အပျော်လွန် သတင်းထောက်များ

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၆
(သရော်စာ)

အစကတော့ သတင်းထောက်တွေတော်တော်ပျော်နေကြသည်။ သတင်းစာ ထုတ်ရတော့မည်။ ဒါဆို သတင်းစာဆရာဖြစ်မည်။
ဂျာနယ်ဆရာဆိုတာ သိပ်မကောင်း။ သတင်းထောက်တိုင်း သတင်းစာဆရာဖြစ်ချင်ကြသည်။

သတင်းစာထုတ်လျင် စာမူခပိုရနိုင်သည်။ အလုပ်လည်း ပိုလုပ်ရသဖြင့် လခလည်း တိုးလာနိုင်သည်။ အရင်ကလို ကိုယ့်သတင်းကို တပတ်စောင့်စရာမလိုတော့။

နေ့စဉ် သတင်းကိုတွေ့ရမည်။ စာမူခနေ့စဉ်ရမည်။ ကားဝယ်စီးမည်။ တိုက်ခန်းဝယ်မည်။ မိန်းမတွေယောင်္ကျားတွေယူမည်။
အိမ်မက်ကိုယ်စီဖြင့် သတင်းထောက်တွေပျော်နေကြသည်။
သတင်းစာမထုတ်သည့် ဂျာနယ်က သတင်းထောက်တွေက သတင်းစာထုတ်သည့် တိုက်ကို ပြောင်းကြသည်။ ဘယ်လောက်ရရ။ သတင်းစာထုတ်ရဖို့ အဓိကဖြစ်သည်။

သတင်းစာထုတ်မည့် တိုက်သတင်းထောက်တွေက ပျော်ကြသည်။ အခြားဂျာနယ် သတင်းထောက်ကို အထင်သေးသလိုကြည့်သည်။ ငါတို့ဆီလာခဲ့ဟုလည်း ဖိတ်ခေါ်လိုက်သည်။

သို့နှင့် သတင်းစာတွေ အစမ်းထုတ်သည်။ သတင်းထောက်တွေ ကျိုးစားကြသည်။ စာမူခတော့ အစိမ်ထုတ်မှ ယူရန် ပြောကြသည်။ ရပါသည်။
အစိမ် ထွက်လာသည်။ သတင်းထောက်တွေကျိုးစားကြသည်။ နေ့စဉ် သတင်းမီအောင်ရေးကြသည်။ ပင်ပန်းကြသည်။ မနက်သတင်းလိုက်။ ညနေပြန်ရေး။ လိုင်းကားက ကြပ်။
လမ်းတွေက ပိတ်။ အားမလျော့။ ရေးကြသည်။
တစ်ပတ်ကြာသည်။ ဘာမှမဖြစ်သေး။ တစ်လကြာတော့ အားလျော့စပြုလာပြီ။
ထုတ်ဝေသူတွေ မျက်ခုံးလှုပ်လာပြီ။ သတင်းစာတွေ ရောင်းမကောင်း။ ၀ယ်သူမရှိ။ စာဖတ်သူက လောဘကြီးသည်။ စာမျက်နှာများသည့် သတင်းစာထူထူကိုသာ ၀ယ်သည်။ ခပ်ပါးပါးဆိုလျင် ကိုင်ကြည့်ပြီး ပြန်ချသည်။
ကြော်ငြာလည်း အရင်ကလိုမရတော့။ သတင်းစာတွေကများပြီးနေ့စဉ်ထည့်ရ သည်မို့ ကြော်ငြာရှင်တွေထည်း ဆက်မထဲ့နိုင်တော့။

ပထမလ အရှုံးပေါ်သည်။ ဂျာနယ်ထုတ်တုန်းက နင်းကန်ရထားသည်ကို ထည့်မတွက်တော့။ ဒီအတိုင်းပဲ ဆက်ရှုံးနေလျင် ပိုင်ရှင်ပဲ ခွေးဖြစ်တော့မယောင်၊ သူတောင်းစား ဖြစ်တော့မယောင် ပြောလာကြသည်။
ပိုင်ရှင်က ရှုံးသည်ဟု အကြောင်းပြကာ စာမူခတွေလျော့ပေးသည်။ ဂျာနယ်မြတ်တုန်းကတော့ တိတ်တိတ်ကလေး။ စာမူခလျော့လို့ အားမရ။ တစ်ပတ်ကို ဘယ်နှပုဒ် သတင်းစာတိုက်ကို ပေးရမည်။ ပိုသည့် သတင်းအပေါ်တွင်သာ စာမူခပေးမည်။ တိုက်ကို သတင်း ပြည့်အောင်မပေးနိုင် ပါက ပိုက်ဆံဖြတ်သည်။ သတင်းထောက်တွေ မပျော်တော့။ လုပ်ရသည်နှင့် မကာမိ။

ဂျာနယ်တုန်းက အေးအေးလုပ်ရသည်။ စာမူခလည်း ပိုရသည်။ အခြင်းခြင်းလည်း ပျော်ရွှင်မှုရသည်။ ယခုတော့ ပျော်ရွှင်မှုမရှိတော့။
သတင်းစာတိုက်ကြီးက အထည်ချုပ်စက်ရုံနှင့်တူလာသည်။ စက်ရုံဆူပါဗိုက်ဆာနှင့် တူသော အယ်ဒီတာက နေ့စဉ် သတင်းများများထွက်အောင် အော်ဟစ်နေသည်။ အထည်ချုပ်သမနှင့် တူသော
သတင်းထောက်က အပြင်ပဲ သတင်းထွက်လိုက်ရတော့မလိုလို။ သတင်းပဲ ပြည့်အောင် ထိုင်ရေးရတော့မလိုလိုဖြစ်လာသည်။ သတင်းမတင်လျင် အယ်ဒီတာက အော်သည်။

အပြင်ထွက်မှ သတင်းအသစ်တွေရမည်။ ပွဲတွေသွားရမည်။ ဒါမှ သတင်းရမည်။ ဒါပေမဲ့ အပြင်ထွက်လို့မဖြစ်။ အပြင်ထွက်လျင် ကားပိတ်တာနှင့် တိုက်ကို ပြန်မရောက်တော့။ ဒက်လိုင်းကလည်း ရှိသေးသည်။
အင်တာနက် လှမ်းပို့ရအောင်လည်း ကွန်ပြူတာမရှိ။ အွန်လိုင်းမရှိ။
သို့နှင့် သတင်းစာ သတင်းထောက်များသည် ဖုန်းသတင်းထောက်တွေဖြစ်လာကြသည်။ လိုင်း ဖုန်းနားတွင် သတင်းထောက်တွေ ၀ိုင်းနေကြသည်။
ကိုယ့်ဖုန်းနှင့် ကိုယ်လည်း မဆက်ခြင်။ ကိုယ့်ဖုန်းက သတင်းလိုက်ဖို့မဟုတ်။ ဆော်နဲ့ ကျူဖို့ဖြစ်သည်။

အရင်ဂျာနယ်ထုတ်တုန်းက အဆက်အသွယ်တွေကို ဖုန်းဆက်ကြရသည်။
“ဆရာ… ဘာထူးလဲ”
စသည့် စကားသံများသည် သတင်းစာတိုက်တွင် ညံနေတော့သည်။ ကိုယ်ဆက်သည့် လူက ဘာပြောပြော သတင်းရေးတော့သည်။ အရင်ကလို သတင်းကြီးမှ ရေးမည် လုပ်ရလို့မရတော့။
ဘယ်ဌာနက ဘာလုပ်မည်။ ဘယ်ဝန်ကြီးက ဘာလုပ်မည်။ စသည့် ၀န်ကြီးရှော့ပင်းထွက်သည့် သတင်းတွေသာ ရေးလာတော့သည်။
သတင်းထောက်တွေထဲမှာ နိုင်ငံရေးသတင်းထောက်တွေကတော့ ကံကောင်းသည်။

ဆန္ဒပြပွဲတွေများသဖြင့် သတင်းပေါသည်။ စီးပွားရေးသတင်းထောက်တွေကလည်း ထိုနည်းလည်းကောင်းပင်။ ဘယ်နိုင်ငံ ဘယ်လောက်ရင်းနှီးမြုပ်နှံတော့မည်။ စသည့် သတင်းတွေသာ ဖြစ်လာတော့သည်။

ကြာလာတော့ သတင်းထောက်တွေ ဝေဖန်ခဲ့သည့် အစိုးရသတင်းစာနှင့် ပုဂ္ဂလိက သတင်းစာ တို့က သတင်းတင်ဆက်ပုံသိပ်မကွာတော့။
သတင်းထောက်အခြင်းခြင်းလည်း သတင်းတွေလုလာသည်။ ငါ့ ဘိ သူ့ ဘိ မခွဲတော့။ ဦးသူစားကြေး။ သို့ တိုက်တွင်း သတင်းထောက်တွေ အခြင်းခြင်းမတည့်တော့။

တစ်ပတ်အတွက် စာမူခတွေ မပြည့်သဖြင့် လစာထဲ အဖြတ်ခံရသည်။
အရင်ကလို ခြောက်လတစ်ခါလောက် နိုင်ငံခြားကိုလည်း သင်တန်းသွားမတတ်နိုင်တော့။ သင်တန်းတတ်လျင် အလုပ်ထုတ်မည်ဟု တရားမ၀င်တိုးတိုးပြောသည်။
အလုပ်ထုတ်လိမ့်မည် မထင်သဖြင့် ပြည်တွင်း သင်တန်းလေးတွေ ခိုးတတ်သည်။ သို့နှင့် သင်တန်းခိုးတတ်သည့် သတင်းထောက်တွေ အလုပ်ထုတ်ခံရသည်။

ယခုဆိုလျင် သတင်းစာထုတ်သည့် သက်တမ်း ၈ လလောက်ရှိလာပြီ။ ဘယ်သတင်းစာမှ စောင်ရေဘယ်လောက်ရှိသည်ဟု အမှန်ကို မကြေညာရဲသေး။ အခွန်လိုက်မှာလည်း ကြောက်ရသည်။ ပြိုင်ဘက်တွေကိုလည်း ရှက်သည်။ ယခင်က နှစ်ဆန်းပိုင်းဆိုလျင် ဂျာနယ်တိုက်အသီးအသီး နှစ်ပတ်လည် အခမ်းအနားကြီးကိုတွေ ဟိုတယ်ကြီးတွေမှာ ခမ်းနားစွာကျင်းပသည်။ ထိုပွဲများကိုလည်း ကိုယ့်ဂျာနယ်နယ်တွင်ကိုယ်ပြန်ထဲ့သည်။ ဘယ်ဝန်ကြီး၊ ဘယ်စီးပွားရေးသမား၊ ဘယ်နိုင်ငံရေးသမား လာသည်။ ဘာညာပြောသည်။ စသည်တို့ပေါ့။

ယခုတော့ နှစ်ဆန်းပိုင်းတစ်လျောက်လုံး ဘယ်သတင်းစာကမှ နှစ်ပတ်လည် လုပ်သည်ဟုမကြားရ။ စတပ်ပါတီလောက်နှင့်သာ ပြီးသွားရသည်။ ဒါမှ ပိုင်ရှင်အကုန်အကျသက်သာမည်။ နှစ်ပတ်လည်တွင် ဘီယာအ၀သောက်မည်ဟု အားခဲထားသော သတင်းထောက်တွေလည်း မသောက်ရတော့။ အပြင်ဆိုင်မှာသာ ၀ယ်သောက်ပြီး ကိုယ့်တိုက်မကောင်းကြောင်းပြောနေတော့သည်။

စိုပြေ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s