“အားလုံးဟာဥပဒေရဲ့အောက်မှာဘဲ ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့သွားမယ် ဆိုလို့ရှိရင်တော့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအသက်ဝင်မှာပါ”

13139133_573912799445307_620001108642942802_n
မော်လမြိုင်၊ ၉ မေ ၂၀၁၆

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာ ဆိုင်ရာ ကော်မတီ(၆)ခုရှိသည့်အနက် ဥပဒေပြုရေးကော်မတီ မှ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ၊ သထုံမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ နှင့် Mawlamyine Daily မှတွေ့ဆုံမေးမြန်းထားပါတယ်။

MD – ဆရာမတို့ရဲ့ ဥပဒေပြုရေးကော်တီရဲ့ လုပ်ငန်းတာဝန်ကဘာတွေပါလဲ။

DKKL – အဓိက တာဝန်ကတော့ မွန်ပြည်နယ်လွှတ်တော်ကနေ နဂိုလ်ရှိပြီး သားဥပဒေတွေ ကိုပြင်ဆင်မယ်။မလိုအပ်တဲ့ဥပဒေတွေကိုဖျက်သိမ်းမယ်။လိုအပ်တဲ့ ဥပဒေအသစ်တွေကိုပြ ဋ္ဌာန်းမယ်။နောက်တခုကတော့ ဝန်ကြီးဌာနတွေကတင်လာတဲ့ဥပဒေတွေကို စီစစ်ပေးရတယ်။ အဲဒါအပြင် တိုင်စာကော်မတီက တချို့ ဥပဒေနဲ့ပက်သက်တဲ့ကိစ္စရပ်တွေမှာလည်း ကူညီ လုပ်ပေးရတာတွေရှိပါတယ်။

MD – လက်ရှိမှာရော ဥပဒေပြုရေးကော်မတီက ဘာတွေလုပ်နေပြီလဲ။

DKKL – အခုစစချင်းလုပ်နေတာကတော့ မွန်ပြည်နယ် ပြည်နယ်လွှတ်တော် နည်းဥပဒေ ကိုပြင်ဆင်နေပါတယ်။အခန်း(၁၁) ပုဒ်မ ၁၀၄၊၁၀၅ အောက်မှာရှိ တဲ့ အချက်ကလေး တွေကို လက်ရှိအနေအထားနဲ့ မကိုက်ညီတော့တဲ့ ဟာတွေကို ပြင်ဆင်နေပါတယ်။ဥပမာအားဖြင့် မေးခွန်းမေးတဲ့အပိုင်းနဲ့ပက် သက်ပြီး တာမြစ်ထားတဲ့ အချက်တွေရှိတယ်။လွှတ်တော်ကိုယ် စားလှယ်တွေ ဆိုတာက သူမေးတဲ့မေးခွန်းတွေအပေါ်မှာ တာဝန်ခံရပါတယ်။ဒီတော့ ပြည်သူ တွေအတွက် လွတ်လွတ်လပ်လပ်မေးလို့ရအောင်လို့ အဲဒီ အချက်တွေကိုပြင် ထားပါတယ်။

MD – အဲလိုပြင်လိုက်တော့ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာ မလဲ။

DKKL – အခုလက်ရှိဆိုလို့ရှိရင် ပြည်နယ်အဖွဲ့အစည်းတစ်ရပ်ရပ်ကနေ လွှတ်တော်ကိုချမပြဘဲ လုပ်သွားတဲ့စီမံကိန်းတွေရှိတယ်။နောက်ပြီးတော့ ပြည်သူတွေမသိတဲ့စီမံကိန်းတွေရှိတယ်။ အဲလိုဟာတွေကို မေးခွင့်မရှိဘူး ဆိုပြီး တားမြစ်ထားတဲ့အပိုဒ်လေးတွေပါတယ်။လွှတ်တော်သို့ မတင်ပြရသေး တဲ့ ပြည်နယ်အဖွဲ့အစည်းတစ်ရပ်ရပ်ကနေပြုလုပ်ထားတဲ့ လုပ်ငန်းဆောင်တာ တွေမေးခွင့်မရှိဘူးဆိုတာပါတယ်။

အဲဒါတွေက မလိုအပ်တဲ့အပိုဒ်တွေဖြစ်နေတဲ့အတွက်ကြောင့် အဲဒီဟာတွေ ကိုပြင်ဆင်မယ်။ဖြုတ်သင့်ရင်ဖြုတ်မယ်။နောက်ပြီးတော့ တဖက်မှာ စည်းကမ်း ချက်ဆိုတဲ့နေရာမှာလည်း ဘယ်လိုအနေအထားမျိုးတွေဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေးကိုမေးခွင့်ရှိရမယ်ဆိုတာတွေကို ထပ်မံဖြည့် စွက်ထားတာရှိပါတယ်။အဲဒီတော့ စီမံကိန်းတွေဆိုရင် လွှတ်တော်မသိဘဲ လုပ်လို့မရတော့သလို၊လွှတ်တော်ကိုအစီရင်ခံရမယ်၊လွှတ်တော်ကိုအသိပေးရ မယ်။လွှတ်တော်ကလည်း ပြည်နယ်အစိုးရအဖွဲ့အစည်းဘဲဖြစ်နေပါစေ ဘယ်အဖွဲ့အစည်းဘဲဖြစ်နေပါစေ သိချင်တဲ့ အကြောင်းအရာတွေကိုလွတ် လွတ်လပ်လပ်မေးခွင့်ရှိသွားမယ်။

MD – ဆရာမတို့ရဲ့ ဥပဒေပြုရေးကော်မတီမှာ ဘယ်လိုစိန်ခေါ်မှု၊အခက်အ ခဲတွေများရှိမလဲ။

DKKL – မွန်ပြည်နယ်လွှတ်တော်မှာဆိုလို့ရှိရင် ဥပဒေနဲ့ပက်သက်ပြီး ပညာ ရှင်တွေအားနည်းတယ်။နောက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေအား လုံးက Law maker လို့ပြောပေမယ့် ဥပဒေဆိုတာက အားလုံးနဲ့အတော်များ များကစိမ်းတယ်ဆိုတော့ ဥပဒေနဲ့ပက်သက်ပြီး နားလည်မှု၊ထိတွေ့မှုပိုပြီးတော့ ရှိလာစေချင်ပါတယ်။ကျမရဲ့ ဥပဒေပြုရေး ကော်မတီမှာ လွှတ်တော်ကိုယ်စား လှယ်(MP)နှစ်ယောက်ဘဲရှိတာပေါ့နော်။ကျန်တဲ့သူတွေက တော့ ပြင်ပ ပညာရှင်တွေချည်းပါဘဲ။

MD – ဆရာမတို့ ဥပဒေပြုရေးကော်မတီက ဥပဒေတွေကို ပြင်ဆင်နေနိုင် ဖို့အတွက် ဘာတွေလုပ်နေဖို့လိုအပ်ပါလဲ။

DKKL – အခုလက်ရှိ နည်းဥပဒေအတွက်ကတော့ ပြင်ပ ပညာရှင်ကို ဒီလောက်ကြီးမလိုအပ်သေးပါဘူး။ဥပမာ လျှပ်စစ်နဲ့ပက်သက်လာရင်တော့ လျှပ်စစ်နဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်ကိုလိုအပ်လာပြီ။နောက်ပြီးတော့ ကမ်းနီး၊ကမ်းဝေး နဲ့ပက်သက်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပက်သက်လာရင်လည်း ပညာရှင်တွေလိုအပ်တယ်၊တခြားပြည်သူ့အသံတွေလည်းလိုအပ်ပါတယ်။
အခုလက်ရှိမှာလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်က မပြီးပြတ်သေးတဲ့ ဥပဒေကြမ်း (၄)ခုရှိတယ်။အဲဒီက အသေးစား အလတ်စား လျှပ်စစ်ဥပဒေ ကိုပြဋ္ဌာန်းနိုင်အောင်ကြိုးစား နေပါတယ်။အသစ်ပြဋ္ဌာန်းဖို့လိုတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ဥပဒေကို ရေးဆွဲဖို့ဆုံးဖြတ်ထားပါတယ်။

MD – ပြီးခဲ့တဲ့ လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေ(၃၈) ခုကိုပြန် လည်သုံးသပ်မယ်ဆို တော့ ဘယ်အချိန်မှာ ဘယ်လိုသုံးသပ်မလဲ။

DKKL – အဲဒါကတော့ တွဲတွဲပြီးတော့ဘဲလုပ်သွားမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးကိုလည်း ချန်ထားလို့လဲမရဘူး။နည်းဥပဒေတွေလုပ်နေရင်းနဲ့ဘဲ ကျမတို့ အချိန်ရရင် ရသလို တစ်ခုဖြစ်ဖြစ်၊နှစ်ခုဖြစ်ဖြစ် သုံးသပ်သွားမယ်လို့ ကျမတို့ အဖွဲ့ကတိုင်ပင်ထားပါတယ်။

MD – ဆရာမတို့ရဲ့ ဥပဒေပြုရေးကော်မတီက ဥပဒေတွေ ပြင်မယ်၊ဖြည့်စွက်မယ်၊အသစ်ပြဋ္ဌာန်း မယ်ဆိုတော့ ကော်မတီမှာရှိနေတဲ့ အရင်းအမြစ်တွေလုံလောက်မှုရှိပါ့မလား။

DKKL – အခု ကျမတို့မှာ ပြင်ပ ပညာရှင် (၇)ယောက်တော့ရှိတာပေါ့နော်။ဒါပေမယ့် ပြည်ထောင်စုမှာလိုဘဲ ဥပဒေပြုရေးကော်မတီကို ထောက်ပံ့ပေးတဲ့ Sub ကော်မတီလေး တွေဖွဲ့နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။သူတို့အနေ နဲ့လည်း ကူညီပံ့ပိုးပေးမယ်ဆိုပြီး ကမ်းလှမ်းထားတဲ့အဖွဲ့လေးတွေ လည်းရှိပါတယ်။

MD – လွှတ်တော်မှာတော့ ဥပဒေတွေပြုလိုက်တာဘဲ။လက်တွေ့အကောင် အထည်ဖော်မှု ပိုင်းမှာအားနည်းတာတွေကို ပြီးခဲ့တဲ့အစိုးရလက်ထက် ကတွေ့နေရတယ်။အဲဒီအတွက်ကို ရောဆရာမတို့ ဘယ်လိုပြင်ဆင်ထားပါလဲ။

DKKL – ကျမတို့ကတော့ ဥပဒေတစ်ခုကိုပြဋ္ဌာန်းလိုက်တာဘဲ။အသက်ဝင်ဖို့အ တွက်ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆို အခုဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ပက်သက်ပြီး ပြည်ထောင်စုအဆင့်က ဥပဒေတွေကပြဋ္ဌာန်းပြီးသားပဲ။ဒါပေမယ့် အဲဒါက အသက်မဝင်ဘူး။အသက်မဝင်ဘူးဆိုတာကို ဒါကြီးကိုအသုံးပြုပြီး Action ယူရမယ်ဆိုတာ ဘယ်သူမှမလုပ်သေးဘူး။ကျမတို့ ကပြဌာန်းတယ်။အဲဒါကိုအကောင်အထည်ဖော်မှာကတော့ တခြားသောအဖွဲ့အစည်းပေါ့။တရားစွဲ တဲ့အဖွဲ့အစည်းတွေရှိမယ်။တရားရေးပိုင်းတွေရှိမယ်။ဝန်ကြီးဌာနတွေရှိမယ်။ဥပဒေကို အသက်ဝင်အောင်အကောင်အ ထည်ဖော်ရ မှာပါ။ကျမတို့က ဥပဒေပြုရတဲ့လူတွေဖြစ်တဲ့အခါကျ တော့ပြည်သူတွေကို ကာကွယ်ပေးရမယ့်ဟာ၊ပြည်သူအတွက် အကျိုးရှိမယ့်ဟာတွေကို ပြဌာန်းပေးရတဲ့လူတွေဖြစ်တယ်။

ဥပဒေပြုရေးကော်မတီကျတော့ ဥပဒေတစ်ခုကို ပြုပြင်ပြောင်းလဲတယ်ဆိုရင် ကိုယ်ရေးဆွဲလိုက်တဲ့ စာကြောင်းတစ်ကြောင်းဟာ အကျိုးသက်ရောက်မှုရှိမရှိ၊စာလုံးကို ဖတ်လိုက်တာနဲ့ကို တကယ်ကိုအကျိုးသက်ရောက်မှုရှိမရှိဆိုတာ ဥပဒေပြုရေးကော်မတီ ရဲ့ နံပါတ်(၁)လုပ်ရမယ့် လုပ်ငန်းဆောင်တာပါ။အဲလိုလုပ်ပြီးတော့မှ ဒီဥပဒေအသက်ဝင်လာအောင် လုပ်ရမှာကတော့ တခြားအဖွဲ့အစည်းတွေရှိပါတယ်။အဲဒီမှာ နည်းဥပဒေပြဌာန်းရမှာကလည်း သက်ဆက်ရာဝန်ကြီးဌာနတွေရှိတယ်။သူတို့အနေနဲ့ လိုအပ်မယ်ဆိုရင် ဥပဒေပြုရေးကော်မတီကိုလည်း အကူညီတောင်းခံနိုင်တယ်။ကျမတို့ဘက်ကလည်း လုပ်ပေးရမယ့် တာဝန်ဝတ္တရားမျိုးရှိပါတယ်။အဲဒီဟာတွေအားလုံးပြည့်စုံပြီးသွားရင် ဥပဒေတစ်ခုအသက်ဝင်လာ အောင်တော့ မဖြစ်မနေလုပ်သင့်တယ်။

ကျမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးလို့ပြောတယ်။တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာက သတ္တိရှိရှိနဲ့ တရားစွဲနိုင်ရမယ်။ဒီဥပဒေကို အသုံးချနိုင်ရမယ်။အဲဒီအတွက်ကြောင့် ဘယ်သူရယ်၊ဘာရယ်လို့ မကြည့်ဘဲနဲ့ အားလုံးဟာဥပဒေရဲ့အောက်မှာဘဲ ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့သွားမယ်ဆို လို့ရှိရင်တော့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအသက်ဝင်မှာပါ။

MD – ဥပဒေပြုရေးကော်မတီကရက်(၁၀၀)အတွင်းမှာဘာတွေလုပ်သွား ဖို့ရှိပါလဲ။

DKKL – နံပါတ် (၁)ကတော့ ပြည်နယ်လွှတ်တော်နည်းဥပဒေကို အသစ်ပြန်ပြင်မယ်။နံပါတ်(၂)ကျတော့ ပြီးခဲ့တဲ့နှစ်ကရေးဆွဲထားခဲ့တဲ့ အသေးစား၊အလတ်စား လျှပ်စစ်ဥပဒေကို ပြဌာန်းနိုင်အောင်ကြီးစားမယ်။နံပါတ်(၃)ကျတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင် တဲ့ဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့ လုပ်ထားပါတယ်။

MD – ဆရာမအနေနဲ့ နောက်ထပ်ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။

DKKL – ကျမတို့ မွန်ပြည်နယ်လွှတ်တော်က ဒီထက်ပိုပြီးတော့ အသက်ဝင်လှုပ်ရှားလာစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့အမြင်ပေါ့နော်။ဒီလွှတ်တော်နဲ့ ဒီအစိုးရက ဒီပါတီကလူတွေချည်းပေါ့နော်။အရင်လို ဘဲ လက်ဝါးရိုက်ပြီးတော့ လုပ်သွားကြမှာလားဆိုပြီး မေးခွန်းတွေခဏခဏ အမေးခံရပါတယ်။ကျမတို့ကတော့ အဲလိုမျိုးစိတ်ထဲမှာမရှိပါဘူး။ဒီလွှတ်တော်၊ဒီအစိုးရ၊ဒီပါတီထဲကလူတွေဆိုတာတော့မှန်ပါတယ်။ဒါပေမယ့် ဒီလွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့နေရာကိုရောက်လာပြီးဆိုရင် ကျမတို့ မျက်နှာမူရတာ ပြည်သူကိုပါ။

ပြည်သူကရွေးချယ်တင်မြှောက်ထားလို့ ဒီနေရာကိုရောက်လာတာဖြစ်တဲ့အ တွက်ကြောင့် ကျမတို့မှာ ပါတီစွဲလည်းမရှိပါဘူး။လူမျိုးစွဲလည်းမရှိပါဘူး။ပြည်သူကိုမျက်နှာမူရတဲ့သူတွေဖြစ်တဲ့ အတွက် ပြည်သူ့အတွက်ကိုဘဲ လုပ်သွားမှာပါ။အဲဒါကြောင့် လိုအပ်မဲ့နေရာတိုင်းမှာ ကျမတို့က အပြန်အလှန်ထိန်းကျောင်းသွားမှာပါ။

MD – ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့အတွက် Mawlamyine Daily မှ ကျေးဇူးတင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s