မလေးရှားရွေးကောက်ပွဲမှာ မဟာသီယာ အနိုင်ရပြီး ကမ္ဘာ့အသက်အကြီးဆုံး အရွေးကောက်ခံ အစိုးရခေါင်းဆောင်ဖြစ်လာ

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၀ မေ ၂၀၁၈

မေလ ၉ရက်နေ့က ကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ အသက်၉၂နှစ်အရွယ် မဟာသီယာ မိုဟာမက် ဟာ မလေးရှားနိုင်ငံရဲ့အာဏာကို နှစ်ပေါင်း ၆၀ကျော် ဆုပ်ကိုင်ထားခဲ့တဲ့ လကျာ်နိုင်ငံရေးတပ်ပေါင်းစု ဖြစ်တဲ့ ဘာရီဆန် နက်ရှင်နယ် (BN) ပါတီကို အနိုင်ရပြီး ကမ္ဘာ့အသက်အကြီးဆုံး အရွေးကောက်ခံ အစိုးရခေါင်းဆောင်ဖြစ်လာပါတယ်။

အမျိုးသားတပ်ဦးလို့ အဓိပ္ပါယ်ရတဲ့ ဘာရီဆန် နက်ရှင်နယ်ပါတီကို မဟာသီယာဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းအုပ်စုက အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မဟာသီယာ ဦးဆောင်တဲ့ ပါကာတန် ဟာရာပန် ဆိုတဲ့ ညွန့်ပေါင်းအုပ်စုအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်နေတဲ့ ပါလီမန်နေရာ ၁၁၂ထက်ကျော်လွန်ပြီး ၁၁၅နေရာအထိ ရရှိခဲ့တယ်လို့ မလေးရှား ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ အမျိုးသားတပ်ဦးပါတီကတော့ အမတ်နေရာ ၇၉နေရာပဲ ရရှိခဲ့တာဖြစ်ပါတယ်။

မဟာသီယာဟာ နိုင်ငံရေးလောကကနေ အနားယူပြီးနောက် တကျော့ပြန်ပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့တာဖြစ်သလို သူကိုယ်တိုင်နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တဲ့ BN ပါတီ နဲ့ သူကိုယ်တိုင် နိုင်ငံရေးမြေတောင်မြှောက်ပေးခဲ့တဲ့ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇာတ်ကိုပါ အနိုင်ရခဲ့တာဖြစ်ပါတယ်။

နာဂျစ် ဟာ 1MDB လို့လူသိများတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ္ဍာကို အကြီးအကျယ် အလွှဲသုံးစားလုပ်မှု အရှုပ်တော်ပုံအပြင် ကျေးလက်ဆင်းရဲသားတွေ ပိုပြီးထိခိုက်စေတဲ့ ကုန်ရောင်းခွန် ကောက်ခံတဲ့ကိစ္စတွေကြောင့် လူကြိုက်နည်းလာပေမယ့် အရှုံးမပေးပဲ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါအပြင် အမှားအယွင်းတစုံတရာ မလုပ်ခဲ့ကြောင်းလဲ သူက ငြင်းဆိုခဲ့ပါတယ်။

မဟာသီယာဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ၀န်ကြီးချုပ်တဦးအနေနဲ့ မလေးရှားနိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ပေမယ့် စီးပွားရေးအရ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ မဟာသီယာဟာ နိုင်ငံရေးအတိုက်အခံတွေကို လက်စားချေတုန့်ပြန်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောပေမယ့် နိုင်ငံတွင်း ဥပဒေစိုးမိုးမှုတွေကို ပြန်လည်လုပ်ဆောင်မယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ဝန်ကြီးချုပ်နေရာအတွက် ကျမ်းကျိန်ပွဲကိုတော့ မေလ၁၀ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

Mawlamyine Daily

Ref: BBC, CNA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s