Alcoholism အရက်အတွက် ခက်နေသူတွေ

alcoholism+4

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၈
 
သမီးက အသက် (၂၈) နှစ်ပါ။ သမီးနှင့် သမီးချစ်သူမှာ ယခုနှစ်ကုန်ပိုင်းလောက်တွင် လက်ထပ်ဖို့ ရည်ရွယ်ထားပါသည်။ သိုပေမယ့် ယခု သူခံစားနေရသော ဝေဒနာကြောင့် သူ၏မိဘများနှင့် သမီးမှာလည်း စိတ်မကောင်းခြင်းများ၊ စိုးရိမ်ခြင်းများ ခံစားနေရပါသည်။ သမီး၏ချစ်သူမှာ အသက် ၂၅ နှစ်ဖြစ်ပြီး၊ အရက်စွဲခြင်းဝေဒနာကို ခံစားနေရသည်ဟု ပြောပါသည်။ သူငယ်ချင်းများနှင့် သောက်မိပြီး ပုံမှန်တပတ်ကို ၅ ရက်လောက် ညစဉ် ၂ နှစ်နီးပါး သောက်မိနေပါသည်၊ မသောက်ရလျှင် လက်တုန်ပြီး ညဘက် အိပ်လို့မရပါဟု ပြောပါသည်။ သောက်ပြီး တခါတရံ ရန်ဖြစ်တတ်သည်၊ စိတ်လွတ်သွားတတ်သည် ဟုလည်း ပြောပါသည်။ တခါတရံ စိတ်တိုတတ်ပါသည်။ မသောက်ပဲနေသည့် ရက်တွေဆိုလျှင် ညဘက် အိပ်လို့မရသဖြင့် ညလုံးပေါက် တီဗွီထိုင်ကြည့်နေရသည်၊ စိတ်ကိုမနိုင် ဖြစ်နေပါသည်။ မိမိ၏စိတ်ဆိုတာကို သိပါသော်လည်း စိတ်ကို အလိုလိုက်မိနေခြင်း ဝေဒနာကို မခံစားနိုင်ခြင်းကြောင့် အရက်ဆိုင်သို့ ရောက်မိနေပါသည်တဲ့။ ဆရာဝန်နှင့် ပြသပြီး အရက်ပြတ်ဆေးများ သောက်ပြီးသော်လည်း အရက် ပြန်သောက်မိလျှင် အသက်အတွက် စိုးရိမ်ရပါသည်ဟု ကြားဖူးပါသည်။ စိတ်ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသလားရှင့်။ အခြား အရက်ပြတ်နိုင်ရန် နည်းလမ်းများ ရှိပါသလား။ အားဆေး၊ ဆေးဝါး (သို့) အစားအစာများဖြင့် ထိန်းချုပ်လို့ ရနိုင်ပါသလား။ ကျောင်းတက်တဲ့ကျောင်းသားတွေသာ ဆရာ အငေါက်ခံရတယ်။ ဆေးပညာစာတွေကိုလဲ တကယ် ဖတ်သင့်သူတွေက မဖတ်ကြဘူး။ အဲဒီလို အမျိုးအစားထဲမှာ အရက်အကြောင်းက ထိပ်ဆုံးကဖြစ်မယ် ထင်တယ်။ အရက်သမားရဲ့ ဆွေမျိုးတွေ အပေါင်းအသင်းကောင်းတွေက တတ်စွမ်းတာလုပ်ပေးဘို့ ဖတ်ကြရတယ်။ Alcoholism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ကျယ်ပြန့်တယ်။ “မသောက်ရမနေနိုင်၊ စိတ်မထိန်းနိုင်၊ ကျန်းမာရေး-လူမှုရေး-ဂုဏ်သိက္ခာကို ထိခိုက်အောင် အရက်သောက်ခြင်း” လို့ ဆိုလိုတယ်။ Alcohol abuse နဲ့ Alcohol dependence လို့လဲ ခေါ်တယ်။ ဆေးပညာအရပြောရရင် Neurological disorder အာရုံကြောဆိုင်ရာ ဝေဒနာတခု ဖြစ်တယ်။ ကမ္ဘာပေါ်မှာ သန်း ၁၄ဝ ကျော်ခံစားနေကြရတယ်။ စိတ်ရောရုပ်ပါဖြစ်စေလို့ Dual disease “နှစ်ထပ်ကွမ်းရောဂါ” လို့ သတ်မှတ်တယ်။ နာတာရှည် အရက်စွဲသောက်ရင် အသဲကို ထိခိုက်စေပြီး Alcoholic liver disease အသဲရောဂါ နဲ့ Cirrhosis liver အသဲခြောက်တာ၊ Epilepsy အတက်ရောဂါ၊ Polyneuropathy အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ သွေးဖိအား တက်တာ၊ နှလုံးခုန် မြန်တာဖြစ်မယ်။ အာဟာရချို့တဲ့မယ်၊ လေနာ၊ အစာမချက်ရောဂါဖြစ်မယ်၊ အစာအိမ်ရောင်မယ်။ Vitamin B တွေကိုစုပ်ယူတာ နည်းလာမယ်။ သရက်ရွက်ကိုလဲ ထိခိုက်လို့ အဆီ၊ ပရိုတင်းနဲ့ ကစီဓါတ်တွေကို မကျေချက်နိုင်ဖြစ်လာမယ်။ ဆိုးဝါးတဲ့ အသိဥာဏ် ချို့ယွင်းတာလဲ အဖြစ်များတယ်။ Dementia ဖြစ်သူထဲက ၁ဝ% ဟာ အရက်သောက်တာနဲ့ ဆက်နေကြတယ်။ လူမှုရေးရာ ကျွမ်းကျင်မှုတွေ သိသိသာသာ လျှော့နည်းလာမယ်။ စိတ်ရောဂါတွေ ၂၅% မှာဖြစ်တယ်။ Anxiety and Depression စိုးရိမ်စိတ် လွန်ကဲတာနဲ့ စိတ်ဓါတ်ကျတာတွေ သိပ်ဖြစ်ကြတယ်။ Psychosis စိတ်ရောဂါ၊ စိတ်ရှုတ်ထွေးခြင်း၊ Organic brain syndrome ဦးနှောက်ရောဂါ နဲ့ Panic disorder ဆောင်တည်ရာမရတာတွေ ပါတယ်။
 
ဆီးချိုနောက်ဆက်တွဲတွေ လာဖြစ်မယ်။ မျက်စိထိခိုက်မယ်။ မျက်စိကြွက်သားတွေ လေဖြတ်သလို ဖြစ်လာမယ်။ အရိုးအားနည်းလို့ Osteoporosis ရောဂါရစေပြီး အရိုးကျိုးလွယ်မယ်။ ကင်ဆာဖြစ်နိုင်ခြေ များမယ်။ ခံတွင်း၊ အသဲ၊ အူမကြီး၊ ရင်သား ကင်ဆာတွေ ဖြစ်တယ်။ ယောက်ျားဆိုရင် Sexual dysfunction လိင်ပိုင်းချို့ယွင်းတာတွေလဲ ဖြစ်လာတယ်။ မိန်းမဆိုရင် ရာသီမမှန်ဖြစ်မယ်။ ကိုယ်ဝန် ဆောင်တုံး အရက်သောက်ရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်နဲ့ မွေးလာမယ်။
Alcoholism symptoms အရက်စွဲလက္ခဏာတွေကတော့ အရက်ကို အကန့်အသတ်မထားနိုင်ဘူး၊ သောက်ချင်စိတ်ကို မထိန်းနိုင်ဘူး၊ အရက်ကို များပြီးသောက်ချင် လာမယ်၊ ယာဉ်တိုက်မှုဖြစ်တာ၊ တရားဥပဒေ အရှုတ်အရှင်း နဲ့ လူမှုရေး ဗရုတ်သုက္ခတွေ ဖြစ်လာနိုင်တယ်။ ပြောခဲ့တာတွေ လုပ်ခဲ့တာတွေကို အမှတ်မရ ဖြစ်လာမယ်။ တခါတလေ ဘာဆိုဘာမှ မသိတာ ဖြစ်မယ်။ အရင်က ဝါသနာအလျှောက် လုပ်တာတွေကို မလုပ်တော့ဘူး။ ကိုယ်သွားရာ၊ လုပ်ရာနေရာတွေ လက်တကမ်းမှာ အရက်ကို ဝှက်ထားလာတယ်။ လိမ်ပြောရတာတွေ လုပ်လာမယ်။ဆုံးဖြတ်ချက်ချတာတွေ နည်းပါးနှေးကွေးလာမယ်၊ အကောင်း-အဆိုးခွဲခြားတာ၊ အန္တရာယ် ရှိ-မရှိသိတာ၊ မယဉ်ကျေးတဲ့ အမူအယာတွေ၊ ငရဲကြီးတာမျိုးတွေ လုပ်လာမယ်။ အိမ်တွင်း၊ မိသားစုတွင်း၊ သူငယ်ချင်ချင်း ပဋိပက္ခတွေဖြစ်လာတယ်။ အလုပ်၊ ကျောင်းမှာ အခက်အခဲတွေ ဖြစ်မယ်။ အစပိုင်းမှာ တက်ကြွမှုဖြစ်မယ်။ ကြာလေလေ တားဆီးမှုတွေ ဖြစ်လာမယ်။ စိတ်ကူး စိတ်သန်း၊ ဝမ်းနည်း-ဝမ်းသာ၊ ဆုံးဖြတ်ချက်ချတာတွေ ထိခိုက်မယ်။ စကားပြောတာ လေး-နှေး-မှားတာတွေ ဖြစ်လာမယ်။ ဦးနှောက်ရဲ့ အဓိက ထိန်းချုပ် (စင်တာ) တွေ ထိခိုက်ပြီး၊ သတိလက်လွတ် ဖြစ်မယ်။ သေဆုံးနိုင်တယ်။ အရက်ကြောင့် အသက်ဆုံးရသူတွေဟာ နှလုံးသွေးကြောရောဂါတွေဖြစ်တယ်။ အရက်စွဲနေသူတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသူ ရာနှုန်း ပိုများတယ်။ အရက်ဒဏ်ရော လူမှုရေး စိတ်ပျက်တာတွေကြောင့် ဖြစ်စေတယ်။
 
ကုသနည်းတွေက မတူကြပါ။ (၁) Detoxification အရက်ဆိပ်ဖြေခြင်း နဲ့ (၂) Alcohol withdrawal အရက်ဖြတ် လက္ခဏာတွေကို ကုသခြင်း ၂ မျိုးလုပ်ရတယ်။ ဒါ့ပြင် ဖြစ်နေသေးတဲ့ ရောဂါရှိနေရင်လဲ ဆေးကုရမယ်။ အဆိပ်ဖြေခြင်း လုပ်ရတာ ၄-၇ ရက်ကြာမယ်။ အရက်အမြဲသောက်နေတဲ့သူက အရက် မသောက်ဘဲနေရင် အရက်ဖြတ်လက္ခဏာတွေ ခံစားရလိမ့်မယ်။ ပျို့-အန်တာ၊ ချွေးပြန်တာ၊ လက်တုံတာတွေက ၁ ပတ် အတွင်းဖြစ်တယ်။ ၃-၆ ပတ် အတွင်းမှာ စဖြစ်တတ်တဲ့ စိတ်ပူပင်တာ၊ စိတ်ဓါတ်ကျတာ၊ အိပ်မရတာ၊ အားယုတ်တာ၊ စိတ်တင်းအား များတာတွေက နောက် ၁-၂ နှစ်လောက်အထိ ဆက်ဖြစ်နေနိုင်တယ်။
 
ဆေးတွေနဲ့ကုသခြင်း – Benzodiazepines အမျိုးအစားဆေးသုံးတယ်။ ဆေးဆင်တူတွေ အများကြီးရှိတယ်။ Alprazolam, Diazepam, Loprazolam, Lorazepam, Lormetazepam, Medazepam, Midazolam, Nimetazepam, Nitrazepam, Nordazepam, Oxazepam, Phenazepam, Pinazepam, Prazepam တွေဖြစ်ကြတယ်။
– Disulfiram (Antabuse) ကိုသုံးတာ များတယ်။ ဒီဆေးကနေ အရက်မှာပါတဲ့ Ethanol ဓါတ်ကနေဖြစ်လာတဲ့ Acetaldehyde ဓါတ်ဖယ်ရှားပြစ်ရေးကို တားဆီးပေးတယ်။ ဆေးသောက်ပြီး အရက်သောက်ရင် မနေနိုင်အောင် ခံစားရမယ်။ အန်မယ်။ မျက်နှာနီမြန်မယ်။ ခေါင်းကိုက်မယ်။ အရက်ကို သောက်ချင်စိတ် ပျောက်သွားစေမယ်။
– Calcium carbimide (Temposil) ဆေးကလဲ ဆင်တူတယ်။ ဘေးထွက်-ဆိုးကျိုးနည်းမယ်။
– Odansetron (5HT3 antagonist) ဆေးကတော့ တမျိုးတည်းဖြစ်ဖြစ် Naltrexone နဲ့တွဲပြီးဖြစ်ဖြစ်သုံးတယ်။
– Acamprosate (Campral) ဆေးကတော့ ဦးနှောက်ဓါတုဗေဒကို သက်ရောက်စေတယ်။
– Naltrexone (ReVia) ဆေးကတော့ အရက်ကြောင့် ကောင်းသလိုလိုဖြစ်တာကို နည်းသွားစေမယ်။ အရက် သောက်ချင်စိတ်လဲ နည်းစေမယ်။ ဒီဆေးက Disulfiram လိုမျိုး မခံစားရဘူး။
– Vivitrol ဆေးက Naltrexone ထိုးဆေးဖြစ်တယ်။
– Acamprosate (Campral) ဆေးက အရက်ကို တမ်းတစိတ်နည်းစေမယ်။ ဒီဆေးကလဲ Disulfiram လိုမျိုး မခံစားရဘူး။
 
စိတ်ပိုင်းကုသခြင်းမှာ အခြေခံစိတ်ပိုင်း ခံစားနေရတာအပေါ် မူတည်ပြီးကုသပေးရတယ်။ စိတ်ပိုင်းကုသမှုကို တဦးချင်း ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်ပေးတယ်။ လူနေမှုပုံစံပြင်တာလဲ အရေးကြီးတယ်။ မိသားစု၊ အပေါင်းအသင်းတွေကနေ ကူညီနိုင်တယ်။ အရက် သောက်သူ ကိုယ်တိုင်ကနေ ဖြတ်ချင်ပြီပြောလာရင် လမ်းစတွေ့လာတာ ဖြစ်တယ်။ တခါဖြတ်ပြီး ထပ်သောက်ရင်လဲ စိတ်မပျက်ဘဲ ဇွဲရှိရှိနဲ့ ဆက်ကြိုးစားရမယ်။
 
၂ဝဝ၂ ခုမှာ National Institute on Alcohol Abuse and Alcoholism ကနေ အရက်စွဲသောက်နေသူ ၄၄၂၂ ယောက်ကို လေ့လာခဲ့တယ်။ ၂၅့၅%က ဆေးမကုဘူး။ ၂၅% ဟာ အရက်ဆက်သောက်ကြတယ်။ ၂၇့၃% ဟာ တစိတ်တပိုင်း သက်သာလာတယ်။ ၃၅့၉% ပျောက်သွားကြတယ်။ ပျောက်သွားသူတွေထဲမှာ ၁၇့၇% က အရက်သောက်တာ အဆိုးကြီး မဟုတ်ကြသူတွေနဲ့ ၁၈့၂% ကတော့ လုံးဝအရက်ပြတ်သွားကြသူတွေ ဖြစ်တယ်။
 
 
ပြန်လည် ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါသည်ရှင်။ သမီးမေးသည့်ရက်တွင် သူကိုယ်တိုင် ၄င်းဝေဒနာများ မခံစားချင်တော့သဖြင့် အရက်ဖြတ်ချင်သည်ဟုပြောပြီး စိတ်ကျန်းမာရေး ဆေးရုံသို့ သွားပြီး အရက်ဖြတ်ချင်သည်ဟု ပြောပါသည်။ နီးစပ်ရာတွင် အသိဆေးပညာနှင့် ရင်းနှီးသူကို မေးမြန်းကြည့်ပြီး ၄င်းနေ့တွင်ပင် အပြင်ဆေးခန်းမှ ဆရာမ တစ်ဦးနှင့် ပြသခဲ့ပါသည်။ ဒေါက်တာမှ မေးမြန်းပြီး ပျောက်နိုင်သည့် အခြေအနေဟု ပြောပါသည်။ ယခု စိတ်ကျန်းမာရေး ဆေးရုံ (့) တွင် ကုသပေးမည်ဟု ပြောပါသည်။
 
၎င်းနောက် ဆေး အဝါလေး ၆ လုံးတိုက်ပြီး အားဆေးတဗူး ချိတ်ပေးပါသည်။ ဆေးတဝက်လောက်တွင် အိပ်ချင်လာပါသည်။ အိမ်ပြန်ရောက်ပြီး တညလုံး ကောင်းကောင်းအိပ်ပါသည်။ နောက်နေ့တွင် ဆေးဝါ ၃ လုံးနှင့် အားဆေးတဗူး ထပ်ချိတ်ပေးပါသည်။ အိပ်ပြန်လာပြီးနောက် ည ၉ နာရီနောက်ပိုင်းတွင် အိပ်မရဟု သိရပါသည်။ ယခုအိမ်တွင် အနားယူနေပါသည်။ ၃ ရက် အားဆေးချိတ်ပြီး နောက်နေ့တွင် သောက်ဆေးများဖြင့် ကုသမည်ဟု ပြောပါသည်။ ၁-၂ ပတ်အတွင်း အရက်စွဲလက္ခဏာများ ကြုံရမည်ဟုပြောပါသည်။ ၄င်းဆေးဖြတ်နည်းသည် အမှတ်စဉ် (၂) Alcohol withdrawal အရက်ဖြတ် လက္ခဏာတွေကို ကုသခြင်းဟု ထင်မြင်မိပါသည်။
 
ယင်းကဲ့သို့ ကုသနေစဉ် ကြုံတွေ့ ခံစားရမည့် ဝေဒနာများနှင့် ဆောင်ရန်ရှောင်ရန်များ၊ အစားအသောက်၊ အပြုအမှု အနေအထိုင်များကို သိရှိလိုပါသည်။ ၁-၂ ပတ်အတွင်းတွင် ယင်းကဲ့သို့ ခံစားရပြီး နောက်ပိုင်းတွင် လူကောင်းကဲ့သို့ ပြန်လည် နေထိုင်နိုင်ပါမည်လား။ ၁-၂ နှစ် အတွင်း ပြန်လည် ခံစားရမည်ဟု ရေးထားသောကြောင့် အချိန် အတော်ကြာကြာ လုံးဝမသောက်ပဲ နေရပါမည်လား။ ပြန်သောက်ခဲ့လျှင် မည်သည့်အကျိုးများ ပြန်လည်ခံစားရမည်ကို သိရှိလိုပါသည်။ ဆရာဝန်မှ နောက်ပိုင်း ပြန်သောက်လျှင် ကြောင်တောင်တောင် ဖြစ်နိုင်သည်ဟု ပြောပါသည်။ သမီး စိတ် အရမ်းပူတာများ ဖြစ်နေပါသလား။ ပြန်မသောက်တော့ပဲ ပျော်ရွင်ငြိမ်းချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်ပါသည်ရှင်။ မည်ကဲ့သို ပြောဆိုဆက်ဆံရမည်ကိုလည်း လမ်းညွန်ပေးစေချင်ပါသည်ရှင်။
 
သတင်းကောင်းဖြစ်လို့ ဆရာလဲ စိတ်သက်သာရာရပါတယ်။ အရက်သမားတွေ နလံထချိန်မှာ မတူတာလေးတွေရှိတယ်။ မစားချင်ဖြစ်တာကို သူတို့ဖါသာ ခံတွင်းတွေ့တာ ရှိတတ်တယ်။ ဥပမာ တချို့ကို ဆီးဖြူသီးအရည်လုပ်အသောက်ခိုင်းတာ အတော်ထိရောက်တာ တွေ့ဘူးတယ်။ အလားတူဘဲ သူတို့သောက်ချင်တာ၊ စားချင်တာမေးပြီး လုပ်ပေးသင့်တယ်။ မအိပ်နိုင်တာကိုတော့ ဆရာဝန်က ဆေးပေးပါမယ်။
 
အားဆိုတာ စားရင်း၊ နားရင်း ကောင်းလာမှာပါ။ ကိုယ်ကကျွေးပေမဲ့ မစားချင်ရင် ခက်တယ်။ အားဆေးဆိုတာ တခြားရောဂါသည်တွေနဲ့ သိပ်မထူးလှပါ။ အသဲအတွက်အားဆေးမျိုး ဥပမာ Liv-52 tablet ပေးတယ်။ ဗီတာမင် (ဘီ) ပေးကိုပေးသင့်တယ်။ ပါးစပ်ကအဝင်နည်းရင် Drip with multivitamin သွင်းပေးရတယ်။ ORS ဓါတ်ဆားရည်လဲ သောက်စေသင့်တယ်။ အသီးတမျိုးမျိုး (ရာသီစာ) နေ့တိုင်း စားပေးသင့်တယ်။
 
လူကောင်းဖြစ်လာမှာပါ။ သက်သာလာပြီး ပြန်သောက်တာလဲ ဖြစ်နိုင်တာကို ကြိုသိထားပါ။ တခါနဲ့တခါ သောက်ချိန် နည်းလာအောင် ဦးတည်ပြီး ပြုပြင်ရမယ်။ မူးနေသူကို ကျန်းမာရေးအကြောင်း မပြောနဲ့၊ ဘာသာရေးဆို ဝေးရော၊ ပြောမဝင်ဘူး။ အထိုက်အလျှောက်သာ လှည့်ပတ် ဆုံးမကြရတယ်။ ချော့လိုက်၊ ငေါက်လိုက်၊ ခြောက်လိုက်လုပ်ကြရတယ်။
 
အရက်ကြောင့် တခါတလေ စိတ်အားငယ်ပြီး သတ်သေချင်တဲ့အထိဖြစ်တယ်။ တခါတလေ သူများကို ရန်လုပ်ချင်တယ်။ ဒီ နှစ်မျိုးရောဖြစ်နေတာ သတိထားပါ။ အရက် ဘယ်အမျိုးအစားကို ဘယ်လောက်ကြာကြာသောက်ထားသလဲ၊ သူ့ကိုယ်ခံ ဘယ်လောက်ကောင်းသလဲ အပေါ်မူတည်ပြီး ပြန်ကောင်းဘို့လိုတဲ့အချိန်ယူမယ်။ ကြာလေကောင်းလေ ဖြစ်တယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s