မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၈
အောက်တိုဘာ ၂၅နေ့ကနေ ၂၈ရက်နေ့ထိ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ 2018 BWF International Series ပြိုင်ပွဲ (အီဂျစ်နိုင်ငံတကာစီးရီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲ) မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မသက်ထားသူဇာက ချန်ပီယံဆုရရှိခဲ့ပါတယ်။
မသက်ထားသူဇာဟာ ဂျော်ဒန် နဲ့ ချက်နိုင်ငံက ကစားသမားတွေကို လက်ရည်အသာ၊အမှတ်အသာနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ကွာတားအဆင့်မှာ ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်ဆော့ပြီး အနိုင်ယူခဲ့တာပါ။ ဒါ့အပြင် ကြက်တောင်အားကစားလောကမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့
အာဆီယံဒေသတွင်းပြိုင်ဘက် မလေးရှားကစားသမားကိုလဲ
ဆီမီးဖိုင်နယ်ပွဲမှာ နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဖိုင်နယ်ပွဲကို တက်ရောက်ခဲ့တာပါ။ ဖိုင်နယ်ပွဲမှာတော့ ယှဉ်ပြိုင်ရမယ့် ဘီလာရုစ် ကစားသမားက ဒူးဒဏ်ရာကြောင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တာဖြစ်လို့ ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်မရှိဘဲ မြန်မာအားကစားမယ် မသက်ထားသူဇာက ချန်ပီယံဆု ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၈ ခုနှစ် အီဂျစ်နိုင်ငံတကာစီးရီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက မသက်ထားသူဇာက ပထမ၊ ဘီလာရုစ်က ဒုတိယ နဲ့ တတိယကိုတော့ မလေးရှားနဲ့ ဆွတ်ဇာလန် က ပူးတွဲ ရရှိခဲ့ကြပါတယ်။
Mawlamyine Daily
Ref: မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်