စည်ပင်ကားမလာဘူးဆိုတော့ ကျနော်တို့ဘယ်နေရာမှာ ပစ်ရမလဲ

This slideshow requires JavaScript.

မော်လမြိုင်၊ ၂ သြဂုတ် ၂၀၁၆
(အင်တာဗျူး)

မော်လမြိုင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ ခြံစည်းရိုးမှာ
အမည်၊လိပ်စာ၊ဖုန်းနံပါတ် တွေရေးထားတဲ့ ကတ်ထူးပြားချိတ်ဆွဲထားပြီး အမှိုက်တွေကို အိတ်၊ပုံးတွေထဲ ထည့်ထားစုပုံတဲ့ အဖြစ်ပျက်တခု ပြီးခဲ့ ဇူလိုင် ၂၄ ရက်နေ့ဖြစ်ပွားခဲ့ပါတယ်။

အမည်၊ဖုန်းနံပါတ်၊လိပ်စာ ပါသူကတော့ မော်လမြိုင်မြို့ ၊ဒိုင်းဝန်ကွင်း၊ကျိုက်ဖနဲ၊ထန်းပင်ကုန်းရပ်နေ အသက်( ၂၈) နှစ်အရွက် ဦးဟိန်းမိုးဦး ဆိုသူဖြစ်ပါတယ်။

သူဟာ ဖြူစင်အိမ် ပရဟိတအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပါတယ်။သူတို့အဖွဲ့ ဟာ ကျောင်းပြင်ပပညာရေ၊ဘုန်းတော် ကြီးသင်ပညာရေးကျောင်းတွေနဲ့ ဆင်းရဲနွမ်းပါးကျောင်းသား၊ကျောင်းသူတွေကို စာရေးကိရိယာ၊အဟာရ စားသောက်ဖွယ်ထောက်ပံ့ပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ထို့အပြင် ဦးကျော်သူ ဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ ချိတ်ဆက်ပြီး သွေးလွန် တုပ်ကွေးနှိမ်နှင်းရေးလုပ်ငန်းတွေ၊ကျား၊မ ကဏ္ဍ၊ကလေးသူငယ်၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုကာကွယ်ရေးလုပ်ငန်းတွေကို ချိတ်ဆက်လုပ်ဆောင်နေတဲ့အဖွဲ့စည်းလည်းဖြစ်ပါတယ်။

ဥိးဟိန်းမိုးဦး သည်မော်လမြိုင်မြို့နယ် စည်ပင်ရုံးရှေ့ ဆက်သွယ်ရန်လိပ်စာပေး ထားပြီး အမှိုက်စွန့်ပစ်ထား ခဲ့တဲ့အတွက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမြင့်သိန်းမှ တွေ့ဆုံဆွေးနွေးလိုပါသဖြင့် သြဂုတ်လ ၂ ရက်နေ့ မြို့နယ် စည်ပင်ရုံးထံလာရောက်ဖို့ ခေါ်ယူခံခဲ့ရသူပါ။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိနဲ့ တွေ့ဆုံပြီးနောက် ညနေပိုင်းမှာဘဲ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် Mawlamyine Daily မှ ဦးဟိန်းမိုးဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

MD – မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးရုံးအရှေ့မှာ ဘယ်လိုအမှိုက်ပစ်ခဲ့ တာလဲ။

HMO – အဲဒီနေ့က ရုံးပိတ်ရက်ဖြစ်တော့ ရုံးရှေ့ကိုရောက်တာနဲ့ကားရပ် လိုက်တယ်။ပြီးတော့ အမှိုက်ကိုချတယ်။ပလား(ရှုပ်ပွ)ထားတဲ့ပုံစံမဟုတ်ဘဲ စနစ်တကျလေးဘဲအမှိုက်ပုံးတွေကိုစီတယ်။အမှိုက်တွေကို သပ်သပ်ရပ်ရပ် စနစ်တကျ လေးဘဲ ထားပေးတယ်။ရုံးပိတ်ရက်ဖြစ်ပေမယ့် တာဝန်ရှိသူတော့ ရှိမှာဘဲဆိုပြီး ကျနော်တို့ရုံးထဲဝင်ပြီး တာဝန်ရှိသူကိုခေါ်တယ်။ဒီနေရာလေးမှာ ကျနော်တို့ထားသွားတယ်။လိပ်စာ၊ဖုန်းနံပါတ်နဲ့အိမ်နံပါတ်လေးတွေ ကိုတော့ ကျနော်ရေးခဲ့ပေးတယ်။ကိစ္စတစုံတရာရှိရင် ကျနော်တို့ကိုဆက်သွယ်ပါဆိုပြီး အဲလိုပုံစံနဲ့ ကျနော်တို့ထားသွားခဲ့တယ်။

ဒါကို စည်းကမ်းမဲ့ပစ်သွားတယ်ဆိုတယ်ဆိုရင် ကျနော်တို့ လူမသိသူမသိလုပ် သွားမှာပေါ့နော်။ လူကြီးတွေသိစေချင်တဲ့ပုံစံမျိုးနဲ့ဆိုလို့သာ လိပ်စာတွေ၊ဖုန်းနံပါတ်တွေထားခဲ့တာပေါ့နော်။ သူတို့ဘက်ကပြောသလို စည်းကမ်းမဲ့ လုပ်သွားတယ်ဆိုရင် ကျနော်တို့လမ်းပေါ်မှာ ပလား(ရှုပ်ဖွ) ထားမှာပေါ့။ပြီးရင် ကျနော်တို့ ဖုန်းနံပါတ်တွေ၊လိပ်စာတွေထားသွားစရာမလို ဘူးလေ။ဒါက အစိုးရကိုစော်ကားရာရောက်တယ်။ကျနော်တို့က သိချင်ရုံသက်သက် စနစ်တ ကျ လုပ်သွားတယ်ဆိုတော့ စော်ကားတာလည်းမဟုတ်ဘူး။စည်းကမ်းမဲ့ ပစ်တာ မဟုတ်ဘူးလို့လဲ ကျနော်ပြောချင်ပါတယ်။

MD – ဘာကြောင့် အခုလို မြို့နယ် စည်ပင်ရုံးရှေ့အမှိုက်သွားပစ်ရတာလဲ။

HMO – ကျနော်တို့ဒီရပ်ကွက်(ကျိုက်ဖနဲ)မှာနေတာ ၁၃ နှစ်ရှိပြီ။အမှိုက်ကားတခါမှမလာဖူးဘူး။လာဖို့အတွက် အရင်ဒေါက်တာတိုးတိုးအောင် (အရင်စည်ပင်ဝန်ကြီး)လက်ထက်မှာ တခါသွားပြောဖူးတယ်။ကျနော်တို့ဆီမှာ အမှိုက်တောင်းထားပေးရင်ထားပေး၊ဒါမှမဟုတ် အမှိုက်ကားလာပေးရင်လာပေး ပါလို့ တောင်းဆိုတော့ သန့်ရှင်းရေးအရာရှိရောက်လာပါ တယ်။ကျနော်နဲ့တ ကြိမ်တွေ့ တယ်၊ပြောတယ်၊နေရာတွေလိုက်ကြည့်ပြီး တကြိမ်လာပြီးတော့ နောက်တကြိမ်မလာဖြစ်တော့ဘူး။

ပြီတော့ ကျနော်တို့အဖေလည်း ဒိုင်းဝန်ကွင်းက သန့်ရှင်းမှာ ဦးဆောင်နေတဲ့ သူကို ဒုတိယအကြိမ်ပြောကြည့်တော့ လာပေးမယ်လို့ပြောတယ်။ဒါပေမယ့် မလာဘူး။တတိယအကြိမ် ကျနော်တို့အဖေက သန့်ရှင်းရေးတာဝန်ရှိသူ ကိုထပ်ပြောတယ်။သူက ဗုဒ္ဓဟူးနဲ့စနေ့နေ့တွေလာပေးမယ်လို့ပြော တယ်။ကျနော်တို့စောင့်ကြည့်တယ်ဗျ။မလာဘူး။မလာတော့ အဲဒီမှာ ကျနော်က (ဇူလိုင်)၂၄ ရက်နေ့ မှာ အမှိုက်ပစ်ဖို့အကြံအဥာဏ်ရသွားတယ်။

အမှိုက်မပစ်ခင် လေးခေါက်မြောက်မှာ ကျနော် ကိုယ်တိုင်(စည်ပင်ရုံး) သွားတယ်။သန့်ရှင်းရေးအရာရှိ အပြင်ထွက်သွားတယ်ဆိုလို့ ကျနော်တို့ ကျိုက်ဖနဲ(ရပ်ကွက်)ပိုင် သန့်ရှင်းရေးတာဝန်ခံနဲ့တွေ့တယ်။တွေ့ပြီးတော့ ဒုညွှန်မှူးနဲ့တွေ့တယ်။ကျနော်တို့ ကိုကူညီပေးဖို့၊အမှိုက်ကားလာပေးဖို့ ကျနော်တို့မှာ အဆင်မပြေတဲ့အကြောင်းပေါ့နော်။သူက သန့်ရှင်းရေး ကားမောင်းတဲ့သူကို ခေါ်ပြီးတော့ သူတို့လမ်းကြောင်းညှိမှာပေါ့နော်။ ကျနော်တစ်ပတ်ဆယ်ရက်လောက်ထိ စောင့်တာ ဘာမှတုံ့ပြန်မှုမလာဘူး။မလာတဲ့အတွက် အဲလိုစိတ်ကူးပေါက်ပြီး ရုံးရှေ့မှာ အမှိုက်ထားမိတာပေါ့နော်။

MD – ဘာရည်ရွယ်ချက်နဲ့ အခုလို အမှိုက်ပစ်ရတာလဲ။

HMO – အမှိုက်ကားမလာတာတော်တော်ကြာပြီဆိုတော့ အိမ်မှလည်း အမှိုက်တွေတော်တော်များနေပြီ။ဒီအမှိုက်တွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ လို့ကျနော်စဉ်စားတော့ အကြံလေးတခုရလာတယ်။ သွားပြော တာလည်းအကြိမ်ကြိမ်ရှိနေပြီဆိုတော့။အခုလိုလုပ်လိုက်တာပေါ့။ တခြားဘာရည်ရွယ်ချက်မှာတော့ မရှိပါဘူး။

MD – အကိုတို့ ရပ်ကွက်နေပြည်သူတွေက ဘယ်လိုအမှိုက်ပစ်နေကြရတာလဲ။

HMO – ကျနော်တို့အနားမှာက ချောင်းရှိတယ်။ကျနော်တို့နားမှာ ရှိတဲ့ ရပ်ကွက် ၃၊၄ ရပ်ကွက်က ဒီချောင်းထဲမှာ အမှိုက်ပစ်တယ်။ဒီပလပ်စတစ်တွေကို အခုထိ ရှိနေတုန်းဘဲ။ဒီချောင်းတွေဆို တအားပိတ်နေတယ်။လူတွေရဲ့ ကျန်းမာရေး ဆိုရင်လည်း ကလေးတွေက ခုချိန်ဆို သွေးလွန်တုပ်ကွေးဖြစ်တယ်၊ဝမ်းရောဂါ ဖြစ်တယ်။ကျနော်တို့က ပရဟိတ လုပ်တယ်ဆိုတော့ ဒီလိုမျိုးကျနော်တို့ မမြင်ချင်ဘူး။သန့်သန့်ရှင်းရှင်းလေးဖြစ်ချင်တယ်။

ကျနော်က ကျနော့်တယောက်တည်း အတွက် လုပ်တာမဟုတ်ဘူး။ကျနော်တို့ ပတ်ဝန်းကျင်အတွက်၊ရပ်ကွက်အတွက်၊ပြည်သူ အတွက် ရည်ညွှန်းပြီး လုပ်တာပေါ့နော်။လုပ်တာက ပုဂ္ဂလိကဆန်သွားတာပေါ့နော်။တယောက် တည်းလုပ်တာဆိုတော့။ဒါပေမယ့် ရည်ရွယ်တာက ပြည်သူအတွက်ရည်ရွယ်ပြီး လုပ်တာပါ။

ကျနော်တို့က နီးစပ်ရာအမှိုက်ပုံး၊ဥပမာ ၅ ဖာလုံလောက်ဝေးပါစေဗျာ။အိမ်က အမှိုက်ကိုဘယ်တော့မှ စည်းကမ်းမဲ့ချောင်းထဲကိုမပစ်ဘူး။ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ လည်းသိတယ်။ရပ်ကွက်နေပြည်သူတွေလည်း သိတယ်။ကျနော်တို့ ဘယ်လိုလုပ်လဲဆို ကားနဲ့တင်တယ်။သူတို့ထားပေးတဲ့နေရာထိ တမိုင်ဝန်းကျင်ထိသွားပစ်တယ်။အရင်ကတော့ အဲလိုလုပ်တယ်။ကျနော်ခန့်မှန်းချေပေါ့နော် ၅ ဖာလုံလောက်ဝေးတဲ့ နေရာထိကို ကားနဲ့တင်ပြီး အမှိုက်တွဲထားတဲ့နေရာမှာ စနစ်တကျသွားပစ်တယ်။အခုနောက်ပိုင်းကျတော့ အမှိုက်တွဲ ကားတွေသိမ်းသွားတယ်။စည်ပင်ကလည်းမလာဘူးဆိုတော့ ကျနော်တို့ ဘယ်နေရာမှာ ပစ်ရမ လဲ။ကျနော်တို့အနားမှာ ချောင်းဘဲရှိတယ်။

MD – စည်းကမ်းမဲ့ အမှိုက်ပစ်တာနဲ့ပက်သက်ပြီး ဘယ်လိုနားလည်ထားလဲ။

HMO – အမှိုက်မပစ်ရ ဒဏ်ငွေ တစ်သောင်း၊အမှိုက်မပစ်ရ ဒဏ်ငွေ ၅ သောင်းဆိုပြီးတော့ ဆိုင်းဘုတ် တွေကို ကမ်းနားလမ်းမှာတော့ ထောင်ထား တယ်။ဒါပေမယ့် ပြည်သူတွေကတော့ ပစ်မြဲ ပစ်နေကြတာဘဲ။အခု ကျနော့်ကို စည်းကမ်းမဲ့အမှိုက်ပစ်မှုနဲ့အရေးယူမယ်ဆိုရင် ပြည်သူပေါင်း မြောက်များစွာကို အရေးယူရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီနားမှာနေတဲ့လူတွေအားလုံး ချောင်းထဲကိုဘဲ ပစ်နေကြတယ်။ဒါ စည်းကမ်းမဲ့ဘဲလေ။အမှိုက်မပစ်ရ တဲ့နေရာမှာ မြစ်ချောင်းအင်းအိုင် ပါတယ်လေဗျာ။လူနေတဲ့လမ်းတွေပါတယ်။ပလက်ဖောင်းတွေပါတယ်။ ဒါတွေက အမှိုက်မပစ်ရတဲ့နေရာလို့ သူတို့သတ်မှတ်ထားတယ်။၆၆ (ခ)နဲ့ ကျနော့်ကိုစွဲမယ်ဆို ရင်ပြည်သူတွေ ကိုလည်း အရေးယူရမှာပေါ့။

MD – မြို့နယ် စည်ပင်ရုံးရှေ့ အမှိုက်ပစ်ပြီးတဲ့နောက်မှာရော ခုဘယ်လိုကြုံ တွေ့နေရလဲ။

HMO – ကျနော် အမှိုက်ပစ်ပြီးတဲ့အချိန်မှာပေါ့နော်။ပစ်တာက ရံးပိတ်ရက်ဆိုတော့ တနင်္လာနေ့မှာ ကျနော်တို့ ဒိုင်းဝန်ကွင်းပိုင်နဲ့ စည်ပင်ကတာဝန်ရှိသူတစ်ယောက် ကျနော့်အိမ်ရှေ့ကိုရောက်လာ တယ်။သူတို့က ကျနော်နဲ့ညှိနှိုင်းတာပေါ့နော်။အကိုတို့ ဘယ်နှရက်လာပေးနိုင်မလဲ။သူတို့က ကျနော့်ကိုဘာပြောလဲဆိုတော့ ဆီအခက်ခဲရှိတယ်။ကားအခက်ခဲရှိတယ်။ဟုတ်ပြီ ဒါဆို ကျနော်တို့ကို တစ်ပတ်တစ်ရက်လောက် တော့ ဖြစ်အောင်လာပေးဖို့ ကျနော်တောင်းဆို တာပေါ့။ဘာပြန်ပြောလဲဆိုတော့ တစ်ပတ်ကို စနေနေ့တစ်ရက်လောက်တော့ လာပေး မယ်လို့ ပြောသွားတယ်။နှုတ်ဂတိပေါ့။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ရက်လာပေးတာပေါ့နော်။

ပြီးတော့ မနေ့ ညနေကနေပြီးတော့ ကျနော့်ကို ရုံးကနေဆင့်စာနဲ့ခေါ်တယ်။ဦးဟိန်းမိုးဦးအား အမှိုက်စည်းကမ်းမဲ့ စွန့်ပစ်မှုဖြစ် တိုင်ပင်ဆွေးနွေးလိုပါသဖြင့် ရုံးကိုခေါ်တယ်။ညနေ ၄ နာရီလောက်မှာ ရတယ်။ဒီမနက် ၁၀ နာရီမှာ ရုံးလာဖို့ ကျနော်စီစဉ်တယ်။ကျနော် ရုံးရောက် တော့ အမှုဆောင်အရာရှိ အစည်းအဝေးသွားနေလို့ပါဆိုလို့ ကျနော်စောင့်တယ်။အမှုဆောင် အရာရှိ ၁၀ နာရီ ၁၅ မိနစ်လောက်မှာရောက်လာတယ်။ကျနော့်ကိုချိန်းတာ ၁၀ နာရီပေါ့နော်။ ဝင်လာလာချင်းဘဲ ကျနော်က မင်္ဂလာပါ။ကျနော်ဟိန်းမိုးဦးပါလို့ နှုတ်ဆက်တော့ မင်းလား အမှိုက်ပစ်တာ။ဒါဆိုရင် မင်းကိုတရားစွဲဖို့တစ်ခု ဘဲရှိတော့တယ်။ဘာမှတော့လုပ်ဖို့ မရှိတော့ ဘူးဆိုပြီး တော့ သူကကျနော့်ကို ပြောတယ်ပေါ့နော်။

ကျနော်နဲ့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို ဝန်ထမ်း ၁၅ ယောက်လောက်က ကျနော်တို့ ကို ဝန်းရံထားပြီးတော့ ကျနော်တို့ ပြန်လည်ချေပတာကိုလည်း သူတို့နားမထောင်ဘူး။သူတို့ဘက် ကကျနော်တို့ကို တရားစွဲမယ်၊ပြောစရာရှိရင် တရားရုံးရောက်မှပြောပါ။တရားဥပဒေအရ တရားစွဲမယ်။ဒါဘဲပြောတယ်။ပြီးတော့ တစ်ခု အခွင့်အရေးပေးလိုက်မယ်။ကျေအေးချင်တယ်ဆိုလို့ရှိရင် ခံဝန်လက်မှတ်ထိုးပါ၊တောင်းပန်ပါ လို့သူတို့ပြောတယ်။ဒါမှ မဟုတ်ရင် တရားစွဲရပါလိမ့်မယ်။ဒီနှစ်ခွန်းဘဲ သူတို့ပြောတယ်။

သူတို့က ကျနော့်ကို တွေ့ဆုံဆွေးနွေးလိုပါသဖြင့်လို့ စာထဲမှာရေးထားတယ်။တွေ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးမယ်ဆိုရင် လူတယောက်ရဲ့အကြံဥာဏ်ကို တစ်ယောက်က ယူရမယ်။သူ့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒနဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ ဆန္ဒထပ်တူကျ အောင် ကျနော်တို့ ညှိရမယ်။အခုက မညှိဘဲနဲ့ကိုယ်လိုချင်တဲ့ဟာကို တဖက်သတ်ဆွဲပြီးတော့ ပြောသွားတယ်။နောက်ပြောဆိုတဲ့အထဲမှာ ခြိမ်းခြောက်မှုတွေ အများကြီးပါသွားတယ်။အဲဒီ အတွက် ကျနော့်ကိုခြိမ်းခြောက်တယ်လို့ဘဲယူဆတယ်။

MD – အကို့ အနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိပါလဲ။

HMO – ပြည်သူနဲ့အစိုးရ ထိပ်တိုက် တွေ့ပြီဆိုတာက မကောင်းတဲ့လက္ခဏာ ဘဲလေ။ကျနော်တို့ကလည်း မတွေ့ချင်ပါဘူး။မတွေ့ ချင်ပါဘူးဆိုတာက ကျနော်တို့လုပ်ရပ်က စော်ကားတဲ့လုပ်ရပ်လည်းမဟုတ်ဘူး။အသိပေးတဲ့ လုပ်ရပ်ဘဲ ဖြစ်တဲ့အတွက်ကျနော်တို့မှာလည်း အပြစ်မရှိဘူးလို့ ကျနော်တို့ယူဆတယ်။

သူတို့က အမှုရင်ဆိုင်ဖို့အတွက်ပြောတယ်။ကျနော်တို့ကတော့ ကျေအေးဖို့ လမ်းကြောင်းကို နံပါတ် ၁ လျှောက်လမ်းမယ်ဗျာ။မရရင်လည်း နံပါတ် ၂ လမ်းကြောင်းကတော့ ရင်ဆိုင်မယ်။တကယ်လို့ သူတို့ဘက်က ကျနော်တို့ကို ခံဝန်ထိုးခိုင်းမယ်ဆိုရင် ကျနော်တို့ ဘက်က တခုတောင်းဆိုမယ်။အကိုတို့ဘက်ကနေလည်း ကျနော်တို့ကို သူများရပ်ကွက်မှာ တစ်ပတ်ကို စည်ပင်ကား ၂ ကြိမ်လာတယ်ဆိုရင်၊ကျနော်တို့ လည်းသူများဆောင်ထား သလို အခွန်ဆောင်ထားတဲ့အတွက် ကျနော်တို့ရပ်ကွက်ကိုလည်း တစ်ပတ် ၂ ကြိမ်လာပေး။လာပေး မယ်လို့အကိုတို့ နှုတ်ဂတိကို မလိုချင်ဘူး။တရားဝင် စာထုတ်ပေးပါ။လက်မှတ်ထိုးပေးပါ။အဲလို မျိုးဆိုရင် ကျနော်တို့လည်း ခံဝန်လက်မှတ်ထိုးမယ်။တကယ်လို့ အဲလိုမျိုးမှ မလုပ်ပေးဘူးဆိုရင် ရှေ့ဆက်ပြီးတော့တရားရေးလမ်းကြောင်းအတိုင်းဘဲသွားမယ်။

Mawlamyine Daily

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s