ကျွန်တော်နှင့် အနာဂတ်များပျောက်ဆုံးခြင်း

မော်​လမြိုင်​၊ ၅ ဇူလိုင်​ ၂၀၁၈
(​ဆောင်းပါး)

ထိုင်း မြန်မာ နယ်စပ်ဒေသ၊ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာရှိတဲ့ ဂူအတွင်းမယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူ အတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှု ကူညီရေး အဖွဲ့များ၊ နိုင်ငံတကာက ပူးပေါင်းကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ၃.၇.၂၀၁၈အထိ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြပြီး ၁၀ရက်မြောက်နေ့မှာ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေး(၁၃)ဦး၏ မိဘဆွေမျိုးများ ကယ်ဆယ်ရေးအဖွဲ့များ ကြက်ခြေနီအဖွဲ့များ ရဲတပ်ဖွဲ့များ ထိုင်း တပ်မတော်မှ စစ်သားများ ထိုင်းဘုရင့်တပ်မတော်မှ ရဲဘော်များ အုပ်ချုပ်ရေးပိုင်းမှ အရာရှိများ ထိုင်း တော်ဝင်ရေတပ်မှ အထူး ရေငုပ်တပ်ဖွဲ့များ ပရာရွတ်ချန်အိုချာ ကိုယ်တိုင်လာရောက်အားပေးခဲ့ပြီး အမေရိကန်မှ အထူးအဖွဲ့များ သြစတေးလျ အထူးကယ်ဆယ်ရေးတပ်ဖွဲ့များ မြန်မာနိုင်ငံမှ အထူးအဖွဲ့များ တရုတ်နိုင်ငံမှ အထူးအဖွဲ့များ စက်ပစ္စည်းကိရိယာ အပြည်အစုံတို့ဖြင့် ကျောက်ဂူထဲမှ မြေအောက်ရေများကို အပြင်သို့စုပ်ထုတ်ခြင်း ဂူအတွင်းပိုင်းအထိ တဖြည်းဖြည်း ဝင်ရောက်ရှာဖွေခြင်း အနီအောက်ရောင်ခြည်များ ရေဒါများ ဒရုန်းများ ဟယ်လီကော်ပတာများ မီးစက် အကြီးစားများ တယ်လီနော အော်ပရေတာမှ ရေဒီယိုတာဝါတိုင်များ(ထိုင်းနိုင်ငံတွင် ဒီတက်)တို့က နေ့ချင်းညချင်း ရောက်လာကာ ညီညွတ်စွာ စည်းလုံးစွာဖြင့် ဘောလုံးသမားလူငယ်လေးများကို အပြင်အထန်ကြိုးစားကာ ရှာဖွေနေကြသည်။

ကုန်ကျစရိတ်များစွာ ဘတ်ဂျက်များစွာ စီမန်ခန့်ခွဲမှုများစွာ နိုင်ငံပေါင်းများစွာ ကယ်ဆယ်ရေးအဖွဲ့များစွာ စသည် စသည်ဖြင့် အင်အား အလုံးအရင်းသုံးပြီး နိုင်ငံခေါင်းဆောင်များကိုယ်တိုင် ပါဝင်ကာ ဒီ လူငယ်လေး (၁၃)ယောက် တည်းကို ဘာကြောင့်များ အသည်းအသန်ရှာဖွေနေကြပါသလဲ။

ထိုကျောင်းသားဘောလုံးသမားလေး(၁၃)ယောက်ပျောက်ဆုံးမှုနောက်ကွယ်တွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာ ထိုင်းနိုင်ငံ၏ အနာဂတ် ထိုင်းနိုင်ငံ၏ ဂုဏ်ကျက်သရေ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ကြည်းတပ် ရေတပ် လေတပ် ဝန်ကြီး စစ်ဦးစီးချုပ် သုတေသီများ သုတေသနပညာရှင်များ ဂီတပညာရှင် အားကစားပညာရှင် ရှပ်ရှင်ပညာရှင် ပန်းချီပညာရှင် စာရေးဆရာကြီးများ သမ္မတ ဒုတိယသမ္မတ ဆရာဝန်များ အင်ဂျင်နီယာများ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်လာမည့် ထိုင်းနိုင်ငံတော်၏ အရေးကြီးပုဂ္ဂိုလ်များဖြစ်လာရန် အလားအလားရှိသော လူငယ်များ အနာဂတ်များ ကျောင်းသားများ မျိုးဆက်သစ်များ ဖြစ်နေခြင်းကြောင့် VVIP အဆင့်အနေအထားတစ်ခုအဖြစ် သတ်မှတ်ကာ တောနင်း တောင်ဖြို မြေလှန်ကာ ရှာဖွေနေခြင်းသာဖြစ်သည်။

ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေသော လူငယ်လေးများမှာ ၁၃ဦးသာဖြစ်သည်။ထိုထက်ပိုလိမ့်မည်ဟု ကျွန်တော် မထင်ပါ။ကျွန်တော် ထိုင်းနိုင်ငံတွင် ၄နှစ်နီးပါးခန့် နေခဲ့ဖူးသည်။ဘန်ကောက် မဟာချိုင် စမုစခွန် ဖလန်စောင် ပါကရက် နွန်ထာဘူရီ ဖူးခက် စသည်ဖြင့် ထိုင်းနိုင်ငံ၏ နေရာအတော်များများကိုလည်း လျောက်သွားခဲ့ပြီး လမ်းကြိုလမ်းကြား ဈေးဆိုင်များ ၂၄နာရီဆိုင်များ စက်ရုံများ အလုပ်ရုံများ အရောင်းဆိုင်များ အရောင်းစင်တာများ စူပါမားကတ်များ စသည်တို့ကို သတိထားမိသည်။လူငယ် အလုပ်သမားများ မရှိသလောက်ပင်ဖြစ်သည်။အကယ်၍ ရှိခဲ့ပါကလည်း အခြားသော အိမ်နီးချင်း မြန်မာ လာအို ကမ်ပူချား အင်ဒို မလေး ခမာလူမျိုး တိုင်းရင်းသားအချို့က တရားမဝင် သော် လည်းကောင်း ယာယီစမတ်ကဒ်များဖြင့်သော်လည်းကောင်း အပြင်မထွက်ရသော အိမ်ဖော်အလုပ် စက်ရုံဝန်းထဲတွင် နေ စက်ရုံဝန်းထဲတွင် စား စသည့်အလုပ်နေရာမျိုးတို့တွင်သာ တွေ့ရတတ်သည်။

ထိုင်းနိုင်ငံမှာ ဘာကြောင့် ကျောင်းသားအရွယ် ကလေးတိုင်းက ကျောင်းတက်နိုင်ကြပါသလဲ ဆိုလျှင် မိခင် ကိုယ်ဝန်ရှိစဉ်ကတည်းကပင် စပြောရမည်ဖြစ်သည်။အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ရှိပြီး ၃လပြည့်သည်နှင့် အလုပ် သက်သာသော နေရာ ဌာနများ(ဥပမာ-စာရင်းကိုင် စာရင်းစစ် စာရင်းချုပ် စသည်ဖြင့်)သို့ တရားဝင် ပြောင်းရွေ့ကာ တာဝန်ထမ်းဆောင်ခွင့်ရသည်။ကိုယ်ဝန် ၆လပြည့်သည်နှင့် အလုပ်ခွင်သို့ လုံးဝလာရောက်စရာ မလိုတော့ပဲ လကုန် လျှင် တရားဝင် လစာထုတ်ခွင့် အပြည့်အဝရသည်။ဒါက ပုဂ္ဂလိက လုပ်ငန်းခွင်များတွင်ဖြစ်ပြီး အစိုးကဘက်ကတော့ ကိုယ်ဝန် ရှိသည်နှင့် တစ်လလျှင် ယိုးဒယားဘတ်ငွေ သုံးသောင်းခန့် ထောက်ပံကြေးရပါသည်။လူမှု ဖူလုံရေးကဒ် သို့မဟုတ် ကျန်းမာရေးအာမခံကဒ် လုပ်ထားလျှင် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများတွင် အခမဲ့ကုသခွင့်ရရှိပါသည်။ ကလေးကြီးလာပြီး ကျောင်းထား၍ရသော ၅နှစ်အရွယ်သို့ရောက်လျှင် မိဘဖြစ်သူများက ကျောင်းအပ်ပေးရုံသာ ဖြစ်သည်။အစိုးရကျောင်းများမှ ကလေးငယ်ကို ကျောင်းအပ်ပေးမှုအတွက် မိဘများကို ကျောင်းအပ်ခြင်း ဂုဏ်ပြုမှု ထောက်ပံငွေ ဘတ် ၆၀၀၀ ခန့်ပေးသည်။အကျီင်္ ဘောင်းဘီ ဖိနပ် စာအုပ်စာတမ်းများ ဘောလ်ပင် ခဲတံများ ကွန်ပါဘူး ကျောင်းဝတ်စုံ တစ်စုံကိုပေးသည်။ကားဖြင့်လာကြိုပေးသည် နေ့လည်စာကျွေးသည် ကျောင်းဆင်းလျှင် အိမ်သို့ ပြန်ပို့ပေးသည်။ကျောင်းတိုင်းမဟုတ်သော်လည်း အစိုးရကျောင်းအတော်များများတွင် ထိုအခွင့်အရေးများကို ရရှိကြသည်။အချို့သော ငွေကြေးချမ်းသာသူများ လူလတ်တန်းစားများကတော့ မိမိအစီအစဉ်ဖြင့်သာ အားလုံးကို ဆောင်ရွက်သူများလည်း ရှိကြသည်။

လုပ်ငန်းခွင်များတွင် ထိုင်းနိုင်ငံသားများမှာ လစာဖြင့်သာလုပ်လေ့ရှိကြပြီး အခြားသော ရွေ့ပြောင်းလုပ်သား ဧည့် နိုင်ငံသားများကတော့ နေ့စားသမားများသာဖြစ်သည်။တစ်ရက်လျှင် တရားဝင် ဘတ် ၃၀၀ ဖြစ်သည်။အိုဗာတိုင် ဆင်းလျှင် ဘတ် ၁၅၀/၂၀၀ ခန့်ရရှိတတ်ကြသည်။မိမိနေသောအဆောင်နှင့် လုပ်ငန်းခွင်ကို ကားအကြိုအပို့ ဖယ်ရီ ထားပေးသည်။လျှပ်စစ်မီးမီတာ ရေမီတာ တစ်ခန်းလျှင် တစ်လုံးရှိသည်။လူတိုင်း အနည်းဆုံး ဘန်ကောက်ဘဏ် ဘဏ်ကဒ်ရှိသည်။ကျန်းမာရေးအာမခံကဒ်ရှိကြသည်။ဖုန်းပြောခမှာ တစ်နေကုန်ပြော ၉ ဘတ်သာရှိသည်။အင်တာနက် နေရာအတော်များများတွင် ဝိုင်ဖိုင်ဖရီး ရှိတတ်သည်။နံနက်တိုင်း အစည်းအဝေးရှိသည်။ထိုင်းနိုင်ငံတော်သီချင်းကို သီဆိုကြသည် ပြီးမှသာ လုပ်ငန်းခွင်သို့ဝင်ကြသည်။အလုပ်တစ်ခုတည်းတွင် ၁၇နှစ်ပြည့်လျှင် ပုဂ္ဂလိက လုပ်ငန်းများ၌ ပင်လျှင် ပင်စင်ရသည်။ထိုင်းနိုင်ငံသားတိုင်း အသက် ၆၀ ပြည့်လျှင် လူမှုရေးပင်စင်ရသည် ဘတ်ငွေ ၆၀၀၀ ၃၀၀၀၀ ၆၀၀၀၀ အထိ အဆင့်ဆင့်ရရှိတတ်ကြသည်။မန်နေဂျာရာထူးခန့်ဆိုလျှင် ကားလိုချင်သလား လုပ်ငန်းအာမခံဖြင့် အလုပ်ရှင်မှ ဝယ်ယူပေးသည်။လစာထဲက လစဉ် အရစ်ကျဖြတ်ပေးသည်။စက်ရုံများတွင် နံနက်ပိုင်း နေ့လည် ထမင်း စားနားချိန် ညနေ ထမင်းစားနားချိန်တို့တွင် ကိုယ်လက်လှုရှား ကစားရန် ဘောလုံးကွင်း ဖူဆယ်ကွင်း တစ်နစ်ကွင်း တေဘယ်လ်တင်းနစ်ကွင်း ကြက်တောင်ရိုက်ကွင်း ခြင်းလုံးကွင်း စစ်တုရင်ခုံအများအပြား ဘောလီဘော ဘတ်စကစ် ဘောကွင်း စသည်တို့ရှိသည်။စက်ရုံပိုင် ဆေးခန်းရှိသည် လူနာတင်ကား အဆင်သင့်ရှိသည်။ငွေထုတ်ရန် အေတီအမ် စက်များ နေရာတိုင်းတွင်ရှိသည်။သောက်ရေသန့်စက်များရှိသည်။ငွေအကြွေစေ့ထည့်ကာ အအေးများ ကော်ဖီများ ဗူးအမျိုးမျိုးကို ဝယ်ယူနိုင်သော အအေးစက်များရှိသည်။ထမင်းစာသော ကင်တိန်းင်ရှိသည်။ဘတ် ၁၀ရှိလျှင် ကြိုက်နှစ် သက်ရာ ဟင်းကိုဝယ်စားနိုင်သည်။ထမင်းဖြူမှာ အလကားဖြစ်ပြီး တန်းစီစနစ်ဖြင့် ကုန်သလောက်ယူနိုင်သည်။ထမင်း စားပြီးလျှင် ဘေလ်စင်သို့သွားကာ ထမင်းပန်းကန် ဟင်းပန်းကန်များကို သက်ဆိုင်ရာ စင်ပေါ် သို့မဟုတ် ခြင်းတောင်း ထဲသို့ ထားပေးရန်သာဖြစ်သည်။ပန်းကန်များကို ဆေးကြောစရာ မလိုပဲ ကိုယ်လက်ကိုယ်ဆေး ကိုယ့်ဇွန်းကိုယ် ဆေးကြောရုံသာဖြစ်သည်။

သန့်စင်ခန်းများတွင် ဆပ်ပြာမွှေးခဲ ဆပ်ပြာရည် ခေါင်းလိမ်းဆီ ခေါင်းဖီး စသည်တို့ကို ထားပေးသည်။သန့်စင်ခန်း သန့်ရှင်းရေး အချိန်ပြည့်ရှိသည်။တစ်ရက်လျှင် နံနက် ၈နာရီတစ်ကြိမ် နေ့လည် ၁၂နာရီတစ်ကြိမ် ညနေ ၅နာရီ တစ်ကြိမ် ထမင်းသုံးကြိမ်ကျွေးသည်။ဟင်းကတော့ ဝယ်စားရသည်။သို့သော် ဈေးမကြီး အနည်းဆုံး ၅ဘတ် ပုံမှန် ၁၀ဘတ် အများဆုံး ဘတ် ၂၀ဆိုလျှင် လုံလောက်သည်။အော်တစ်ဇင်များကိုလည်း အလုပ်ခန့်ပေးသည်။အသက် အရွယ်ကြီးသူများကိုလည်း အလုပ်ပေးသည်။မသန်စွမ်းများကိုလည်း အလုပ်ပေးသည်။မသန်စွမ်းများကို အစိုးရက လစဉ် ဘတ် ၆၀၀၀ ထောက်ပံ့ပေးသည်။ထိုင်းနိုင်ငံတွင် ၂၀၁၀ခန့်လောက်က တောင်းရမ်းစားသောက်သူများ ရှိခဲ့ ဖူးသည်။၂၀၁၂မှ ၂၀၁၅အတွင်း အထူးစီမံချက်ဖြင့် တောင်းရမ်းစားသောက်သူများကို လိုက်လံရှာဖွေကာ လူမှုဖူလုံရေး စခန်းများသို့ စုဆောင်းခေါ်ဆောင်သွားကြသည်။ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ စုဆောင်းခြင်းမျိုးသာဖြစ်ပြီး လူမှု ဖူလုံရေးစခန်းများတွင် အလုပ်များကိုသင်ကြားပေးလိုက်သည် ၂၀၁၅ခုနှစ်နောက်ပိုင်းတွင် တောင်းရမ်းစား သောက် သူများ လုံးဝနီးပါး ပပျောက်သွားသည်။မိဘမဲ့ကလေးများကို ထိုင်းဘုရင့်အထူးတပ်မတော်(ထိုင်းစစ်တပ် မဟုတ်ပါ)က ခေါ်ယူ မွေးစား သည်။ထိုင်းဘုရင်ပိုင် စက်ရုံများ အလုပ်ရုံများ စက်မှု လက်မှုသင်တန်းများ အသက်မွေး ဝမ်းကြောင်းသင်တန်းများတွင် သင်ကြားပေးသည်။ကျွမ်းကျင်တတ်မြောက်သွားလျှင် အလုပ်ထွက်ချင်လည်းရသည်။ ဆက်လက်လုပ်ကိုင်လိုလျှင်လည်း လစာ ကျွမ်းကျင့်အဆင့် ရာထူးအဆင့်များမြှင့်ပေးသည်။ကြားဖူးသလောက် ထိုင်းဘုရင်နှင့် ပတ်သက်သူအများစုမှာ ဘုရင်မိသားစုထံမှ ဖယ်ထွက်သွားလေ့မရှိကြပေ။

ထိုင်းနိုင်ငံတွင် SB ပရိဘောဂ ကုမ္ပဏီ ဆမ်ဆောင်းတီဗီကုမ္ပဏီ ၂ခုတွင် အလုပ် လုပ်ကိုင်ခဲ့ဖူးပြီး အခြားသော စက်ရုံများ လုပ်ငန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။မြန်မာအများစုရှိသော လုပ်ငန်းခွင်များ ရပ်ကွက်များတွင် မြန်မာနိုင်ငံမှ နာမည်ကြီးစာရေးဆရာများကို ဖိတ်ခေါ်ပြီး စာပေဟောပွဲများ ခဏ ခဏ ပြုလုပ်လေ့ရှိကြသည်။ ဆရာ တော်ကြီးများကို ပင့်ဖိတ်ပြီး တရားပွဲများ ခဏ ခဏ ပြုလုပ်ကာ ကုသိုလ်ယူလေ့ရှိကြသည်။ယခုအကြောင်းများ ကို တကူးတက ပြောဆိုနေခြင်းမှာ တိုင်းတပါးနိုင်ငံများကို အထင်ကြီးခြင်း အထင်အမြင်သေးခြင်း မိမိနိုင်ငံကို အထင် အမြင် သေးခြင်း အစွဲအလမ်းကြီးစိတ်ဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ ကောင်းသောအရာ ဖြစ်နိုင်သောအရာ လုပ်နိုင်သော အရာများကို အတုယူဆင်ခြင်နိုင်ကြရန် ကူညီဖေးမပေးနိုင်ကြရန် စည်းလုံးညီညွတ်ကာ အင်အားများ စုစည်းနိုင်ကြရန် နိုင်ငံတော်၏ အကျိုးမြှော်ကာ ဆွေးနွေးတင်ပြခြင်းမျိုးသာဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးဆောင်ကြမည့် သမ္မတလောင်းများ ဒုသမ္မတလောင်းများ ဝန်ကြီးချုပ်လောင်းများ ဝန်ကြီးအလောင်းအလျာများ လွှတ်တော်အမတ်အလောင်းအလျာများ ဗိုလ်မှူး ဗိုလ်ချုပ် တိုင်းမှူးချုပ် တိုင်းမှူး ညွှန်ချုပ် စွန့်ဦးတီထွင်ပညာရှင်လုပ်ငန်းရှင်အလောင်းအလျာများ ဖြစ်လာကြမည့် လူငယ်များ မျိုးဆက်သစ်များသည် လမ်းဘေး တွင် ငုတ်တုပ်ထိုင်ကာ ငွေအကြွေများတောင်းရမ်းလျက်ရှိသည်။လမ်းအလယ်တွင် ပန်းစည်းများ စာစောင်များ ရောင်း ဝယ်လျက်ရှိသည်။လက်ဘက်ရည်ဆိုင်များ လမ်းဘေးစားသောက်ဆိုင်များတွင် စားပွဲထိုးလျက်ရှိသည်။အန္တရယ် အမျိုး မျိုးရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက် မိဘများကိုထောက်ပံလျက် ကျောင်းပညာရေးကို မသင်ကြား ရသေးဘဲ ဘဝစာမေးပွဲအတွက် တိုက်ပွဲများစွာအတွက် ပြင်ဆင်လျက်ရှိနေကြသည်။ကျောင်းနေအရွယ် ကျောင်းတက် နေကြသော နိုင်ငံခေါင်းဆောင်အလောင်းအလျာများကလည်း ခိုင်းတာရေး ခိုင်းတာကျက် အလွတ်ကျက်ထားတာ ချရေး ချတွက် ပြန်ဖြေ ရေးဖြေ နှုတ်တိုက်ဖြေ စသည်ဖြင့် ကိုယ်ပိုင် အတွေးအခေါ် အယူအဆ အမြော်အမြင် မပါသော အလွတ်ကျက် ပညာရေးစနစ်အောက်တွင် အနာဂတ်များ ပျောက်ဆုံးလျက်ရှိနေကြသည်။

ဆရာဝန် အင်ဂျင်နီယာ စစ်တက္ကသိုလ်လောက်ကိုသာ ပညာရေးဟု ယူဆသော ပတ်ဝန်းကျင်တွင် အမှတ် ရှာကာ အမှတ်များများရမှ အခန်းအောင်သော ပညာရေးဂိမ်းတစ်ခုလို အမှတ်များ ဘွဲ့လက်မှတ်များ သင်တန်းဆင်း လက်မှတ် များ ထောက်ခံချက်များနောက်သို့လိုက်ကာ အနာဂတ်မရှိသော သုတ ရသ ဗဟုသုတ အကြားအမြင် ခံစားမှုရသ မရှိသော အီးကျုနိမ့်သော နောက်လိုက်များ အလုပ်သမားများသာဖြစ်လာစေမည့် အမှတ်ရှာ ပညာရေးဂိမ်း စနစ်တွင် ပျော်ဝင်နစ်မြုပ်ကာ အနာဂတ် ပျောက်နေကြသည်။

နိုင်ငံခေါင်းဆောင် အလောင်းအလျာများကို လုပ်ငန်းခွင်များထဲက ဆွဲထုတ်ကြပါ။လုပ်ငန်းခွင်တွေထဲက နှုတ် ထွက်ခွင့် ပြုပေးကြပါ။နိုင်ငံခေါင်းဆောင် အလောင်းအလျာများကို ကျောင်းတက်ခွင့်ပေးကြပါ။အခမဲ့ ပညာ သင်ကြား ခွင့်တွေ ပေးကြပါ။နိုင်ငံခေါင်းဆောင် အလောင်းအလျာများကို နိုင်ငံတကာနိုင် တန်းတူညီမျှရှိသော ကောင်းမွန်သော ပညရေးစနစ်များ အနာဂတ်များ အမွေကောင်းများ သယံဇာတအရင်းအမြစ်များ ကိုယ်ချင်းစာတရားများ လွတ်လပ်ခွင့် များ တရားမျှတမှုများ ရိုးရာအမွေအနှစ်များ ယဉ်ကျေးမှုအမွေအနှစ်များ တတ်အားသ၍ ကျွန်တော်တို့ ပေးဆပ်ခဲ့ကြဖို့ ယနေ့ကစလို့ ကြိုးစားကြပါစို့။

အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s