့် နေရာ ဌာနများတွင် မပေးသင့်ပါချေ။ ဥပမာပြရသော် ပုဂ္ဂလိကလုပ်ငန်းများ ကုမ္ပဏီများ စက်ရုံများတွင် ပမာမှီး၍ ကြည့်ရှုပါက သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါလိမ့်မည်။ ပုဂ္ဂလိကလုပ်ငန်းများ ကုမ္ပဏီများ စက်ရုံများဆိုသည်မှာ ပြည်သူလူထုကို မှီတည်ကာ ပြုလုပ်ကြရသော လုပ်ငန်းစဉ်များချည်းသာဖြစ်သဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုခြင်းပြုချိန်များမှာ အနည်းငယ်မျှ လွဲမှားချွတ်ချော်တိမ်းစောင်း၍ မရပါချေ။ထို့ကြောင့်ပင် အပြိုင်အဆိုင် ဆားဗစ်ပေးကြသည် ဖိတ်ခေါ်ကြသည် ကမ်းလှမ်းကြသည် ရှင်းလင်းတင်ပြတတ်ကြသည်။ဝန်ထမ်းများကိုလည်း တော်မှ တတ်မှ နပ်မှ လည်မှ သွက်မှ ချောမှ လှမှ စိတ်ရှည်မှ သည်းခံမှ စသည့်ဖြင့် တော်လေးဝမဝင်ရုံတမယ် မယ်ဘွဲ့မရရုံ မော်ဒယ်ဘွိုင်းမဟုတ်ရုံတမယ် စည်းကမ်း နည်းလမ်းများဖြင့် အလုပ်ခေါ်တတ်ကြသည်။လုပ်သက်မည်မျှရှိရမည် မတတ်လျှင်သင်ကြားပေးမည် နေစရာပေးမည် စားစရာပေးမည် စသည်ဖြင့် လူသိရှင်ကြား ခေါ်ယူခန့်အပ်နေကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။
 
အစိုးရနှင့် အစိုးရဝန်ကြီးဌာနများဆိုသည်မှာကား ထိုကဲ့သို့သော ပုဂ္ဂလိကလုပ်ငန်းများ ကုမ္ပဏီများ စက်ရုံများထက် အဆပေါင်းများစွာ ပိုသော ဝန်ထမ်းကောင်းများ ရနိုင်ခွင့် ခန့်အပ်နိုင်ခွင့် အခွင့်အရေးရှိသည်။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းတွင် မွေးဖွားသူမှန်သမျှတို့သည် ဒီနိုင်ငံ ဒီရေ ဒီမြေ ဒီလေတို့ကိုသာ မှီတည်ပေါက်ဖွားကာ ကြီးမားရှင်သန်ပြီး အသိပညာ အတတ်ပညာတို့ကို သင်ယူထားကြရသူများဖြစ်သဖြင့် မည်သူမဆို မည်သည့်နေရာမဆို မည်သည့်အချိန်မဆို တော်သည့် တတ်သည့် လူကောင်း လူငယ် လူသားအရင်းအမြစ်များကို တော်ကောက်သလို ကောက်လို့ရနိုင်သည် ဝန်ထမ်းလျှောက်မည်ဆိုလျှင် အစိုးရဝန်ထမ်းအလုပ်ကို ဦးစားပေး လုပ်ချင်သူ ဖြစ်ချင်သူတို့ တစ်နိုင်ငံလုံး အနေအထားဖြစ်လာအောင် လမ်းကြောင်းတည့်မတ်ကာ ထိန်းညှိပေးကြသင့်ပြီဖြစ်သည်။ အစိုးရ နှင့် အစိုးရဝန်ကြီးဌာနများသည် အချိတ်အဆက်မိမိဖြင့် လုပ်ကိုင်နေကြမည်ဆိုပါက မည်သူ့၏မြစ် မည်သူ၏မြေး မည်သူ၏သား မည်သူသည် မည်သည့်ကျောင်းသားသည် မည်မျှတော်သည် မည်ကဲ့သို့ရှိသည် မည်သည့်နေရာတွင် သူတပါးတို့ထက်ထူးခြားသည် မည်သည့်ကိစ္စတွင်ထူးချွန်သည် စသည်ဖြင့် အားလုံးကို အတိအကျ တစ်နိုင်ငံလုံးမှ လူတစ်ဦးချင်း တစ်ယောက်ချင်းတို့၏ မျိုးရိုးဗီဇ ဓလေ့စရိုက် အလေ့အကျင့် ပညာအရည်အချင်း စိတ်ဓါတ်ရေးရာ လူမှုရေး ထူးချွန်မှု ရှိမရှိ ဗဟုသုတအကြားအမြင် အားကောင်းမောင်းသန် ရှိ မရှိ အူမအစ ချေးခါးအထိ သိနိုင်၏။ထိုကျောင်းသား များ အတန်းပညာ အတတ်ပညာ အတန်းပညာ သင်ယူတတ်မြောက်ကာ အရွယ်ရောက်လာသည်နှင့် မာကင်ပေးကာ မှတ်ကျောက်တင်ပြီး အစိုးရဌာနဆိုင်ရာ တာဝန်ဝတ္တရားကို မိမိအိုမင်းရင့်ရော်ချိန်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ နောင်ရေး စိတ်အေးရအောင် ဆရာစားမချန်ပဲ မချွင်းမချန် အကုန်အစင်သင်ပေးကာ စိတ်ချလက်ချ ခန့်အပ်ထားခဲ့ရန် အလွန်သင့်မြတ်လှ၏။
 
ထိုကဲ့သို့မဟုတ်လျှင်ကား မိမိနိုင်ငံအတွင်းတွင် လူဦးရေ မည်မျှရှိမှန်းမသိ အမျိုးသမီးဦးရေ မည်မျှရှိမှန်းမသိ အမျိုးသားဦးရေ မည်မျှရှိမှန်းမသိ အသက်ကြီးဘိုးဘွားများဦးရေ မည်မျှရှိမှန်းမသိ ကလေးငယ်များဦးရေ မည်မျှရှိမှန်း မသိ အလုပ် လုပ်နိုင်သော လုပ်ငန်းခွင်ဝင်ရောက်နိုင်သောလူဦးရေ မည်မျှရှိမှန်းမသိ သူတပါးနိုင်ငံများသို့ တရားဝင်သွားရောက် အလုပ်လုပ်နေသူ ရွှေ့ပြောင်းလုပ်သားဦးရေ မည်မျှရှိမှန်းမသိ ကျောင်းသားအရွယ်မည်မျှရှိမှန်းမသိ ပညာရှင်အရေအတွက် မည်မျှရှိမှန်းမသိ သန်းခေါင်စာရင်းအတိအကျ မည်၍မည်မျှရှိမှန်းမသိ မွေးဖွားစာရင်းမည်၍မည်မျှ ရှိမှန်းမသိ လုပ်ငန်းရှင်ကြီးများ မည်မျှရှိမှန်းမသိ ကုမ္ပဏီများ ကုမ္ပဏီပိုင်ရှင်များမည်မျှရှိမှန်းမသိ စက်ရုံအလုပ်ရုံများ မည်မျှရှိမှန်းမသိ လုပ်ငန်းခွင်များ လုပ်ကွက်များ လုပ်ငန်းလိုင်စင်များ မည်မျှရှိမှန်းမသိ ရထားအစီးရေ သင်္ဘောအစီးရေ လေယဉ်အစီးရေ ကားအစီးရေ ဆိုင်ကယ်အစီးရေ ဆိုက္ကားအစီးရေ စက်ဘီးအစီးရေ မည်မျှရှိမှန်းမသိ စသည်ဖြင့် စသည်ဖြင့် မသိတာတွေ များကာ မသိတာတွေချည်းဖြစ်လျက် မသိနိုင်ငံတော်ကြီး ဖြစ်သွားမှာ စိုးရိမ်ပူပန်ရပေတော့မည်။
 
ယခုလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို မည်သူတွေက ချယ်လှယ်ချုပ်ကိုင်နေသည် မည်သူတွေက ကြိုးကိုင်နေသည် မည်သူတွေက အုပ်ချုပ်မင်းလုပ်နေသည် မည်သူတွေက မည်သည့်ဌာနတွေကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေသည် မည်သည့်အခက်အခဲများရှိသည် မည်ကဲ့သို့သော အမြတ်အစွန်းများရရှိသည် မည်ကဲ့သို့ အဆင်မပြေသောအကြောင်းအရင်းများရှိသည် မည်ကဲ့သို့ပြန်လည်ပြုပြင်ကြမည် မည်သူတွေက မည်သည့်လုပ်ငန်းတွေကို ထူထောင်လုပ်ကိုင်နေကြသည် မည်သည့်အတွက် လုပ်ငန်းလိုင်စင်များ ပေးထားရသည် မည်သည့်ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် မည်သည့်စီမံကိန်းများရှိသည် မည်သည့်နိုင်ငံများနှင့် မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်နေသော ကိစ္စဝိစ္စများရှိသည် မည်သည့်အကြောင်းများကတော့ အများပြည်သူကို ချပြ၍မရသေးပေ မည်သည့်အရာကတော့ မည်သည့်အချိန်တွင် တင်ပြပေးပါမည် စသော စသော အသံဗလံများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းမှ ပြည်သူလူထုအားလုံးတို့က တမျှော်မျှော် တခေါ်ခေါ်ဖြင့် လည်ပင်းတော်ရှည်အောင် အော်ခေါ်ကာ မော်ကြည့်ရင်း သက်ပြင်းချရခြင်းမှ ကင်းလွတ်ခွင့်ရချင်ကြလှပါပြီ လို့။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s